Sunday, July 12, 2015

မှော်ဝန်းဒေသနေပြည်သူများ လူမှုစီးပွားဘ၀ ပွင့်လန်းထွန်းသစ်စေမည့် မှော်ဝန်းတံတား

တွေ့ဆုံမေးမြန်း-ဝင်းဝင်းမော်၊နေလင်း
ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်
မှော်ဝန်းချောင်းနှင့် မှော်ဝန်းတံတားတို့က ညနေ နေဝင်ဆည်းဆာ အချိန်တွင် ပနံရလျက်ရှိသည်။ ဟိုး အဝေးမိုးကုတ် စက်ဝန်းထက်မှ သက်တံရောင်စဉ်တို့ကလည်း ဝေဖြာလျက်။ အဆိုပါတံတားအနီးရှိ ကျေးရွာ အုပ်စုတို့မှ ဒေသခံ ပြည်သူတို့ကလည်း တံတားပေါ်တွင် ခြေကျင်တစ်မျိုး၊ ဆိုင်ကယ်၊ စက်ဘီးနှင့်တစ်ဖုံ၊ မော်တော် ယာဉ်တို့နှင့်တစ်မျိုး လူးလာ ခေါက်တုံ့ သွားလာလျက် ရှိကြသည်။ မှော်ဝန်းတံတားကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တရားဝင် ဖွင့်လှစ်မည် ဖြစ်သော်လည်း ဒေသခံပြည်သူများ အသုံးပြုခွင့်ရ၍ ထိုသို့သွားလာနိုင်ခြင်း ဖြစ်သည်။ သို့ဖြင့် အဆိုပါတံတား ဖွင့်လှစ်နိုင်မှု နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ သဘောထား အမြင်များကို သတင်းအဖွဲ့က ကောက်နုတ် တင်ပြလိုက်ရပါသည်။

ဦးဘချစ် အသက်(၇ဝ နှစ်)
ဝဲကြီးကျေးရွာ
၁၉၈၆ ခုနှစ်မှာ အဘက ဝဲကြီးကျေးရွာမှာ ကောင်စီ အတွင်းရေးမှူးဆောင်ရွက်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက မြေစာရင်းဌာနက ဒီလမ်းကိုစတင်မယ်ဆိုပြီး မြေပုံတွေနဲ့ ပြသခဲ့တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှသာ ကျေးရွာ မြေသားလမ်းကို ကိုယ့်အားကိုယ်ကိုးနဲ့ လုပ်ခဲ့တယ်။ အရင်က ပန်းချောင်းကျေးရွာကနေ ကျောက်တန်းကို သွားချင်ရင် ဝဲကြီးကျေးရွာကို ကူးတို့နဲ့ ကူးရတယ်။ အခုတံတားကြီး ဆောက်ပြီးသွားတဲ့ အခါကျတော့ ၂ဝ၊၂၅ မိနစ်နဲ့ ကျောက်တန်းကို တိုက်ရိုက်သွားလာနိုင်တယ်။ အရင်ကဆိုရင် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို နီးလျက် ဝေးနေတယ်။ တရားပွဲရှိရင်တောင် အဘတို့အနေနဲ့ မသွားလာနိုင်ဘူး။ အခုတံတားကြီး ဆောက်ပြီးတဲ့အခါ ကျတော့ ဘာသာရေး သာသနာရေး ပွင့်လင်းလာပြီး သွားလာမှုလွယ်ကူလာတယ်။ ကျေးရွာသူ၊ ကျေးရွာသား တို့အတွက် ဖွံ့ဖြိုးမှု တိုးတက်လာတယ်။ ဒါကြောင့် ဝမ်းသာပါတယ်။
ဦးတင်အောင်သန်း
မြို့နယ်ဦးစီးမှူး(လက်ထောက်ညွှန်ကြားရေးမှူး)
ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဒီတံတား ဖြစ်ပေါ်လာပုံကတော့ မြေသားလမ်းတာ ကြီးက ကျောက်တန်းကနေ ဝဲကြီးအထိ၊ တစ်ဖက်ကမ်း တောင်ဘက် အခြမ်းဖြစ်တဲ့ ပန်းချောင်းကနေ ဆင်မကော် တံတားမြို့ထိဆက်ထားတဲ့ မြေသားလမ်းက ၁၉၉၃ ခုနှစ် က စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်။ တာကြီးတည်ဆောက် ပြီးတဲ့နောက်ပိုင်းမှာ လမ်းကိုအဆင့်မြှင့်တင်ဖို့နဲ့ တံတား တည်ဆောက်ဖို့ကို အဆင့်ဆင့် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပေမယ့် မပေါ်ပေါက်နိုင်ခဲ့ဘဲနဲ့ အခု နိုင်ငံတော်အစိုးရသစ် တက်ပြီးနောက်ပိုင်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်က ခွင့်ပြုတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြည်ထောင်စု ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၄၄ဝဝ ခွင့်ပြုခဲ့ ပါတယ်။
အရှည်ပေ ၉ဝဝ တံတားချဉ်းကပ်လမ်းနှစ်ဖက်က ပေ ၁၈၈ဝ ရှိပြီး ချဉ်းကပ်ဆက်စပ်တဲ့ ကွန်ကရစ်လမ်းက ပိလခက်နဲ့ ဝဲကြီးကျေးရွာက ၆ မိုင် ၄ ဖာလုံ၊ ဟိုဘက်ကမ်းဖြစ်တဲ့ ပန်းချောင်းကျေး-ဆင်မကော်-တံတားမြို့ဆိုရင် ၄ မိုင် ၅ ဖာလုံ ဆက်စပ်တဲ့လမ်းတွေကို အကောင်အထည်ဖော် နိုင်ခဲ့တယ်။
တံတားကြီးနဲ့ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ အိပ်မက်မက်ခဲ့တာကြာပါပြီ။ ဒီနေရာမှာ တံတားကြီး ပေါ်ပေါက်ခဲ့ရင် ကျောက်တန်းမြို့နယ်မှာရှိတဲ့ ဒေသတွင်း ကျေးရွာ တောင်ပိုင်း၊ မြောက်ပိုင်းကွဲပြားနေတာတွေက တစ်ဆက်တည်းဖြစ်သွားမယ်။ ဒေသခံတွေ အိပ်မက်မက် ခဲ့တဲ့ တံတားကြီးက မမျှော်မှန်းခဲ့တဲ့ အချိန်ကာလတစ်ခုမှာ သိသိသာသာ ပေါ်ထွန်းလာတာကြောင့် သူတို့အင်မတန် ဝမ်းသာနေကြတာပါ။
ကျောက်တန်းမြို့နယ် မြို့ပေါ်မှာဆိုရင် ကိုးရပ်ကွက်၊ တံတားမြို့မှာ လေးရပ်ကွက်၊ ကျေးရွာအုပ်စု အားလုံးပေါင်း ၄၄ အုပ်စု၊ ကျေးရွာပေါင်း ၇၈ ရွာ တည်ရှိမှုအနေအထားမှာ ကျောက်တန်းမြို့နယ်မှာရှိတဲ့ မှော်ဝန်းချောင်းက အရှေ့နဲ့ အနောက် ဖြတ်သန်းစီးဆင်းနေတာကြောင့် တောင်ခြမ်းနဲ့ မြောက်ခြမ်းကို နှစ်ပိုင်း ပိုင်းထားသလိုဖြစ်နေတယ်။ အခု မှော်ဝန်းတံတားပေါ်ပေါက်လာတယ်၊ ဆက်စပ်တဲ့လမ်းတွေ ကောင်းမွန်လာတာကြောင့် ကျောက်တန်းမြို့နယ် တောင်ခြမ်းမှာရှိတဲ့ မုတ္တမပင်လယ်ကွေ့ဒေသတွင်းရှိ ကျေးရွာအုပ်စု ၃၂ စု၊ ကျေးရွာပေါင်း ၄၅ ရွာ၊ မြောက်ခြမ်း မှာရှိတဲ့ ကျေးရွာအုပ်စု ၁၂ စု၊ ကျေးရွာပေါင်း ၂၆ ရွာက တစ်သားတည်း တစ်ဆက်စပ်တည်း လျင်မြန်လွယ်ကူစွာ သွားလာနိုင်မယ်။
ဒီတံတားကြောင့် တောင်ဘက်ခြမ်းမှာရှိတဲ့ဒေသတွေ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုစီးပွား ဘဝတွေ ပိုမိုကောင်းမွန်လာမယ်၊ ဒေသခံတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမီလာပြီး ပိုမိုဖွံ့ဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ အရင်က ကျောက်တန်းမြို့နယ်ကနေ နယ်တွေ၊ရွာတွေ သွားမယ်ဆိုရင် တံတားမြို့ကိုသွားရမယ်။ ကျောက်တန်းကို သွားချင်ရင် ပန်းချောင်းကနေတစ်ဆင့် မော်တော်နဲ့ကူးရ တယ်။ ရေလမ်းခရီးနဲ့သွားရတယ်။ တံတားမြို့က တစ်ဆင့် သုံးခွ၊ သုံးခွကနေ သန်လျင်၊ သန်လျင်ကနေ ကျောက်တန်း ကို ကုန်းလမ်းခရီးနဲ့ အဆင့်ဆင့်လာရတယ်။ ကျောက်တန်း နဲ့ တံတားမြို့ရဲ့ ကုန်းလမ်းခရီးအကွာအဝေးက အားလုံး ပေါင်း ကတ္တရာလမ်း ၃၇ မိုင်ရှိတယ်။
အခု မှော်ဝန်းတံတား ကြီး ဖြတ်သန်းထိုးပေးထားလို့ ကျောက်တန်းမြို့နဲ့ တံတားမြို့ဟာ မိုင်အားဖြင့် ၁၅ မိုင်နဲ့ ၂ ဖာလုံသာ ကွာဝေးတာကြောင့် အချိန်ကာလတိုတောင်းစွာ သွားလာ နိုင်တယ်၊ ၂၂ မိုင်ကျော် သက်သာသွားမှာ ဖြစ်တယ်။ ခေတ်ကာလအခြေအနေရ ဒေသထွက်ကုန်တွေထွက်ပေ မယ့် ပင်လယ်ဒီရေအတက်အကျကြောင့် စီးပွားရေး လုပ်ငန်းတွေက ရေလမ်းမှကုန်းလမ်းအဆင့်ဆင့် ပြောင်းလဲ ပြီးသွားလာနေရတာကြောင့် ဈေးကွက်ကို အချိန်မီ မရောက်ခြင်း၊ ပို့ဆောင်ဆက်သွယ်မှု ကုန်ကျစရိတ်များပြား ခြင်းစတဲ့ အခက်အခဲတွေကြုံတွေ့ရတယ်။ အခုဆိုရင် အချိန်တိုအတွင်း ထွက်ကုန်ကို လွယ်လင့်တကူ ရောင်း ဝယ်ပို့ဆောင်နိုင်တော့မှာဖြစ်တယ်၊ မှော်ဝန်းတံတားကြီးက ခွင့်ပြုခဲ့တဲ့ ရန်ပုံငွေအတိုင်းအတာနဲ့ တံတားအထူးအဖွဲ့ (၁၆)က တာဝန်ယူပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နေ့မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။
ဦးသိန်းမြင့်မွန်
ညွှန်ကြားရေးမှူး(မြို့ပြ)တံတားဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒီတံတားကို မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာန ကို တံတားဆောက်ဖို့အတွက် လုပ်ငန်းအပ်နှံခဲ့တယ်။ နိုဝင်ဘာလမှာကြိုတင်ပြီး မြေပြင်အနေအထားကို လေ့လာ ခဲ့တယ်။ ၂ဝ၁၄ ဒီဇင်ဘာလအတွင်းမှာ အကြိုအင်ဂျင်နီယာ လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ ပါတယ်။ မူလ လမ်းအူကြောင်းထက် ပေ ၁ဝဝ လောက် ရွှေ့လိုက်ရတယ်။ တံတားဆောက်မယ့် နေရာနဲ့ ချဉ်းကပ် လမ်းက ထောင့်မှန် မကျတာနဲ့ တံတားဆောက်တဲ့ နေရာမှာ ရေကြောင်းအနေအထားအရ တံတားတိုင်များ အနည်းငယ်ရေကြောင်းနဲ့ မတည့်လို့ မြစ်ကြောင်းရဲ့ ထောင့်မှန်ကျမယ့်နေရာကို ရွေးချယ်လိုက်တဲ့အတွက် မူလအရှည်ပေ ၁ဝဝဝ အစား ပေ ၉ဝဝ နဲ့ပဲ တည် ဆောက်လိုက်ရတယ်။ တံတားအရှည်ပေ ၁ဝဝ လျှော့ချလိုက်ရတယ်။ ချဉ်းကပ်လမ်း ပိုပြီးတည်ငြိမ် တဲ့အတွက် လက်ရှိနေရာကို ချဉ်းကပ်လမ်း တည် ဆောက်ပါတယ်။ တံတားအောက်ထည်က လွန်တူးဘိုးပိုင်အုတ်မြစ်နဲ့တည်ဆောက်ထားပြီး တံတားအပေါ် ထည်က သံကူကွန်ကရစ်နဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ တစ်တိုင်နဲ့တစ်တိုင် ပေါင်းကူးတဲ့နေရာမှာ သံကူရက်မကို အသုံးပြုပြီး အခင်းက သံကူကွန်ကရစ် အမျိုးအစားဖြစ်တယ်။
ဦးလှရွှေ အသက် (၇ဝ နှစ်)
ရွာသစ်ကြီးကျေးရွာ၊ လယ်သူရင်းငှား
အရင်က ကျောက်တန်းကို ကျန်းမာရေးကိစ္စအတွက် သွားမယ်ဆိုရင် မော်တော်နဲ့သွားရတယ်။ လမ်းကဖောက် ထားတယ်ဆိုပေမယ့် မြေသားလမ်းဖြစ်တာကြောင့် မိုးတွင်းဆိုရင်သွားမရဘူး။ ရေလမ်းကပဲသွားရတယ်။ အခုတော့ တံတားပြီးစီးသွားတော့ နေ့ညအချိန်မရွေး သွားလာလို့ရတယ်။ အဘမသေခင် ဒီဒေသဖွံ့ဖြိုး တိုးတက်တာ မြင်တွေ့ရတော့ ဝမ်းသာပါတယ်။ တံတား မဆောက်ခင်က ဟိုဘက်ကမ်းကို လှေနဲ့သွားရတယ်။ အခုတော့ အညောင်းပြေ အညာပြေ လမ်းလျှောက် ကြည့်လို့ ရသွားပြီ။
ဦးမြင့်ဦး
ဝဲကြီးကျေးရွာအုပ်စု (အုပ်ချုပ်ရေးမှူး)
ကျွန်တော်တို့ ကျေးရွာအုပ်စုအနေနဲ့ ရွာသုံးရွာရှိ တယ်။ အိမ်ခြေ ၃၂ဝ၊ လူဦးရေ ၁၃ဝဝ ကျော်ရှိပြီး လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်းကို အဓိကစီးပွားရေး အနေနဲ့ လုပ်ကိုင်ကြတယ်။ အခု တံတားကြီး တည် ဆောက်ပြီးတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသွားတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ အရင်ကထက် ပိုမိုကောင်းမွန်လာ မှာပါ။ ဒီတံတားဆောက်ပေးလိုက်တဲ့ အကျိုးကျေးဇူး ကြောင့်ပါ။ အရင်တုန်းက အရှေ့ဘက်ရွာ ၃ဝ ကျော် က ရေလမ်းခရီးနဲ့ သုံးနာရီကျော် သွားရတယ်။ တံတားကြီးထိုးပြီးတာကြောင့် အဝေးဆုံးရွာတောင် ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့အတွက် လူမှုရေး၊ ကျန်းမာရေး၊ ကုန်စည်ဆက်သွယ်ရေးကအစ အားလုံး အဆင်ပြေသွားတယ်။ တံတားကြီးက မှော်ဝန်းချောင်းကို ဆက်သွယ်ဖြတ်သန်း တည်ဆောက်ပေးထားတာ ကြောင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူပြီး အချိန်မရွေး သွားလာလို့ရတယ်။
ဒေါ်ထွေးရီ
ပန်းချောင်းကျေးရွာ၊ လယ်ယာလုပ်ငန်း

ဟိုးတုန်းကဆိုရင် လှေနဲ့ကူးရတယ်၊ အလွန်ခက်ခဲ တယ်။ ကျန်းမာရေးမကောင်းရင် မော်တော်နဲ့သွားရတယ်၊ လွန်ခဲ့တဲ့ ၁ဝ နှစ် အဘွားယောက်ျားပိုးထိလို့ မော်တော် နဲ့သွားရတာ ရန်ကုန်လည်းရောက်ရော အသက်ဆုံးရှုံး ခဲ့ရတယ်။ ဒီလိုတံတားတွေ၊ လမ်းတွေသာရှိလို့ ရန်ကုန် ဆေးရုံကြီးကို အချိန်မီပို့နိုင်မယ်ဆိုရင် အသက် ဆုံးရှုံးရမှာ မဟုတ်ဘူး။

No comments:

Post a Comment