Thursday, December 8, 2016

ပုလဲမြို့နယ်တွင် တရားမ၀င်သစ် ခြောက်တန်ကျော် သယ်ဆောင်လာသော မော်တော်ယာဉ်အား ဖမ်းဆီးရမိ

ပုလဲ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမ၀င်သစ်များ ခိုးယူခြင်း၊ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၁နာရီက တရားမ၀င်သစ် ခြောက်တန်ကျော်များ သယ်ဆောင်လာသော မော်တော်ယာဉ် တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ လဲကန်ရဲစခန်းမှူး ရဲအုပ်ချစ်ဆန်းမောင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာန တောအုပ်ဦးဘိုဘိုနှင့် ၀န်ထမ်းများ၊ လဲကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ရွှေတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၈ ရက်၊ နံနက် ၁နာရီအချိန်က လဲကန်ကျေးရွာ၏ မြောက်ဘက် (၃) မိုင်ခန့်အကွာ ၀က်ကျ-၅၅မိုင်သွား ကားလမ်းတွင် ယာဉ်မောင်းဘိုဘိုအောင်၊ ကြက်ရင်းကျေးရွာ၊ ပုလဲမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဖိုးဆန်း၊ ၅၆ မိုင်စခန်း နေသူနှင့် ဇာနည်ဦး၊ ၅၅ မိုင်စခန်းနေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် MGY- 3A / ---- ဟီးနိုး (ရိန်းဂျား) ၊ ခေါင်းတို စိမ်းပြာကြား ဘော်ဒီခဲရောင် (၆) ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်၌ တရားမ၀င် သယ်ဆောင်လာသော ပိတောက်သစ် ထောင့်တုံး ၃၃ တုံး (၅ ဒသမ ၇၉၃၀တန်)၊ သင်းဝင်သစ်ထောင့်တုံး ၂တုံး (၀ ဒသမ ၄၀၅၀ တန်)နှင့် အင်ကြင်းသစ်ထောင့်တုံး ၁တုံး(၀ဒသမ၁၃၁၂တန်) စုစုပေါင်း ၃၆တုံး (၆ ဒသမ ၃၂၉၂ တန်)ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော တရားမ၀င်သစ် ပိတောက်နှင့် သစ်မာမျိုးစုံ ၃၆ တုံးကို ပုလဲမြို့နယ်သစ်တောဦးစီးဌာနရုံးသို့ သယ်ဆောင် ထိန်းသိမ်းထားရှိပြီး တရားမ၀င်သစ်များ သယ်ဆောင်လာသည့် (၆)ဘီး မော်တော်ယာဉ်အား ပုလဲမြို့မရဲစခန်း တွင် ထိန်းသိမ်းထားရှိမည် ဖြစ်ကြောင်းနှင့် ယာဉ်မောင်းဖြစ်သူ ဘိုဘိုအောင်၊ ယာဉ်ပေါ်ပါ ဖိုးဆန်းနှင့် ဇာနည်ဦးတို့အား လဲကန်ရဲစခန်းမှူး ရဲအုပ် ချစ်ဆန်းမောင်မှ ပုလဲမြို့မရဲစခန်း၏ ပြစ်မှုအမှတ်(ပ)၁၅၀/၂၀၁၆၊ ဥပဒေပုဒ်မ ပြည်သူပိုင် ၆( ၁ ) ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သတင်းရရှိသည်။


 မြို့နယ်ပြန်/ဆက်

No comments:

Post a Comment