Wednesday, December 7, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) စီမံကိန်းဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလီယံ ချေးယူရန်ကိစ္စကို ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် လွှတ်တော်က အတည်ပြုလိုက်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက သန်လျင်တံတားအမှတ်-၃သည် သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ချိတ်ဆက်သည့် အဓိက တံတားတစ်ခုဖြစ်သည့်အပြင် မဲခေါင်ဒေသတွင်း နိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက်လည်း အနာဂတ်တွင် အဓိကအရေးပါ သော တံတားတစ်ခုဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၏ အကျိုးအတွက်သာမက ပြည်ထောင်စု တစ်ခုလုံး၏ အကျိုးအတွက်ဟု မှတ်ယူနိုင်ပါကြောင်း၊ ဤစီမံကိန်းများမှတဆင့် နိုင်ငံတော်၏အခွန်အခရငွေများ တိုးတက် ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ထို့အတူ ချေးငွေချေးယူရေး ကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တံတား တည်ဆောက်ပြီးပါက တံတားဖြတ်သန်းခကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံလျှင် နိုင်ငံတော် Revenue သို့ ပေးသွင်းသွား နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ၀င်ငွေစာရင်းတွင် နှစ်စဉ်ရရှိသွားမည်ဖြစ်ပြီး တံတားပေါ်ဖြတ်သန်းချိန် တစ်နာရီကျော်ခန့် သက်သာသွားသည့်အတွက် စီးပွားရေး၊ လုပ်ငန်းဝင်ငွေ တိုးတက်မှုနှင့် ယာဉ်များအတွက် အထွေထွေ ကုန်ကျစရိတ် သက်သာ ခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့ပြင် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ထားကြောင်းနှင့် ယင်းဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ထို့နောက်  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင် အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာနှင့် ငွေရေး ကြေးရေးစနစ်တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြပြီး ယင်း အစီရင်ခံစာများကို လွှတ်တော်က မှတ်တမ်းတင်သည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအ၀င် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာလင်း လင်းကျော်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်တို့က အကြံပြုဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူကုန်ကူးမှုအထူးသဖြင့် အမျိုးသမီးများနှင့် ကလေး သူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်း ရှင်းသို့ မြန်မာနိုင်ငံမှအတည်ပြု ၀င်ရောက်ရန်ကိစ္စ နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုပါကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ခြင်းဖြင့် အာဆီယံဒေသတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အထူးပြုသည့် လူကုန်ကူးမှုလျော့နည်း လာခြင်း၊ လူကုန်ကူး ခံရသူများအတွက် တရားမျှတမှုရရှိခြင်း၊ တရားဥပဒေစိုးမိုးခြင်းနှင့် ထိုက်သင့်သော တရားစွဲဆိုခြင်း များ၊ လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ပေးခြင်း၊ လွတ်လပ်၍မျှတသော ပြုမှုဆက်ဆံခြင်းများ ရရှိစေပြီး အဖွဲ့ဝင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အပြင် အထူးသဖြင့် ပြည်ပအလုပ် လုပ်ကိုင်ရန် အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ရသည့် မြန်မာနိုင်ငံသားများအတွက် ပိုမိုအကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်နာယက က ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၉၃၉၇၀ သန်းချေးယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို သက်သာသော အတိုးနှုန်းထားဖြင့်နိုင်ငံတကာ ချေးငွေရယူတည်ဆောက်ခြင်းကို ထောက်ခံပါကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ချက်လုပ်ငန်းများသည် အများပြည်သူအကျိုးအတွက် အမှန်တကယ် လိုအပ်ချက်များကို ရွေးချယ်ပြီးထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ အမြဲစစ်ဆေးရန်၊ ကြီးကြပ်ရန်၊ သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ခွင့်ပြုပေးထားသည့် ပြည်ထောင်စုလွှတ်တော်ကို အနည်းဆုံး ၆လတစ်ကြိမ် သက်ဆိုင်ရာက ရှင်းလင်း တင်ပြရန် အကြံပြုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း နိုင်ငံတကာချေးငွေများ ရရှိရေး အတွက် ဆောင်ရွက်နေကြသကဲ့သို့ ပြည်ထောင်စုလွှတ်တော်က လည်းခွင့်ပြုပေးနေပါကြောင်း၊ အကောင်အထည်ဖော် ရန်သာ အဓိကကျပါကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် ဘဏ္ဍာငွေဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စဉ်းစားဆောင်ရွက်သင့် ပါကြောင်းဖြင့် ဆွေးနွေးသည်။
ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းက မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကို အခြေခံ သည့် လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသည့် တောင်သူများက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေရေးဖူလုံရေးအတွက် အဓိကထား ကြိုးပမ်းဆောင်ရွက်နေသူ များဖြစ်ပါကြောင်း၊ ယခုချေးငွေကြောင့် တောင်သူလယ်သမားများအတွက် ကာလရှည်ထုတ်ချေးနိုင်ခြင်း၊ လယ်ယာ လုပ်ငန်းရှင်များ၏ ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေခြင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ခြင်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စီးပွားရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေခြင်းတို့ကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ မိုးညိုမဲဆန္ဒနယ်မှ  ဦးကျော်မျိုးမင်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဒေါက်တာတင်တင်ဝင်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ  ဒေါ်ယဉ်မင်းလှိုင်၊ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ သာပေါင်းမဲဆန္ဒနယ်မှ  ဦးသိန်းထွန်း၊ ဒီပဲယင်း မဲဆန္ဒနယ်မှ  ဦးဝင်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်း၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးတို့က ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသည်။

မျိုးမြင့်(သတင်းစဉ်)

No comments:

Post a Comment