Sunday, July 12, 2015

၂၀၁၅ခုနှစ်၊ အာရှသက်ငယ်တန်း နပမ်းပြိုင်ပွဲ (၁၂.၇.၂၀၁၅)ရက်နေ့ဆက်လက်ကျင်းပ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက်ကြည့်ရှု အားပေး ဆုများချီးမြှင့်




နေပြည်တော်  ဇူလိုင် ၁၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားဝန်ကြီးဌာန တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အာရှနပမ်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံနပမ်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာရှသက်ငယ်တန်းနပမ်းပြိုင်ပွဲ Asian Junior Wrestling Championship ပြိုင်ပွဲကို (၁၂.၇.၂၀၁၅) ရက်နေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဃ)၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများချီးမြှင့်သည်။


အဆိုပါ အာရှသက်ငယ်တန်းနပမ်းပြိုင်ပွဲ တတိယနေ့ပွဲစဉ်သို့ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အာရှနပမ်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ နပမ်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် (၁၉)နိုင်ငံမှ အားကစားသမားများ၊ နပမ်း အားကစားကို စိတ်ပါဝင်စားကြသော အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးပါသည်။

ရှေးဦးစွာ အာရှသက်ငယ်တန်းနပမ်းပြိုင်ပွဲ နောက်ဆုံးနေ့ပြိုင်ပွဲများဖြစ်သော ဗိုလ်လုပွဲစဉ်များ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် များ၊ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြပါသည်။  
      
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ Free Style (Juniors Women) 55 Kg N ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသူများအား ကမ္ဘာ့နပမ်းအဖွဲ့မှ တာဝန်ရှိသူမှ လည်းကောင်း၊ Free Style (Juniors) 60  Kg ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိကြသူများ အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ Free Style (Juniors Men) 55 Kg ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိကြသူများအား ကမ္ဘာ့နပမ်းအဖွဲ့ချုပ် မှလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။


အဆိုပါ ၂၀၁၅ခုနှစ်၊ အာရှသက်ငယ်တန်း နပမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံစုစုပေါင်း (၁၉)နိုင်ငံဖြင့် ဇူလိုင်လ(၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ပွဲရုံ(ဃ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment