တစ်ခါက ကျွန်တော်တင်ပြခဲ့သလို ကျွန်တော် ဟာ ကုလသမဂ္ဂအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကို
နဲ့ အိန္ဒိယနိုင်ငံအစိုးရ ပူးပေါင်းဖွဲ့စည်းထားတဲ့ မဟတ္တမဂန္ဒီငြိမ်းချမ်းရေးဗိမာန်ရဲ့
အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ ဒီဗိမာန်ကြီးကို ကြီးကြပ်စီမံတဲ့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်တစ်ဦး
အနေနဲ့ တစ်နှစ် နှစ်ကြိမ် ဗိမာန်ရှိရာ နယူးဒေလီမြို့ကို အစည်းအဝေးတက်ရပါတယ်။ မနှစ်ကလုပ်ခဲ့တဲ့
ဒါရိုက်တာအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့တာမို့ ၂ဝ၁၅ ခုနှစ် ပထမအကြိမ် ဒါရိုက်တာအဖွဲ့အစည်းအဝေး
ကို မရောက်ရောက်အောင် တက်ခဲ့ပါတယ်။ ဒီတစ်ခေါက် ရန်ကုန်ကတစ်ဆင့် ဗန်ကောက်မြို့ကတစ်ဆင့်
ဒေလီ မြို့ကို လာခဲ့ပါတယ်။ လေယာဉ်ပျံခရီးစဉ်ကြောင့် ဒေလီမြို့ရောက်တော့ နံနက် ၃ နာရီ
ထိုးနေပြီ။ ဟိုတယ်ရောက်တော့ လူကမခံနိုင်တော့ဘူး။ အဝတ် အစားတောင်မလဲဘဲ ချက်ချင်းအိပ်ရာဝင်ခဲ့ရတယ်။
နံနက် ၈ နာရီလောက် နံနက်စာစားပြီး အိပ်ရာထဲ ပြန်ဝင်ခဲ့တယ်။ အစည်းအဝေးက မွန်းလွဲ
၂ နာရီခွဲဆို တော့ အချိန်ကရတာ။ အစည်းအဝေးက ဒါရိုက်တာ အဖွဲ့ဝင်အစည်းအဝေး မဟုတ်သေးဘူး။
ဒါရိုက်တာ အစည်းအဝေးက နောက်တစ်ရက်မှ လုပ်မှာ။ ဒါရိုက်တာအစည်းအဝေးအကြို လူငယ်တွေဖိတ်ကြားပြီး
လုပ်တဲ့အစည်းအဝေး၊ နယူးဒေလီက လူငယ် ၁ဝဝ ကျော်လောက် တက်ရောက်ကြတယ်။ အစည်းအဝေး ခေါင်းစည်းက
သိပ်စိတ်ဝင်စားစရာ၊ Talking Across Generation (TAG) လို့ခေါ်ဝေါ်ထားတယ်။ အဓိပ္ပာယ်က အသက်အရွယ်မတူကြတဲ့
လူငယ်တွေနဲ့ လူကြီးတွေထိုင်ပြီး စကားဝိုင်းလုပ်တာ၊ လူကြီးတွေက ကျွန်တော်တို့လို ဒါရိုက်တာအဖွဲ့ဝင်တွေရယ်၊
နယူး ဒေလီက တာဝန်ရှိသူတွေရယ်၊ လူငယ်တွေရယ် စုံစုံ လင်လင်ပဲ။ ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့
အကြောင်းက ''ငြိမ်းချမ်းရေးရအောင် ပညာရေးနဲ့ စစ်ခင်းလို့ရသလား'' ဆိုတဲ့ မေးခွန်းကိုမေးထားတယ်။
အစည်းအဝေးကို စီစဉ်ညွှန်ကြားသူက အိန္ဒိယနိုင်ငံမှာ ထင်ရှားတဲ့ သတင်းစာဆရာတစ်ဦး။ သူက
ပေါ့ပေါ့ပါးပါး ဖြစ်အောင် ကျွန်တော်တို့ လူကြီးတွေကို လူငယ်တွေနဲ့ အတူစားပွဲတစ်ပွဲစီမှာ
ထိုင်ခိုင်းတယ်။ အဓိပ္ပာယ်ကတော့ အသက်အရွယ် မတူညီသူတွေကို စကားပြောစေတာ။ ကျွန်တော့်စားပွဲမှာ
ကလေးမလေးတွေက လေး၊ ငါး ယောက်၊ မီဒီယာမှာလုပ်နေတဲ့ အမျိုးသမီး တစ်ဦးရယ်၊ တက္ကသိုလ်တစ်ခုက
ပါမောက္ခ၊ အစည်းအဝေးကျင်းပ ပုံကို ကျွန်တော်က စိတ်ဝင်စားလို့ သေသေချာချာ လေ့လာမိတယ်။
အခမ်းအနားမှူးဖြစ်တဲ့သူက စီစဉ် ညွှန်ကြားသူအဖြစ် ဆောင်ရွက်တယ်။ သူကစစချင်း ပရိသတ်တွေကို
အစည်းအဝေးရဲ့ခေါင်းစဉ်ကို အဖြေပေး စေခဲ့တယ်။ သူက အခုလိုဖွင့်ပေးတော့ တက်ရောက်လာ တဲ့သူတွေက
အလုအယက်ဖြေကြတာ လူငယ်တွေကသာ ထပြောကြတယ်။ ပြောတာကလည်း သူတို့တစ်ဦးချင်း ရင်ဆိုင်ခံစားရတာတွေကို
အသေးစိတ်တင်ပြကြတာ။
သူတို့ပြောတာတွေ နားထောင်ရင်း သူတို့ရင်ဆိုင် နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို
တစေ့တစောင်း သိခဲ့ရတယ်။ သူတို့ဆီမှာ ဘာသာရေးပြဿနာက အတော် လေးကြီးမားတာ။ ၁၉၄၇ ခုနှစ်
အင်္ဂလိပ်မင်းထံက လွတ်လပ်ရေးရတဲ့ အချိန်ကစပြီး ဘာသာမတူညီမှုကြောင့် သွေးချောင်းစီးခဲ့ရတာ။
အိန္ဒိယပြည် လွတ်လပ်ရေးရတော့ အစ္စလာမ် ဘာသာဝင်တွေက ပါကစ္စတန်နိုင်ငံ ထူထောင် ပြီး ဟိန္ဒူဘာသာဝင်တွေက
အိန္ဒိယပြည်ကို တည်ထောင်ခဲ့ တယ်။ ဒီတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမရှိသေးဘဲ အရှေ့ ပါကစ္စတန်ဒေသအဖြစ်သာ
ပါကစ္စတန်နိုင်ငံရဲ့ အစိတ် အပိုင်းအဖြစ် တည်ရှိခဲ့တယ်။ တစ်ချိန်တုန်းကအတူနေ ကြတဲ့၊ ဘာသာမတူကြတဲ့သူတွေက
ကိုယ့်ဘာသာဝင်အများ စုရှိရာကို ရွှေ့ပြောင်းကြတယ်။
အခုလိုရွေ့လျားကြရင်း အကြီးအကျယ်သွေးချောင်း စီးခဲ့တယ်။ အစွန်းတရားရဲ့ အနိဋ္ဌာရုံကို
လှလှကြီးခံစား ခဲ့ကြရတယ်။ ဒီလိုဖြစ်တာကိုမြင်ပြီး မဟတ္တမဂန္ဒီကြီးက မျက်ရည်ကျခဲ့တယ်။
ဒီပဋိပက္ခက အနှစ် ၅ဝ ကျော်ခဲ့ ပေမယ့် အိန္ဒိယနိုင်ငံအတွင်းမှာ အခုထိရှိနေတုန်း။ တင်ပြတဲ့ကလေးတွေက
အခုလိုဖြစ်တဲ့ စစ်ပွဲတွေကို ပညာ နဲ့ ဘယ်လို တိုက်ဖျက်သင့်သလဲဆိုတာကို အကြံပြုကြ တယ်။
ဘာသာရေးပဋိပက္ခတွေရှိသလို ကျား၊မ ပဋိပက္ခ တွေကိုလည်း ဖော်ထုတ်ခဲ့ကြတယ်။ သူတို့ရဲ့ လူ့အဖွဲ့
အစည်းမှာ အမျိုးသမီးတွေအပေါ် ရှုမြင် သုံးသပ်တာက ပုံစံတစ်မျိုးလေ။ ဒီအကြောင်းကို အမျိုး
သမီးငယ်တွေက ရင်နင့်ဖွယ်တင်ပြကြတယ်။
အခုလို လူငယ်တွေပြောခွင့်ပေးပြီး လူကြီးတွေကို လည်း ပြောခွင့်ပြုပါတယ်။ ကျွန်တော်က
ပါဝင်ပြီးဆွေးနွေး ခဲ့တယ်။ခေါင်းစဉ်ကို ဘဝင်မကျကြောင်းပြောခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့စစ်ကို
တစ်ပြေးညီပြီး စဉ်းစားတာကို မနှစ် သက်ပါဘူး။ စစ်ဆိုတာက တိုက်ပွဲဝင်ရတာ ၊ငြိမ်းချမ်းရေးကို
တိုက်ပွဲဝင်လို့ မရနိုင်ဘူး။ တိုက်ပြီးမှ ရတဲ့ငြိမ်းချမ်းရေး ဟာလည်း တည်မြဲနိုင်မှာ
မဟုတ်ပါဘူး။
နောက်တစ်ချက် တင်ပြတာက စစ်နဲ့ ငြိမ်းချမ်းရေးဟာ ဆန့်ကျင်ဘက် မဟုတ်ကြဘူး။ စစ်ရဲ့ဆန့်ကျင်ဘက်က
ငြိမ်းချမ်းတာမဟုတ်ဘဲ စစ်မဖြစ်တာဘဲ ဖြစ်တာ။ ဒီလိုပဲ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်က
မငြိမ်းချမ်းတာဖြစ်ပြီး စစ်ဖြစ်တာမဟုတ်ဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်းတိုင်းမှာ ငြိမ်းချမ်းရေးကို
တိုက်ယူလို့မရဘဲ ဖန်တီးမှ ရကြောင်းတင်ပြ ခဲ့ပါတယ်။
နောက်တစ်ချက် တင်ပြခဲ့တာက ငြိမ်းချမ်းခြင်းဟာ တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ထဲမှာသာမက
နှလုံးသားထဲ မှာရှာဖွေဖို့လိုအပ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်က အခုလိုစပြီး
ဆွေးနွေးခဲ့လို့ ကျန်တဲ့လူကြီး တွေကလည်း ပါဝင်ပြီးပြောကြ ဆိုကြပါတယ်။
ဆွေးနွေးပွဲပြီးတော့ ဧည့်ခံပွဲလေးကျင်းပတယ်။ ပရိသတ်တွေအထဲက ကျွန်တော့်တင်ပြချက်တွေကို
ထောက်ခံကြောင်း လာပြီးပြောရှာကြတယ်။ အမှန်တော့ လူတွေမှာ တူညီတဲ့ခံစားချက်တွေ ကိုယ်စီကိုယ်င
ရှိကြ တာပါပဲ။
နောက်တစ်နေ့မှာတော့ ဒါရိုက်တာအဖွဲ့အစည်းအဝေး ကို ကျင်းပခဲ့တယ်။ ဥက္ကဋ္ဌလုပ်သူက အိန္ဒိယလူမျိုး၊
အသက် ၈ဝ ကျော်ပြီး ပညာရှင်ကြီး၊ အတွေ့အကြုံကလည်း ပြီးပြည့်စုံလိုက်တာ၊ တက္ကသိုလ်မှာ
ပါမောက္ခလုပ်တယ်။ ပါလီမန်မှာလည်းပါတယ်။ နိုင်ငံရေးလည်းလုပ်နေသူ၊ ကျန်တဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက
ဖိလစ်ပိုင်နိုင်ငံ၊ နီပေါ နိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့
မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ။ လေ့လာသူအဖြစ်က တော့ ပြင်သစ်ရုံးချုပ်က ယူနက်စကိုအဖွဲ့အစည်းက
ညွှန်ကြားရေးမှူးရယ်၊ ထိုင်းနိုင်ငံမှာရှိတဲ့ ယူနက်စကို အဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးပါဝင်ပြီး
နော်ဝေနိုင်ငံက ပါမောက္ခက ပညာရှင်တစ်ဦးအနေနဲ့ တက်ရောက်ခဲ့တယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေက
သူ့နေ ရာနဲ့သူ ထင်ရှားကြသူတွေ၊ အစည်းအဝေးကတော့ ဗိမာန်ရဲ့ လုပ်ဆောင်ချက်တွေ၊ အောင်မြင်မှုတွေ၊
ဘတ်ဂျက်တွေကို အသေးစိတ်ဆွေးနွေးကြ၊ အကြံပြုကြ ပါတယ်။ အမှုဆောင်ဒါရိုက်တာ အဖွဲ့ရဲ့ သက်တမ်းက
သုံးနှစ်ဖြစ်တာမို့ ၂ဝ၁၇ ခုနှစ်အထိ ဆောင်ရွက်မယ့်အစီ အစဉ်တွေကို ဆွေးနွေးကြတယ်။ ဗိမာန်ရဲ့
အဓိက ဆောင်ရွက်ချက်က နှစ်ခုဖြစ်ပါတယ်။ တစ်ခုကတော့ မဟတ္တမဂန္ဒီကြီးရဲ့ ငြိမ်းချမ်းရေးအကြမ်းမဖက်ရေး
လမ်းစဉ်ကို ပညာရေးနဲ့ ဘယ်ပုံဘယ်နည်းဖန်တီးသင့်သလဲ ဆိုတာကို အစီအစဉ်တွေဆွဲပြီး နိုင်ငံအသီးသီးမှာရှိတဲ့
ပညာရေးစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွေနဲ့ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့
အနေအထား နဲ့တော့ ကွက်တိပါပဲ။ ဒါပေမယ့်ဝမ်းနည်းစရာကောင်း တာက ဒါတွေကို ဆွေးနွေးခြင်း
မလုပ်နိုင်ခဲ့ပါဘူး။ အမှန်တော့ ပညာရေးဆိုတာ (Learning) သင်ယူ၊ ခံယူမှုဖြစ်ပါတယ်။ သင်ယူ၊
ခံယူတဲ့နေရာမှာလည်း အခြေခံအားဖြင့် လေးရပ်ရှိပါတယ်။
၁။ Learning to Know- သိအောင်သင်ယူခံယူခြင်း၊
၂။ Learning to do -တတ်အောင်သင်ယူခံယူခြင်း၊
၃။ Learning to Live Together- အတူတကွ ရှင်သန်နေထိုင်နိုင်ရေးအတွက် သင်ယူခံယူခြင်း၊
၎။ Learning to be- မိမိဘဝကို အပြည့်အဝ ဖန်တီးနိုင်အောင် သင်ယူခံယူခြင်း။
ပညာရေးစနစ်တစ်ခုကိုသုံးသပ်ရာမှာ ဒီအခြေခံ လေးရပ်နဲ့ဆန်းစစ်ဖို့လိုအပ်ပါတယ်။ ပညာရေးစနစ်
တစ်ခုရဲ့ ရည်မှန်းချက်က ဒီလေးရပ်ကို အခြေခံထားရ မှာဖြစ်ပါတယ်။ ပထမအချက် နှစ်ခုဖြစ်တဲ့
သိရုံတတ်ရုံ နဲ့ မလုံလောက်ပါဘူး။ လူသားတစ်ဦးရဲ့ လူ့တန်ဖိုးကို ဖော်ထုတ်နိုင်စွမ်းရှိဖို့
လိုအပ်လှပါတယ်။
ပထမနေ့အစည်းအဝေးအပြီး ညဘက်မှာ အိန္ဒိယ ယဉ်ကျေးမှု အကပဒေသာပွဲကို သွားခဲ့ကြတယ်။
တစ်ကိုယ်တော်အက၊ ကကွက်တွေက ကောင်းလိုက် တာ။ ညစာကို ဒေလီမြို့မှာနာမည်ကြီးတဲ့ အစိုးရအရာရှိ
ကြီးတွေသွားတဲ့ International Club ကို သွားကြတယ်။ မြန်မာပြည်မှာဒီ Club တွေဟာ တစ်ချိန်က
အထင် အရှားရှိခဲ့တယ်။ ပဲခူး Club ၊ ဂျင်ခါနာ Club အစရှိတဲ့ မျက်နှာဖြူများသာဝင်ရောက်နိုင်တဲ့
ကိုလိုနီစနစ်ရဲ့ အရုပ်ဆိုးတဲ့ ပုံရိပ်တွေဖြစ်တယ်။ အိန္ဒိယပြည်မှာ တော့ ဒါတွေကို ဆက်ပြီးထိန်းသိမ်းထားခဲ့ကြတယ်။
မျက်နှာဖြူတွေအစား အခုတော့ တိုင်းရင်းသားတွေ ဖြစ်နေကြပြီ။ ပညာတတ်တွေ၊ အစိုးရအရာရှိတွေ။နောက်တစ်နေ့
ကျွန်တော်က ဒါရိုက်တာအစည်းဝေးခဏတက်ရောက်ခဲ့ပြီး ဆက်စရာခရီးဖြစ်တဲ့ လန်ဒန်ကို လေယာဉ်ပျံနဲ့
ထွက်ခွာလာခဲ့ပါတယ်။ ။
ပါမောက္ခဒေါက်တာအောင်ထွန်းသက်
No comments:
Post a Comment