Tuesday, December 13, 2016

ဇမ္ဗူသီရိမြို့နယ်တွင် ပြည်သူလူထုအခြေပြု အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး



နေပြည်တော်၊ ဒီဇင်ဘာ - ၁၂
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးနေလျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် စာကြည့်တိုက်၌ကျင်းပခဲ့သည်။


အသိပညာပေးဟောပြောရာတွင် မိခင်/ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ ဦးစီးအရာရှိ ဒေါက်တာ မြတ်မြတ်ခိုင် က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်သူနာပြု အဆင့်(၁) ဒေါ်ငြိမ်းငြိမ်းလှ က တီဘီရောဂါဖြစ်ပွားရခြင်း အကြောင်းနှင့် ကူးစက်မှုပုံစံများ၊ တီဘီရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အခမဲ့ စစ်ဆေးကုသပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်နှင်းယုခိုင် က ဇီကာဗိုင်းရပ်အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ လက်ထောက်ကျန်းမာရေးမှူး ဒေါ်တင်မာအေး က HIV /AIDS ရောဂါအကြောင်း သိကောင်းစရာများကို လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။
ကျန်းမာရေးစောင့်ရှောက်မှု မပေးခင်မှာ ပြည်သူလူထုအတွင်း ကျန်းမာရေးဆိုင်ရာအသိပညာ ဗဟုသုတများကို သိရှိနားလည်ကာ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လာနိုင်အောင် ကနဦးဟောပြော ဆွေးနွေးကြောင်း၊ မေးမြန်းဆွေးနွေးလာသော ကျန်းမာရေးဆိုင်ရာများကို ပြန်လည်ရှင်းလင်းဆွေးနွေး ပေးပြီး ပြည်သူများနှင့်အတူ ကျန်းမာရေးနှင့်အညီ လက်ဆေးခြင်းလုပ်ငန်းကို အတူတကွဆောင်ရွက်ပေးကြောင်း မြို့နယ်သူနာပြု အဆင့်(၁) ဒေါ်ငြိမ်းငြိမ်းလှ က ပြောကြားသည်။
ထို့နောက် ဒေါက်တာ မြတ်မြတ်ခိုင် နှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment