Wednesday, July 22, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၁ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇူလိုင် ၂၂
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၁ ရက်မြောက်နေ့၌ မေးခွန်း ၅ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည် ပြုခြင်း၊ လွှတ်တော်က ဆွေးနွေးစဉ်းစားနိုင်ရန် အဆိုတင်သွင်းခြင်းနှင့် အစီရင်ခံစာများ ဖတ်ကြား တင်သွင်းခြင်းတို့ ဆောင်ရွက်ကြသည်။


မေးခွန်းများမေးမြန်းရာတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဦးခင်မောင်ရီက နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီမဟုတ်ဘဲ အရက်လိုင်စင် ချထားပေးခြင်းကို မည်သို့ဆောင် ရွက်ခဲ့ သည်၊ မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ ယစ်မျိုးနည်းဥပဒေ ၄ တွင် လိုင်စင် အမျိုးအစားပေါင်း ၄၁ မျိုး ပြဋ္ဌာန်း ထားသော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လိုင်စင် အမျိုးအစားပေါင်း ၃၀ ကိုသာ ခွင့်ပြုချ ထား လုပ်ကိုင်လျက်ရှိပါကြောင်း။
၂၀၁၁-၂၀၁၂ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေအတွက် ၄၁၃၀၃ ခု၊ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် လိုင်စင်အရေအတွက် ၄၁၂၉၃ ခု၊  ၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္ဍာရေး နှစ်တွင် လိုင်စင် အရေ အတွက် ၄၁၂၆၃ခု၊ ၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လိုင်စင် အရေအတွက် ၄၁၂၁၀ ခု၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လိုင်စင် အရေအတွက် ၄၀၉၅၁ ခု ဖြင့် တစ်နှစ်ထက်တစ်နှစ် ယစ်မျိုး လိုင်စင် အရေအတွက်များကို လျှော့ချ၍ ခွင့်ပြု ပေးလျက်ရှိပါကြောင်း။
၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ယစ်မျိုးလိုင်စင် ၈၉ ခုကို မြန်မာနိုင်ငံယစ်မျိုး  အက်ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နောက်ဆက်တွဲ ခွင့်ပြုပေးခဲ့သဖြင့် စုစုပေါင်း ယစ်မျိုး လိုင်စင် ၄၁၀၄၀ ခု ခွင့်ပြုပေးခဲ့ ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်ထက် လိုင်စင်အရေအတွက် ၁၇၀ ခု လျော့နည်း ခွင့်ပြုခဲ့ပါကြောင်း၊ ခွင့်ပြုချထားပေးခဲ့သော ယစ်မျိုးလိုင်စင်များအနေဖြင့် ပြဋ္ဌာန်း ထားသော ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ တရားမဝင်ရောင်းချခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဒေါက်တာမြတ်ဉာဏစိုးက တစ်မျိုးသား လုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် အမျိုးသားအဆင့် အားကစားစီမံကိန်း၊ လူငယ် အားကစားစီမံကိန်း၊ အားကစား ဥပဒေတို့နှင့် မြို့နယ်တိုင်းအတွက် တစ်ပြေးညီလုံလောက်သော အားကစားကွင်း၊ အားကစားရုံတို့ ပေါ်ပေါက်လာစေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်တွင် အားကစား ကွင်း၊ အားကစားရုံရှိသော မြို့နယ် ပေါင်း ၂၉၃ မြို့နယ်ရှိပြီး အားကစားကွင်းသာ ရှိသည့် မြို့နယ် ၁၅၄ မြို့နယ်၊ အားကစားရုံ သာရှိသည့် မြို့နယ် ၂ မြို့နယ်နှင့် အားကစားကွင်း၊ အားကစားရုံမရှိသော မြို့နယ် ၄၀ မြို့နယ် ကျန်ရှိနေပါသေးကြောင်း။
တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ အားကစားရုံများအနက်မှ အချို့သော အားကစား ကွင်း/အား ကစားရုံများသည် အားကစားဝန်ကြီးဌာန စတင်ဖွဲ့စည်းသည့်အချိန်တွင် အခြားသော ဌာန/အဖွဲ့ အစည်းများ၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိနေပြီး အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်း မရှိပါကြောင်း၊ အခြားအဖွဲ့အစည်း အသီးသီးအနေဖြင့် အားကစားကွင်း၊ အားကစားရုံများကို အခြား နည်းလမ်း ပြောင်းလဲအသုံးပြုခြင်း၊ မြေနေရာများ ပေါ်တွင် အဆောက်အဦ တည်ဆောက်ခြင်းများ ပြုလုပ် လိုပါက အားကစားဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်အစိုးရထံသို့ တင်ပြဆောင်ရွက်သင့်ပါကြောင်းနှင့် အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရထံသို့ မူဝါဒတောင်းခံပြီး ဆက်လက်ဆောင်ရွက် သင့်ပါကြောင်း။
ထို့ပြင် အားကစားဝန်ကြီးဌာနအနေဖြင့် Myanmar Sport Master Plan အား ရေးဆွဲထား ရှိပြီးဖြစ် ပါကြောင်း၊ အတည်ပြုချက်ရရှိမှုနှင့် နိုင်ငံတော်၏ ဘတ်ဂျတ်ရန်ပုံငွေ ခွဲဝေချထားမှုအပေါ် မူတည်၍ စီမံချက်ပါလုပ်ငန်းများကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားဖြစ် ပါကြောင်းနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် မြန်မာနိုင်ငံအမျိုးသား အားကစားဥပဒေကို ရေးဆွဲထားရှိပြီး လွှတ်တော်သို့ တင်သွင်းရန် စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ဖြေကြား သည်။
ယနေ့အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသော အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေ ကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက ဖတ်ကြားတင်သွင်းခြင်းတို့ ဆောင်ရွက် ကြသည်။
ထို့ပြင် အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားနိုင်ရန် ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက လည်းကောင်း၊ သွေးနှင့် သွေးပစ္စည်းများ ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက လည်းကောင်း အဆိုတင်သွင်းခဲ့သည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သွေးနှင့် သွေး ပစ္စည်း များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား လွှတ်တော်က လက်ခံဆွေး နွေးသွား မည်ဟု သိရှိရပြီး  ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီ ကလည်း အဆိုပါ ဥပဒေကြမ်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။

No comments:

Post a Comment