နေပြည်တော် ဒီဇင်ဘာ ၈
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကို
ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏
အထက် တန်းရှေ့နေလိုင်စင် သက်တမ်းတိုးရာတွင်
သက်တမ်းတိုးနောက်ကျခဲ့သော အထက်တန်း ရှေ့နေများအား မြို့နယ်တရားရုံး (၅)ရုံးမှ မြှို့နယ်တရားသူကြီး(၅)ဦး၏
ထောက်ခံချက်ပေးမှသာ လိုင်စင်သက်တမ်း တိုးပေးနေသော စနစ်အား ပြောင်းလဲပြင်ဆင်ပေးရန်နှင့်
ရှေ့နေလိုင်စင် သက်တမ်းတိုးရာတွင် တစ်နှစ်တစ်ခါ ပုံမှန်သက်တမ်းတိုးခြင်း မဟုတ်ဘဲ ၂
နှစ် သို့မဟုတ် ၃ နှစ်တစ်ခါ သက်တမ်းတိုးစနစ်သို့ ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီး ဦးစိုးညွန့်က အထက်တန်းရှေ့နေလိုင်စင် သက်တမ်းတိုးရန် ၁၉၅၅ ခုနှစ် ရှေ့နေအဖြစ်
ဝင်ခွင့်နည်းဥပဒေ၌ အောက်တိုဘာ ၁ ရက်နေ့ ကို သတ်မှတ်ထားပါကြောင်း၊ သက်တမ်းတိုးရမည့်
နောက်ဆုံးနေ့ရက်ကို အထက်တန်း ရှေ့နေများအနေဖြင့် သိရှိပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း၊
အထက်တန်းရှေ့နေ တစ်ဦးသည် သတ်မှတ်ထားသည့်နေ့ သို့မဟုတ် ယင်းနေ့မတိုင်မီ လိုင်စင်သက်တမ်းတိုး
လျှောက်ထားပါက မြို့နယ်တရားရုံး ၅ ရုံးမှ မြို့နယ်တရားသူကြီး ၅ ဦး၏ ထောက်ခံချက် တင်ပြရန်
မလိုအပ်ပါကြောင်း။
အထက်တန်းရှေ့နေတစ်ဦးသည် သတ်မှတ်ထားသော အောက်တိုဘာ ၁ ရက် သို့မဟုတ် ယင်းနေ့မတိုင်မီ
လျှောက်ထားရန် ပျက်ကွက်ခဲ့ပြီး သက်တမ်းတိုးရန် နောက်ကျပါ က အထက်တန်းရှေ့နေလိုင်စင်
သက်တမ်းကုန်ဆုံးနေသည့် ကာလအတွင်း တရားရုံးများတွင် အမှုလိုက်ပါ ဆောင်ရွက်ခြင်းမရှိကြောင်း
ထင်ရှားစေရန် သက်ဆိုင်ရာမြို့နယ် တရားရုံး ၅ ရုံး၏ ထောက်ခံချက်ကို တင်ပြရခြင်းဖြစ်ပါကြောင်း၊
ဥပဒေအရ မြို့နယ်တရားရုံး ၅ ရုံးဟု သတ်မှတ် ထားသော်လည်း အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့သည့်
ခရိုင်တရားရုံးလက် အောက်၌ မြို့နယ်တရားရုံး ၂ ရုံး သို့မဟုတ် ၃ ရုံး ရှိပြီး အဆိုပါတရားရုံးများ၏
ထောက်ခံ ချက်ဖြင့် တင်ပြလာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ လက်ခံဆောင်ရွက်ပေးလျက်
ရှိပါကြောင်း၊ သတ်မှတ်ကာလအတွင်း လိုင်စင်သက်တမ်းတိုးရန် နောက်ကျခဲ့သည့် အထက် တန်းရှေ့နေတစ်ဦးအနေဖြင့်
မိမိစာရင်းတင်သွင်းခဲ့သော ခရိုင်အတွင်းရှိ မြို့နယ်တရားသူကြီး ၅ ဦးတို့၏ ထောက်ခံချက်ကို
တင်ပြရသည့်စနစ်နှင့် ရှေ့နေလိုင်စင် သက်တမ်းတိုးရာတွင် တစ်နှစ်တစ်ခါ သက်တိုးစနစ်ကို
ပြောင်းလဲပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ လွိုင်ကော်မြို့တော်ကို ဖြတ်သန်း စီးဆင်းလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး
လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ကယားပြည်နယ် လူမှုစီးပွားဘ၀ မြင့်မားရေးအတွက် အသက်သွေးကြောဖြစ်သော
ဘီးလူးချောင်းတိမ်ကောမှုအား နိုင်ငံတော်မှ ထိန်းသိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဘီးလူးချောင်းသည်
မိုးဗြဲဆည်မှ လွိုင်ကော်မြို့ အောက် ဒေါတချားရေထိန်းတံခါးအထိ ၂၇ မိုင် ရှည်လျားပါကြောင်း၊
ဘီလူးချောင်း ရေရှည် စီးဆင်းနိုင်ရေးအတွက် ရေလမ်းကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ
ဆောင်ရွက်ရန် ကယားပြည်နယ် အစိုးရအဖွဲ့မှ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုသီးသန့်
ရန်ပုံငွေ ကျပ် ၂ ဘီလီယံ သုံးစွဲခွင့်ရရှိထားပြီး ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို
မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း။
ကွင်းဆင်းလေ့လာစစ်ဆေးမှု ရလဒ်များအရ လွိုင်ကော်မြို့အထက် မှုံပြာရွာမှဒေါတချား
ရေထိန်းတံခါး အထိ ရေစီးလမ်းကြောင်းအတွင်း ပိတ်ဆို့နေသော သဲသောင်များ ဖယ်ရှားရှင်း လင်းခြင်းနှင့်
ကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်ဆည်မြောင်းဦးစီး ဌာနမှ ၂၀၁၅
ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၁၇ ရက်အထိ မှုံပြာရွာနှင့် ကျောက် ပြားစက်တံတားအကြား၊
ကျောက်ပြားစက်တံတားနှင့် ဂျပန်တံတားအကြား၊ ဂျပန်တံတားနှင့် နန်းကွက်အကြား သဲနှုန်းပို့သော
နေရာများအား ဖယ်ရှားခြင်း၊ ကျောက်ပြားစက်တံတားနှင့် ဂျပန်တံတားအကြား ကျောက်စီမြေထိန်းနံရံ
တည်ဆောက်ခြင်း၊ ဒေါတချားရေထိန်းတံခါး အထက်ရှိ ကျွန်းမွှာ ၁၃ မွှာ ဖယ်ရှားခြင်း တို့ကို
ဆောင်ရွက်ခဲ့ပါကြောင်း။
မိုးဗြဲရေလှောင်တမံမှ ဓာတ်အားပေးစက်ရုံများသို့ ထုတ်လွှတ်လိုက်သောရေသည် ဘီလူးချောင်းမှတဆင့်
ဓာတ်အားပေးစက်ရုံများအထိ ချောမွေ့စွာ ရောက်ရှိစေရန် ၀န်ကြီးဌာန မှ ပုံမှန်စစ်ဆေးထိန်းသိမ်းမှုများ
ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘီလူးချောင်း တိမ်ကောနေမှု အခြေအနေကိုလည်း စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပြီး
လေ့လာ ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ ဦးခွန်သိန်းဖေ၊ မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ် (၂)မှ ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးညီစိန်၊
ရခိုင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)
မှ ဦးခင်ဝင်းတို့၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း တင်သွင်းသည့်
မောင်တောခရိုင် အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး
အသက်အန္တရာယ်ကင်းဝေးပြီး စားဝတ်နေရေး အဆင်ပြေစွာ ဘ၀လုံလုံခြုံခြုံ ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ
ကျူး ကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုး
ရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်းပြီး အဆိုရှင်က ပြန်လည်ရုပ်သိမ်းခွင့်ပြုရန်
တင်ပြ ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်၏ ဆန္ဒကိုရယူ၍ အဆိုအား
ရုပ်သိမ်းခွင့်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ဒီဇင်ဘာ
၉ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
(သူရဇော် - သတင်းစဉ်)

No comments:
Post a Comment