နိုင်ငံတော်နှင့် ပြည်သူများ အတွက် နိုင်ငံရေး၊
တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ စီးပွးရေးတို့ကို ထိခိုက် ပျက်စီးစေသော တရားမ၀င် လောင်းကစားမှုများကို
ထိရောက်စွာ ဟန့်တား၍ အရေးယူ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း
အဆိုကို သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင်
တင်သွင်းခဲ့ရာ ယင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ပြုကြောင်းဆုံးဖြတ်ခဲ့သည်။
ထို့ပြင်
တွံတေးမဲဆန္ဒနယ်မှ ဦးမင်းလွင်၏ ကျောင်းဆရာ၊
ဆရာမများ၏ အပြောင်းအရွေ့ ကိစ္စများအား စာသင်နှစ် အတွင်း ပြုလုပ်ပေးနေသည့် စနစ်နေရာတွင်
နွေရာသီ ကျောင်းပိတ်ရက် ကာလ၌သာ ပြုလုပ်ပေးမည့် စနစ်အဖြစ် အစားထိုးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်
စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံတော်အစိုးရအနေဖြင့်
အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ရာထူးတိုး/အပြောင်းအရွှေ့ကိစ္စများကို နွေရာသီကျောင်း
ပိတ်ရက်ကာလ အတွင်း ပြုလုပ်လေ့ရှိပါကြောင်း၊ ကျောင်းပိတ်ရက် မဟုတ်သည့် စာသင်နှစ်အတွင်း
(ကြားကာလအတွင်း) ပြစ်ဒဏ်ကြောင့် ပြောင်းရွှေ့ပေးရခြင်း၊ လူမှုရေး အခက်အခဲများ ကြောင့်
ပြောင်းရွှေ့ပေးရခြင်းနှင့် ဒေသလုံခြုံရေးအခြေအနေကြောင့် ပြောင်းရွှေ့ပေးရ ခြင်း၊ အခြားအထူးလိုအပ်ချက်အရ
ပြောင်းရွှေ့ပေးရမှုများ ရှိနိုင်ပါကြောင်း။
နွေရာသီ
ကျောင်းပိတ်ရက် မဟုတ်သည့် ပြောင်းရွှေ့ခြင်းများအတွက် အမြန် ပြန်လည် ဖြည့်ဆည်း ခန့်ထားခြင်းများကို
လုပ်ဆောင်ပေးရပါကြောင်း၊ အခြေခံပညာ ကျောင်းများ မှ ဆရာ၊ဆရာမများ၏ ပုံမှန်ရာထူး တိုး/
အပြောင်းအရွှေ့များကို ၂၀၁၆-၂၀၁၇ ပညာသင် နှစ်မှစ၍ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း
စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။
ထားဝယ်မဲဆန္ဒနယ်မှ
ဦးအောင်စိန်၏ နိုင်ငံတွင်း ပြည်သူများ ဘေးကင်း
လုံခြုံရေးအတွက် မှုခင်းကြိုတင် ကာကွယ်ရေး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်းနှင့်
စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူများ၏ အသက်
အိုးအိမ်၊ စည်းစိမ်၊ ပစ္စည်းဥစ္စာများ လုံခြုံမှုနှင့် ရပ်/ရွာ တည်ငြိမ် အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေမည့် ဓား သို့မဟုတ် ဓားကဲ့သို့သော လက်နက်များ ကိုင်ဆောင်
ကျူးလွန်သည့် မှုခင်းများ လျော့နည်း ကျဆင်းစေရေး အတွက် မှုခင်းကြိုတင် ကာကွယ်ရေးနှင့်
မှုခင်း ကျဆင်းရေး လုပ်ငန်းစဉ်များကို ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊
မိတ်ဖက် အဖွဲ့အစည်းများ၊ ရပ်မိ ရပ်ဖများ၊ ရပ်ကွက် အတွင်းရှိ လူငယ်များ၊ ပြည်သူများ
ပူးပေါင်းပါဝင်သည့် ရပ်ရွာ အခြေပြု (Community Policing)ကို ကျင့်သုံး ဆောင်ရွက်လျက်
ရှိကြောင်း၊ ဥပဒေနှင့် မညီသော ဓား သို့မဟုတ် ဓားကဲ့သို့သော လက်နက်များကိုင်ဆောင်ခြင်းနှင့်
ပတ်သက်၍ အရေးယူ ဆောင်ရွက်ရာတွင် လက်ရှိ ကျင့်သုံးနေသော ဥပဒေများကိုလည်း ပိုမို ပြည့်စုံစေရန်နှင့်
ပြစ်ဒဏ်များ ဥပဒေနှင့် အညီ ထိထိ ရောက်ရောက် ချမှတ်ဆောင် ရွက်နိုင်ရန်အတွက် ပြင်ဆင်
ရေးဆွဲလျက် ရှိကြောင်း၊ လက်ရှိ တည်ဆဲဥပဒေများအရ အရေးယူသည့် တရားမ၀င် လက်နက် ကိုင်ဆောင်မှုများ၊
လက်နက်ကိုင်ဆောင်၍ ကျူးလွန်သည့် မှုခင်းများနှင့် ပတ်သက်၍လည်း ပြစ်မှု ကျူးလွန်သူများအား
ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး အတွက် သက်ဆိုင်ရာ တရားရုံး၊ ဥပဒေရုံးများနှင့်
ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
အလားတူ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်နှင့် ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းတို့၏
ပညာရေးဆိုင်ရာ မေးခွန်းတို့ကို ပညာရေးဝန်ကြီး
ဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က လည်းကောင်း၊ သာစည် မဲဆန္ဒနယ်မှ ဦးသန်းစိုးနှင့်
လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့၏ မြေယာနှင့်
ပြည်ထဲဆိုင်ရာ မေးခွန်းတို့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက
လည်းကောင်း ပြန်လည် ဖြေကြားခဲ့သည်။
ပြည်မဲဆန္ဒနယ်မှ
ဒေါက်တာ ခင်စိုးစိုးကြည်၏ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်
အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာ ဘဏ်ကုမ္ပဏီများကို စနစ်တကျ
ဖွဲ့စည်း၍ ကျေးရွာအရောက် သွားရောက် ချေးပေးသောပုံစံ ပြောင်းလဲ ဆောင်ရွက်ပေးရန် ပြည်ထောင်စု
အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
သဲကုန်းမဲဆန္ဒနယ်မှ
ဦးအောင်သန်းက ယခုအဆိုသည် စိုက်ပျိုးရေးစရိတ် ချေးငွေကို တောင်သူများထံ အမြန်ရောက်ရှိပြီး
လယ်ယာ လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချနိုင်ရန် ရည်ရွယ် ထားပါကြောင်း၊ ယင်းသို့
ဖြစ်ရန်ဆိုပါက မြန်မာ့ လယ်ယာမြေ ကဏ္ဍတွင် ကြုံတွေ့နေရသည့် မြေယာပြသနာများကို အရင်ဆုံးဖြေရှင်းရန်
လိုအပ်ပါကြောင်း၊ တောင်သူများတွင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့များ မရှိပါကြောင်း၊
အဆိုပါ အဖွဲ့အစည်းများ ဖွဲ့စည်းပြီးမှသာ ကျေးရွာဘဏ် ကော်မတီများကို စနစ်တကျ ဖွဲ့စည်းပြီး
ကျေးရွာအရောက် ငွေချေးသည့် ပုံစံကိုလုပ်နိုင်မည် ဖြစ်ပါကြောင်း၊ စိုက်စရိတ် ချေးငွေများသည်
လယ်ယာမြေ ဥပဒေအရ ပုံစံ(၇) ရှိသူများကိုသာ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ မြေပြင်တွင် ပုံစံ(၇)များမှာလည်း
ဖောင်းပွနေပါကြောင်း၊ ယင်းကို ပြန်လည်စိစစ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အိမ်တိုင်ရာရောက်
ချေးငွေ ထုတ်ပေးမှုပုံစံမှာ မိမိတို့နိုင်ငံအနေဖြင့် အတွေ့အကြုံ ရှိပြီဖြစ်ပါကြောင်း၊
သို့သော်လည်း ယခုအချိန်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ၀န်ထမ်း အင်အားဖြင့်
နည်းပါးနေပါကြောင်း၊ ချေးငွေပမာဏမှာ များပြားသည့်အတွက် လုံခြုံရေးအင်အားကို ကြိုတင်
တွက်ဆပြင်ဆင်ရမည် ဖြစ်ကြောင်း၊ စိုက်စရိတ်ချေးငွေမှာ နောက်ကျနေသည့် အတွက် အဆိုပါ အချက်ကို
ပြင်ဆင်သင့်ပါကြောင်းဖြင့် အကြံပြုဆွေးနွေးသည်။
အလားတူ
ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ရွာငံမဲဆန္ဒနယ်မှ
ဦးအောင်စိုးမင်း၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ ကလေးဝမဲဆန္ဒနယ်မှ ဦးသန်းထွန်းမြင့်၊
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်မင်းဟန်နှင့် စဥ့်ကိုင်မဲဆန္ဒနယ်မှ
ဒေါက်တာ ကြည်မို့မို့လွင်တို့က အကြံပြု ထောက်ခံ ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်
စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ အောင်သူက ချေးငွေပမာဏမှာ ၁၉၉၃- ၁၉၉၄ ခုနှစ် တွင် စုစုပေါင်း ကျပ်(၂) ဘီလီယံကျော်သာရှိပြီး
ယခုလက်ရှိ ချေးငွေပမာဏ ကျပ် (၁၇၀၀) ဘီလီယံခန့် ဖြစ်ပါကြောင်း၊ များပြားလှသော ငွေပမာဏကို
သယ်ဆောင်၍ ၀န်ထမ်းများ ကျေးရွာအရောက် သွားရောက်ရာတွင် ငွေကြေးလုံခြုံရေး၊ ၀န်ထမ်း လုံခြုံရေးမှာ
အထူး အလေးထား စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် Transportation Charges များစွာ တက်လာမည်
ဖြစ်ပါကြောင်း၊ ဘဏ်ရုံးတွင် ငွေချေးပါက တစ်နေ့တည်း တွင်(၂)ရွာ၊ (၃)ရွာ ချေးပေးနိုင်သော်လည်း
ရွာဆင်းချေးပါက ရုံးနောက်ချန် အဖွဲ့လည်း ချန်ထားရဦး မည်ဖြစ်၍ ချေးနိုင်သည့် ပမာဏ ရာခိုင်နှုန်း
နည်းသွားနိုင်မည်ဟု ယူဆရပါကြောင်း၊ သို့ဖြစ်၍
အဆိုကို မှတ်တမ်းတင် ထားရှိသင့်ပါကြောင်း ပြန်လည် ရှင်းလင်းသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်က
မှတ်တမ်းတင် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
မျိုးမြင့်(သတင်းစဉ်)

No comments:
Post a Comment