Wednesday, July 22, 2015

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၇၉ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၂၂
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၉ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ ဆည်မြောင်းကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ မေးခွန်းများမေးမြန်း ဖြေကြားခြင်း၊  ဥပဒေကြမ်း သုံးခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။


အစည်းအဝေး၌  စဥ့်ကိုင်မဲဆန္ဒနယ်မှ ဦးကြည်ပြုံး၏ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ဇော်ဂျီ မြစ်ဆိုင်ရာ ဆည်ရေ သောက်စနစ်တွင် ပါဝင်သော စွန်ရဲကန်နှင့် မင်းလှကန်တို့အား အပြီးသတ်တူးဖော်ပေးရန်နှင့် ရေကန်များ၏ ဧရိယာသတ်မှတ်၍ နယ်နိမိတ်အတွင်း ကျူးကျော်မှုများကို တားဆီးပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးခင်ဇော်က ကန်များ၏ ရေလှောင်ပမာဏကို သိရှိနိုင်ရန် အတွက် ခေတ်မီတိုင်းတာရေးကိရိယာများဖြင့် ပြန်လည်တိုင်းတာရေးကို စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကန်နယ်နိမိတ်တိုင်းတာခြင်းကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ် ရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စွန်ရဲကန်နှင့် မင်းလှကန်များ ဆက်လက်တူးဖော်နိုင် ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မူလရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့သော်လည်း ဦးစားပေးအလိုက် ရန်ပုံငွေ စိစစ်လျှော့ချသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထပ်မံတင်ပြ တောင်းခံပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ခန္တီးမဲဆန္ဒနယ်မှဦးလှထွန်း၏ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်း သည် တစ်နှစ်  ထက်တစ်နှစ် မြစ်ကြောင်းကောက်လာပြီး ကုန်တင်မော်တော်ယာဉ် များသွားလာရာ၌ အခက် အခဲကြုံ တွေ့နေရပါသဖြင့် ချင်းတွင်းမြစ်ကြောင်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ မည်သို့ စီမံဆောင် ရွက်နေသည် ကိုသိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဟံစိန်က ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရေကြောင်း ကြပ်တည်းမှု ဖြစ်ပေါ်လေ့ရှိသော ခန္တီးရေလမ်း၊ ဟုမ္မလင်းရေလမ်း၊ နတ်စက်ရေလမ်း၊ ရှားပင်ရေလမ်းနှင့် မဲဒင်ရေလမ်းများတွင် ရေလမ်းကြောင်းကောင်းမွန်ရေး အစီအမံများ ဆောင်ရွက်နိုင်ရေးအတွက် နှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံသွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ချင်းတွင်းမြစ်ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် ချင်းတွင်းဝ-မုံရွာရေလမ်းပိုင်းကောင်းမွန်ရေးအတွက် မျောတိုင်တန်း ကျောက်ဖြည့်ရေကာ အလျားမီတာ(၂၅၀)၊ မျောတိုင် တန်းကျောက်ဖြည့် ရေလွှဲရေကာ အလျား မီတာ(၁၀၀)နှင့် သောင်တူးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မုံရွာ-မင်းကင်းရေလမ်းပိုင်းကောင်းမွန်ရေးအတွက် မျောတိုင် တန်းကျောက်ဖြည့် ရေကာအလျားမီတာ (၃၀၀)၊ မင်းကင်း-မော်လိုက် ရေလမ်းပိုင်း ကောင်းမွန်ရေး အတွက် မျောတိုင်တန်းကျောက်ဖြည့် ရေကာအလျားမီတာ(၁၂၀) ဆောင်ရွက်ရန်လျာထားပြီး အရေးပေါ် ရေလမ်းပြုပြင်ထိန်းသိမ်းရေးအတွက်ဘဏ္ဍာငွေကျပ်သန်းပေါင်း ၂၆ ဒသမ ၈ သန်းလျာ ထားဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်သွင်း သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့သည်။

ထို့ပြင် အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုတစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ပြီး လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့်အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်သည်။

No comments:

Post a Comment