Thursday, July 9, 2015

အခြေခံမဲဆန္ဒရှင်စာရင်းတွေမှာ အမှားအယွင်းတွေရှိတယ်၊၊ ဘာကြောင့်လဲ၊၊ ဘာလုပ်သင့်လဲ၊ သွားပြင်ကြ ရဲ့လား


ဆောင်းပါး - ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓာတ်ပုံ - ဖိုးထောင်
(ယမန်နေ့မှအဆက်)
မဲစာရင်းမှာ မှားတာ၊ နာမည်မပါတာဖြစ်ပေမယ့် သွားပြင်ကြရဲ့လား။ မြန်မာ့သတင်းစဉ်မှ ရန်ကုန်အနောက်ပိုင်း ခရိုင်ရှိ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ သွားရောက်မေးမြန်းစုံစမ်းချက်များအရ ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ကြေညာခဲ့သည့် ကျောက်တံတားမြို့နယ်တွင် ပုံစံ (၆၆/၆) အရအသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူဦးရေ ၁၉၂ဝ၇ ဦးကို စာရင်းကပ် ကြေညာခဲ့သည်။ လာရောက်ကြည့်ရှုသူ ၆၉၂၃ ဦးရှိခဲ့သည်။ ပုံစံ (၆၆/၆) တွင်ပါရှိသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ သက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းတွင် ၄င်းတို့၏ အမည် ပါဝင်ခြင်းမရှိ၍ ပုံစံ (၃) ဖြင့်လျှောက် ထားသူ ၆၅ဝ ရှိခဲ့သည်။ ပုံစံ (၄-ဂ) ဖြင့် မဲဆန္ဒရှင်စာရင်းမှ ကွဲလွဲ ချက်များကို လာရောက်ပြင်ဆင်သူ ၇၃၄ ဦးရှိခဲ့သည်။




ကျောက်တံတားမြို့နယ်အတွင်း မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ ပုံစံ (၄-ဂ) လူဦးရေပြဇယား မဲစာရင်းတွင် သေဆုံးသူနှင့် ဆန္ဒမဲပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် မဲစာရင်းအား ကန့်ကွက်လွှာပုံစံ (၄) ဖြင့် လာရောက် ကန့်ကွက်ခံရသူမှာ ၁၈၅ ဦးရှိခဲ့သည်။
ကျောက်တံတားမြို့နယ်အတွင်း မဲစာရင်းနှင့် စပ်လျဉ်းသောကန့်ကွက်လွှာ ပုံစံ (၄) လူဦးရေပြဇယား ထို့ကြောင့် ပုံစံ (၃)၊ ပုံစံ (၄-ဂ)၊ ပုံစံ (၄) တို့ဖြင့် မဲစာရင်းလာရောက် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ စောင်ရေပေါင်း ၁၅၆၉ စောင်ရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် တွက်ချက်ပါက လာရောက်ပြင်ဆင်သူ ဦးရေမှာ ၈ ဒသမ ၂ ရာခိုင်နှုန်းခန့်သာရှိခဲ့သော်လည်း ပြင်ဆင်ဖြည့်စွက်ကန့်ကွက်ရန် ကျန်ရှိ နေသူများလည်း ရှိနေနိုင်သေးသည်။
ကျောက်တံတားမြို့နယ် အခြေခံမဲဆန္ဒရှင်စာရင်း လာရောက်ပြင်ဆင်မှု ရာခိုင်နှုန်းအခြေအနေပြပုံ
ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မိုးမြင့်က ''အမှားတွေရှိနိုင်တယ်။ တွေ့ရှိတဲ့ အမှားအားလုံးအတွက် ကျွန်တော်တို့က လက်ခံတယ်။ ကြိုဆိုတယ်။ နိုင်ငံရေးပါတီတွေအားလုံးက အကုန်နိုင်ချင်တယ်။ မနိုင်ချင်တဲ့ ပါတီမရှိဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြရာမှာ ဒီဟာကိုလည်း နည်းလမ်းတစ်ခုအနေနဲ့ ဆောင်ရွက် လာတာကို တွေ့ရတယ်။ ဘယ်မှာသွားပြီး ထင်ထင်ရှားရှား ရှိလာလည်း ဆိုတော့ ကျောက်တံတားဆိုရင် မဲစာရင်းထုတ်လိုက်တုန်းရှိသေးတယ်။ ၈ဝ ရာခိုင်နှုန်း မှားနေပါတယ် ဆိုပြီး စွပ်စွဲတယ်။ အခြေခံမဲစာရင်းက သောင်း ကိုးထောင်ကျော်ရှိတာ ၈ဝ ရာခိုင်နှုန်းလောက် မှားနေတယ်ဆိုရင် မဲစာရင်း တစ်သောင်းခွဲလောက် မှားနေပြီလို့ပြောမှ ပြန်ရုပ်သိမ်းသွားတယ်။ ဒီတော့ ဘယ်ပေတံနဲ့ တိုင်းတာ လဲလို့ ကျွန်တော်မေးချင်တယ်'' ဟု မဲစာရင်း အမြောက်အမြား မှားယွင်းနေကြောင်း ဝေဖန်မှုအပေါ် တုံ့ပြန်သည်။
ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် တတိယ အကြိမ် မဲစာရင်းကြေညာသည့် ၂၁ မြို့နယ်တွင် တစ်ခုအပါအဝင်ဖြစ်သည့်စမ်းချောင်းမြို့နယ်၏ မဲဆန္ဒရှင်စာရင်းမှာ ၄၉၈၄၂ ဦးရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့အထိ ပုံစံ ၃၊ ပုံစံ ၄(ဂ)၊ ပုံစံ ၄ တို့ဖြင့် လာရောက်လျှောက်ထားသူ ၆၄၆ဝ အထိရှိလာပြီဖြစ်သည်။ ဇူလိုင်လ ၄ ရက်အထိ မဲစာရင်းလာရောက် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူမှာ ရာခိုင်နှုန်းဖြင့်တွက်ကြည့်ပါက ၁၂ ဒသမ ၉ အထိ ရှိနေသည်ကို တွေ့ရသည်။
မဲစာရင်းကြေညာခဲ့သည့် (၁၄) ရက်အတွင်း မဲစာရင်းလာရောက်ကြည့်ရှုသူ စုစုပေါင်း ၁၃ဝဝ၂ ဦးရှိကြောင်း သိရသည်။ တတိယအဆင့် မဲစာရင်းကြေညာသည့် ၂၁ မြို့နယ်အား မဲစာရင်းပြင်ဆင် ဖြည့်စွက်မှု ဆက်လက် ပြုလုပ်နိုင်ရန်အတွက် မဲစာရင်း ကြေညာချိန်ကို ဇူလိုင်လ ၁ဝ ရက်နေ့အထိ ငါးရက်ကြာ ထပ်မံ တိုးမြှင့် ထားသဖြင့် စမ်းချောင်းမြို့နယ်တွင် ဆက်လက်လျှောက်ထားသူများလည်း ရှိလာပေဦးမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ လူဦးရေအနည်းဆုံးမြို့နယ်များ တွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည် ဆိပ်ကမ်း မြို့နယ်တွင် အခြေခံမဲဆန္ဒရှင် စာရင်းတွင်ပါဝင်သူ ၁၇၆၉ ဦးရှိပြီး ပုံစံ ၃ ဖြင့်လျှောက်ထားသူ ၃ဦး၊ ပုံစံ ၄ ဖြင့် ပယ်ဖျက်သူ ၁ ဦး နှင့် ပုံစံ ၄ (ဂ) ဖြင့် ပြင်ဆင်ဖြည့်စွက်သူ ၃ဝ ရှိခဲ့၍ စုစုပေါင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သူ ၃၄ ဦးသာရှိခဲ့သည်။ ရာခိုင်နှုန်းအား ဖြင့် တွက်ချက်ကြည့်ပါက ၁ ဒသမ ၉ ရာခိုင်နှုန်းသာရှိခဲ့သည်ကို တွေ့ရှိရ သည်။
မဲဆန္ဒရှင်စာရင်းမှာ ပါဝင်သော်လည်း အချက်အလက်အနည်းငယ် မှားယွင်းရုံနဲ့ မဲပေးခွင့်ဆုံးရှုံးမှာလား၊ ဥပဒေက ဘယ်လိုပြောထားလဲ။
''ရပ်/ကျေးကော်မရှင်နဲ့ မြို့နယ်ကော်မရှင်မှာ အနည်းအကျဉ်းမှားယွင်းမှု ကို ပြင်ဆင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါတယ်။ သိရင် သိတဲ့အချိန်မှာ ပြင်ဆင်ပေးပါတယ်။ မဲပေးတဲ့နေ့ရောက်လို့ မဲစာရင်းမှာ နာမည်ပါသူတွေ ဟာ အနည်းအကျဉ်း မှားနေရင်တောင် မဲရုံမှူးရဲ့ လုပ်ပိုင်ခွင့်နဲ့ ပုံစံမှာ မှတ်တမ်းတင်ပြီး မဲပေးခွင့်ပြုမှာပါ။ မဲစာရင်းမှာ နာမည်ပါပြီးရင် မည်သည့် အကြောင်းနဲ့မှ မဲပေးခွင့် မဆုံးရှုံးဘူး။ သုညနဲ့ တစ်နဲ့ မှားနေရင်တောင် မဲစာရင်းမှာ နာမည်ပါနေရင် မဲပေးခွင့်မဆုံးရှုံးဘူးလို့ ကျွန်တော်တို့ ကော်မရှင် က အာမခံပါတယ်'' ဟု အလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဇော်က ပြော သည်။
အမျိုးသားလွှတ်တော် နည်းဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၅ဝ) (ဂ)တွင် ဤသို့ပါ ရှိသည်။
မဲစာရင်း၌ အမည် သို့မဟုတ် နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက် တွင် အနည်းငယ်မှားယွင်းခြင်း၊ ချို့ငဲ့ခြင်း၊ ချွတ်ချော်ခြင်းရှိသော်လည်း ထိုဖော်ပြချက်နှင့် သက်ဆိုင်သူသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ၍ ပြောဆိုနိုင်သူရှိလျှင် မဲစာရင်းတွင်ပါရှိသော မှားယွင်းချက်၊ ချို့ငဲ့ချက် ချွတ်ချော်ချက်ကို ပြင်ဆင်ရေး မှတ်၍ ထိုသူကိုဆန္ဒမဲပေးခွင့်ပြုရမည်။ ယင်းသို့ ပြင်ဆင်ခွင့်ပြုသည့်အခါတိုင်း မဲရုံမှူးသည် ပုံစံ ၁၂ ဖြင့် အကျိုးအကြောင်း အကျဉ်းချုပ်ကို ရေးသားမှတ်တမ်းတင်ထားရမည်ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅ဝ(ဂ) နှင့် အမျိုးသားလွှတ်တော် နည်းဥပဒေ ၅ဝ(ဂ) တို့ဖော်ပြပါရှိသည်။
အလုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ''မဲပေးခွင့် ဆုံးရှုံး နိုင်တာ တစ်ခုပဲရှိတယ်။ မဲစာရင်းမှာ နာမည်မပါရင်တော့ ဘာမှလုပ်ပေးလို့ မရဘူး။ မဲစာရင်းမှာ မိမိအမည်ပါရေးအတွက် အခုလည်း လာပြင်လို့ရတယ်။ ကျွန်တော်တို့လည်း နှိုးဆော်နေတယ်။ အခုလည်း ဥပဒေနဲ့အညီ မဲစာရင်းတွေ ထပ်ကပ်ပြီး ကြေညာပြီးရင်လည်း ထပ်ပြီးတော့ စာရင်းမှာ မပါရင် နာမည် ပေးနိုင်တယ်။
မှားနေတာရှိရင် ပြင်နိုင်တယ်။ သေဆုံးပြီးသူတွေ ပါဝင်နေရင် လာပြီးတော့ ဖျက်နိုင်တယ်။ မဲစာရင်းပြင်ဆင်ဖို့ အခွင့်အရေးကလည်း အခု တစ်ကြိမ်နဲ့တင် ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး'' ဟု အချက်အလက်အနည်းငယ် မှားယွင်းမှုသည် မဲပေးပိုင်ခွင့်ကို မဆုံးရှုံးနိုင်ကြောင်း ပြောထားသည်။ အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာတုန်းက မဲစာရင်းမကြည့်ခဲ့ရတော့ နာမည်မပါရင်၊ မှားယွင်းနေရင် ပြင်ဆင်လျှောက်ထားခွင့် မရတော့ဘူးလား၊
နောက် အခွင့်အရေး ရနိုင်သေးလား။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၉) ရပ်ကွက်တွင် နေထိုင်သူ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ''အုပ်ချုပ်ရေးမှူးက လာအကြောင်းမကြားဘူး။ အကြောင်းလာကြားတဲ့ ပါတီတစ်ခုကလည်း ကိုယ်မကြိုက်တဲ့ ပါတီဖြစ်နေ တယ်။ လာအကြောင်းကြားတဲ့ ပါတီကို အဖေက ဒေါသထွက်ပြီး သွားကွာ ဘာမှ သွားမကြည့်တော့ဘူးလို့အော်တယ်။ လမ်းထဲမှာတော့ မိုက်နဲ့ လိုက်အော် နေတာပဲလေ။ အစ်မဖြစ်စေချင်တာက ကိုယ့်လမ်းအလိုက် ဒါမှမဟုတ် အပိုင်းလိုက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက မဲစာရင်းကပ်ထားကြောင်း အကြောင်း ကြားတာမျိုး ဖြစ်စေချင်တယ်။ လမ်းထဲမှာပါ ကပ်ပေးထားရင် ပိုကောင်းသလို၊ ပိုပြီးအဆင်ပြေမယ်။ ကပ်ထားတာတော့ သိတယ်။ ဘယ်နေ့က ကပ်တယ်။ ဘယ်နေ့ကပ်ထားတာ ခွာမယ်ဆိုတာတော့ မသိဘူး'' ဟု ပြောသည်။
ကျောက်တံတားမြို့နယ် အမှတ် (၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း အောက်ဘလောက်တွင် နေထိုင်သူ ဒေါ်ခင်ခင် (အမည်လွှဲ)တစ်ယောက် ဇူလိုင်လ ၁ ရက် ညနေပိုင်းက ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းသို့ သူ၏နာမည် မဲဆန္ဒရှင်စာရင်းတွင် ပါ၊ မပါ သိရှိရန် ရောက်ရှိလာ သည်။
ကျောက်တံ တားမြို့နယ်တွင် မတ် ၃ဝ ရက်မှ ဧပြီ ၁၂ ရက်အထိ ကြေညာခဲ့သော အခြေခံမဲဆန္ဒရှင်စာရင်းကို ကော်မရှင်အဖွဲ့ခွဲရှိရာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်၍ ကြေညာခဲ့သည်ကို သူမသိရှိခဲ့ပါ။ မိတ်ဆွေများ က မဲစာရင်း မှားယွင်းမှုများအကြောင်း ပြောဆိုမှုများလာချိန်တွင် ဒေါ်ခင်ခင် သည် သူ မဲပေးရန် ဆန္ဒရှိနေသည့် နိုင်ငံရေးပါတီအား ဆန္ဒမဲမပေးလိုက် ရမည်ကို စိတ်ပူလာသည်။ မဲစာရင်းတွင် နာမည် မပါမည်ကို စိုးရိမ်လာသည်။
''မဲတွေက မပါဘူးဆိုလို့ လာကြည့်တာ။ ကော်မရှင်ဥက္ကဋ္ဌကတော့ ညဘက်ရပ်ကွက်ရုံးမှာ သွားကြည့်ပါ။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူယူသွားပါ။ နာမည်မပါဘူးဆိုရင် ချက်ချင်းဖြည့်ပြီး စာရင်းစာအုပ်မှာ ထည့်ခဲ့ပါ။ ပထမအကြိမ်တုန်းက ဧပြီလ ၃ဝ ရက်နေ့မှာ ပြီးသွားပြီ။ ရပ်ကွက်ရုံး မှာ အစ်မသွားကြည့်ပါ။ သြဂုတ်လမှာ ထပ်ကပ်မယ်။
သွားထပ်ကြည့်ပါ'' ဟု ခေါ်ခင်ခင်အား ကော်မရှင်ဥက္ကဋ္ဌက ဖြေကြားလိုက်သည်ကို ပြန်လည် ပြောပြသည်။
ယင်းသို့ အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်နေမှုကို မသိရှိခဲ့သူနှင့် မဲစာရင်း မကြည့်ရသေးသည့် ဒေါ်ခင်ခင်ကဲ့သို့သော မဲဆန္ဒရှင်များစွာလည်း ရှိနေဆဲပင်ဖြစ်သည်။
မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည့် ကျောက်တံတား မြို့နယ် ရပ်ကွက်ကော်မရှင်ရုံးတွင် ကပ်ထားသည့် လက်ကမ်းစာစောင်တွင် ''မဲဆန္ဒရှင်တိုင်း မဲပေးသင့်သည်။ သင်၏အခွင့်အရေး မဆုံးရှုံး စေရန်အတွက် မဲစာရင်းကြည့်ကြပါ။ မဲပေးမည်ဆိုပါက သင့်အမည် မဲစာရင်းတွင် ပါရန် လိုသည်'' ဟူ၍ လှုံ့ဆော်ထားလေသည်။
ဟုတ်ကဲ့။ အထက်ဖော်ပြပါရေးသားချက်တွေအတိုင်း အခြေခံမဲဆန္ဒရှင် စာရင်းတွေမှာ အမှားအယွင်းတွေ ရှိနေပါတယ်။ ဘာကြောင့်လဲ၊ ဘာလုပ်သင့်လဲ၊ သွားပြင်ကြရဲ့လား။

No comments:

Post a Comment