နေပြည်တော် ဇူလိုင် ၂၅
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်အဆောက်အဦ၌ စတင် ကျင်းပရာ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး
ကတိ
သစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကြယ်ပွင့်ပြမေးခွန်း
(၆)ခု မေးမြန်းခြင်းနှင့် ဖြေ ကြားခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍
ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုကို ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်းများ
ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး
ဖြစ်သည့် ဗိုလ်မှူးချုပ် ၀င်းကိုကို နှင့် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်တို့က
ကတိ သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက် ကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင်
ပြည်သူ့ဆန္ဒသဘောထား များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏
အဓိက တာဝန်ဖြစ်ပါကြောင်း၊ ပြည်သူလူထု ခံစားနေရသည့် အခက်အခဲများ၊ အကြပ်အတည်းများ၊ ပြဿနာ
များအား မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများအဖြစ် ပြောင်းလဲပြီး လွှတ်တော်တွင် တင်သွင်းဆောင်ရွက်
ကြရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ကြရာတွင် ကောင်းစေချင်သည့် စိတ်ရင်းစေတနာအမှန်ဖြင့်
ဆောင်ရွက် ကြသည် ဆိုခြင်းကို နားလည်သော်လည်း ကိုယ်စားလှယ်များသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊
နည်းပဒေ များနှင့်အညီ နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်သွားကြရန် အထူးအရေးကြီးသည်ကို
ပြောကြား လိုပါကြောင်း၊ ပြည်သူများက အားကိုးယုံကြည်စွာ ရွေးချယ်တာဝန်ပေးလိုက်သည့် ပြည်သူ့
ကိုယ်စားလှယ်များသည် အရည် အချင်းပြည့်ဝနေမှသာ ဥပဒေပြုရေးမဏ္ဍိုင်၏ ဂုဏ်သိက္ခာ ဆက်လက်မြင့်မားနေမည်ဖြစ်ပြီး
လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးတာဝန်ကို ပီပြင်စွာထမ်းဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမောင်မြင့် ၏ မင်းကင်းမြို့တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့်
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို မည်သည့်အတွက်ကြောင့် ကြန့်ကြာရသည်၊ မည်သည့်အချိန်တွင်
ဓာတ်အားဖြန့်ဖြူးမှု ဆောင်ရွက်နိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မင်းကင်းမြို့
လျှပ်စစ် ဓာတ်အားရရှိရေး အတွက် ၆၆ ကေဗွီ ဘုတလင်-ကနီ- မင်းကင်း ဓာတ်အားလိုင်း ၆၆ ဒသမ
၇ မိုင်နှင့် မင်းကင်းဓာတ်အားခွဲရုံ စီမံကိန်းအား
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပစ္စည်းများ ၀ယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း ၊ အဆိုပါ
စီမံကိန်းအတွက် ၀ယ်ယူ ထားသောပစ္စည်းများ ရောက်ရှိထားသော်လည်း ၂၀၁၅ ခုနှစ် မိုးရာသီတွင် မိုးများ၍ လမ်းများပျက်စီးပြီး
ကားများသွားလာ၍ မရသဖြင့် ပစ္စည်းများကို လုပ်ငန်းခွင်သို့
ပို့ဆောင်၍ မရခြင်း ၊ ဓာတ်အားလိုင်းတည်ဆောက်ရန် တောင်ကုန်း၊ တောင်တန်းများ ကို ဖြတ်သန်းရခြင်းနှင့်
တောင်ထိပ်ပေါ်သို့ ကွန်ကရစ်တိုင်များကို ခက်ခဲစွာသယ်ယူရခြင်း၊ စီမံကိန်းအတွက် လျာထားရန်ပုံငွေ
လုံလောက်စွာမရရှိခြင်း စသည်တို့ကြောင့် ကြန့်ကြာရခြင်းဖြစ်ပါကြောင်း
။
ထို့အပြင် ဓာတ်အားလိုင်းတည်ဆောက်မည့်
လမ်းအူကြောင်းသည် ချင်းတွင်းမြစ် ကျော်တာဝါကြီးများ ဖြတ်သန်းတည်ဆောက်ရမည်ဖြစ်သဖြင့်
မြစ်ကျော် တာဝါတိုင်ကြီး များအား ဒီဇိုင်းရေးဆွဲ၍ အမြန်ရရှိအောင် စီမံဆောင်ရွက်ခဲ့ရပါကြောင်း၊
ယနေ့အထိ ၆၆ ကေဗွီ ဘုတလင်-ကနီ- မင်းကင်း ဓာတ်အားလိုင်း တည်ဆောက် ပြီးစီးမှုမှာ ၇၂ ဒသမ
၈၃ ရာခိုင်နှုန်း နှင့် မင်းကင်းဓာတ်အားခွဲရုံမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊
ယခုနှစ်မိုးရာသီတွင်လည်း မိုးများသည်းထန်စွာ ရွာသွန်း၍ တည်ဆောက်ရေး လုပ်ငန်းများအား
ခက်ခဲစွာ ဆောင်ရွက်နေရပါသဖြင့် မင်းကင်းမြို့သို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင်
ဓာတ်အားဖြန့်ဖြူးနိုင်ရေး ရည်မှန်းကြိုးပမ်း
ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ မဏိပူရစီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက ဒေသခံများနှင့်
နိုင်ငံတော်အတွက် ရေရှည်တွင် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာစွာ
ချပြပြီး ဆောင်ရွက်ရန် ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး
ဦးဖေဇင်ထွန်းက မဏိပူရ်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို ယခင် လယ်ယာ စိုက်ပျိုးရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာနမှ ၂၀၀၄-၂၀၀၅ ခုနှစ်မှ စတင်ကာ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်နိုင်ငံတော် သမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်သို့
သွားရောက် ခဲ့သည့် ခရီးစဉ် အတွင်း မဏိပူရ်စီမံကိန်း၏ တာတမံပိုင်းဆိုင်ရာ တည်ဆောက်မှုလုပ်ငန်းများကို
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး
လုပ်ငန်းပိုင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ရန် ညွန်ကြားခဲ့ပါသဖြင့်
စိန်အင်တာပရိုက်ကုမ္ပဏီ ၊ China Harbour Engineering Co.Ltd၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနတို့ ညှိနှိုင်းဆွေးနွေး၍
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကို
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူ
ပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြည်သူလူထု
သို့ ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ
အတည်ပြု၍ ပေးပို့လာသော ရန်ကုန်မြို့တော် စည်ပင်
သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို
ရုပ်သိမ်းသည့် ဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏
အဆုံးအဖြတ်ကို ရယူ၍ အတည်ပြုသည်။
No comments:
Post a Comment