နေပြည်တော် ဒီဇင်ဘာ ၈
မြန်မာနိုင်ငံ မီဒီယာ လွတ်လပ်ခွင့် တိုးမြှင့်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို
ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန မြေညီထပ် စုဝေးခန်းမ၌
ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကား ပြောကြားသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက Article 19 သည် အဓိကအားဖြင့်
Freedom of Expressing ကို မြှင့်တင်နေသည့် အဖွဲ့၊ လွတ်လပ်ခွင့်ကို ပိတ်ပင် တားဆီးခံရသည့်
ကိစ္စများနှင့် ပတ်သက်ပြီး ကူညီ ဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်း အဖြစ် မိမိတို့ သိရှိထားပါကြောင်း၊
မိမိတို့ အနေဖြင့် အဖွဲ့၏ ဆောင်ရွက်ချက်များကို တန်ဖိုး ထားပါကြောင်း။
ပြန်ကြားရေး ၀န်ကြီးဌာနသည် အသွင် ကူးပြောင်းရေးကို ဖော်ဆောင်နေသည့်
Democratic Transition ကို သွားနေသည့် အစိုးရ၏ ၀န်ကြီးဌာန တစ်ခုဖြစ်ပြီး သက်ဆိုင်သည့်
ကဏ္ဍများတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
အောင်မြင်ရန် ဆောင်ရွက် နေပါကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်သည် ဒီမိုကရေစီ၏
အနှစ်သာရ တစ်ခု ဖြစ်သည့် အတွက် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့်လည်း ဆောင်ရွက်ရမည့်
အလုပ်တစ်ခုအနေဖြင့် တန်ဖိုးထားပြီး လုပ်ဆောင် နေပါကြောင်း။
စာနယ်ဇင်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ ပုံနှိပ် ထုတ်ဝေရေး ဥပဒေ စသည်ဖြင့် ဥပဒေများ
ရေးဆွဲရာတွင် လွတ်လပ်ခွင့်ကို ဦးတည် ပါကြောင်း၊ သို့သော် ရှိနေသည့် အခြေအနေများနှင့်လည်း
ဝေးကွာ၍ မရနိုင်သည့် အတွက် ဥပဒေများသည် နိုင်ငံတကာ စံနှုန်းများနှင့် ချိန်ကြည့်ပါက
လိုအပ်မှုများ၊ မဆီလျော်၊ မညီညွတ်မှုများ ရှိနိုင်ပါကြောင်း။
လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် ရှိနေပြီး လွတ်လပ်မှုကို လက်တွေ့ ကျင့်သုံးသည့်
အပိုင်းတွင် အလေ့အကျင့် ကောင်းကောင်း မရသေးသည့် အတွက် လွတ်လပ်သော စာနယ်ဇင်းများ ဖြစ်သကဲ့သို့
တာဝန်ခံမှု ရှိသော၊ မိမိ၏ ရေးသားချက်ကို တာဝန် ယူမှုရှိသော စာနယ်ဇင်း ဖြစ်ရန်လည်း လိုအပ်ပါကြောင်း။
အကူးအပြောင်းများ ဆောင်ရွက်ရာတွင် ပုံစံကျဖြစ်ရန် လုံခြုံမှုနှင့် တည့်မတ်မှု ရှိရန်အတွက်
အခြေခံ အဆောက်အအုံ ပြင်ဆင်သည့် အပိုင်းကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင်
လက်တွေ့ လုပ်ဆောင်သည့် အစိတ်အပိုင်းတွင်လည်း လိုက်လျော ညီထွေ ပြောင်းလဲရန် လိုအပ်ပါကြောင်း၊
ပြောင်းလဲသည့် အခါတွင် ခြေလှမ်း ညီညီဖြင့် သွားနိုင်ရန် အရေးကြီးပါကြောင်း၊ ဥပဒေအား
လွတ်လပ်ခွင့်ကို ဦးတည်ပြီး ပြင်ရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ခွင့် အပြည့်အ၀ဆုံး အနေအထား
ရအောင်သွားရမည် ဖြစ်ပါကြောင်း၊ သို့သော် ကျင့်သုံးနိုင်ရန် အဆင်သင့်မဖြစ်ဘဲ ဥပဒေက အပြည့်ဝဆုံး
အနေအထား ရောက်သွားပါက ဖြစ်လာနိုင်သည့် ပြဿနာများ ရှိပါကြောင်း၊ ထို့ကြောင့် ဥပဒေကို
ပြင်ဆင်ရာတွင် ပီပီသသဖြစ်အောင် ပြင်စေလိုပါကြောင်း၊ ဥပဒေ အားလုံးသည် ဒီမိုကရေစီ နိုင်ငံအတွက်
လိုလားအပ်သည့် ဥပဒေများ ဖြစ်ပါကြောင်း၊ ဥပဒေများသည် ပီပီသသ တင်းပြည့် ကျပ်ပြည့်ရှိသည့်
ဥပဒေများ ဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်သည့် အခါတွင် အဆိုပါ
ဥပဒေကို အမှန်တကယ် လက်တွေ့လိုက်နာ ကျင့်သုံးနိုင်သည့် အနေအထား ဖြစ်အောင် ကြိုတင် ပြင်ဆင်သည့်
အလုပ်များကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် Myanmar Journalists Association ၏ တွဲဘက် အတွင်းရေးမှူး ဒေါ်လတ်လတ်စိုးနှင့်
Article 19 မှ စီမံကိန်းမန်နေဂျာ ဒေါ်ယဉ်ရတနာသိန်းတို့က ဆွေးနွေးပွဲ ရည်ရွယ်ချက်များကို
ရှင်းလင်း တင်ပြကြသည်။
ထို့နောက် Article 19 မှ Senior Legal Officer မစ္စတာ ပီယဲ ဒေါ့ကွီယာက ရုပ်သံလွှင့်
မီဒီယာနှင့် စည်းကမ်း ထိန်းသိမ်းခြင်း၊ ပြည်သူ့ဝန်ဆောင်မှု မီဒီယာနှင့် သတင်း မီဒီယာဥပဒေကို
နိုင်ငံတကာ စံနှုန်းများဖြင့် ချိန်ထိုး ဆွေးနွေးခြင်း အစီအစဉ်များကို ဦးဆောင်ပြီး
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ
တာဝန်ရှိတို့က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ဆက်လက်၍ မစ္စတာ ပီယဲ ဒေါ့ကွီယာနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက
သတင်း အချက်အလက် သိရှိခွင့်ဥပဒေနှင့် ပြည်သူလူထုသို့ ကျယ်ပြန့်စွာ မိတ်ဆက်ခြင်း အစီအစဉ်ကို
အပြန်အလှန် ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:
Post a Comment