Monday, July 6, 2015

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၆၇) ရက်မြောက်နေ့ ကျင်းပ




နေပြည်တော်၊ ဇူလိုင်   ၆

ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၆၇) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာခင်ရွှေ၏ တွံတေးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ငါးအစာ တောင့်အကြွေးမကျေ၍ ယခင်တရားမကြောင်းနှင့် စွဲဆိုထားခဲ့ရာမှ ယခုအရေးယူ ထားသော အပက(၃)ပုဒ်မအား အခြား ပုဒ်မတစ်ခုသို့ သက်ညှာစွာ ပြောင်းလဲပေးနိုင်ခြင်း ရှိ/ မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က တရားရုံးတွင် တရားစွဲတင်ပြီးနောက် ကြွေးမြီ အပြေအကျေ ပေးဆပ်ပါက အမှုကို ရုပ်သိမ်းနိုင်ပါကြောင်း၊ အမှုတစ်ခုချင်း၏ အကြောင်းအချင်းအရာ၊ ကြွေးကျန်ရှိသည့် ငွေကြေးပမာဏနှင့် ကြွေးကျန် လုပ်ငန်းရှင်၏ ပြုမူဆောင်ရွက်ချက် စသည့် အချက်များအပေါ် မူတည်၍ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက ငြိစွန်းမှုရှိသည့် ဥပဒေနှင့်အညီ လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးဆလိုင်းခွဲယန်၏ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ (၅) နှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်များအား ပြင်ဆင်သတ်မှတ်ပြောင်းလဲပေးရန်အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်က သင်တန်းဝင်ခွင့် လျှောက်လွှာပါ ကန့်သတ်ချက်များရှိ မိဘနှစ်ပါးစလုံးသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟူသည့် အချက်အား လျှောက်ထားသူသည် ပါတီ နိုင်ငံရေး ကင်းရှင်းရမည် ဟူ၍လည်းကောင်း၊ အားကစား တစ်မျိုးမျိုးထူးချွန်သူဟူသည့်အချက်အား အားကစားထူးချွန် သူများကို ဦးစားပေးမည်ဟူ၍ လည်းကောင်း၊ မိဘနှစ်ပါးစလုံးသည် ဒေသခံဇာတိဖြစ်ရမည်ဟူသည့် အချက်အား မိဘနှစ်ပါးစလုံးသည် ဒေသတွင် အမှန်တကယ်နေထိုင်သူများ ဖြစ်ရမည်ဟူ၍ လည်းကောင်း ဖြေလျော့ပြင်ဆင် သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် ရှင်းလင်းသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးနိုင်ထွန်းအုံ ၏ ကျောင်းအခြေပြုမူကြို (ECD) ဆရာမများအား အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်ထားပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်း က မူကြိုဆရာမများ အဖြစ် ခန့် ထားနိုင်ရေးအတွက် မူဝါဒများရေးဆွဲခြင်း၊ လိုအပ်သော ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များ စိစစ် ဆောင်ရွက်နေခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုချက် ရရှိမှသာလျှင် အမြဲတမ်း ၀န်ထမ်းအဖြစ် ခန့်ထားပေးနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးအုန်းတင်၏ မာန်အောင်မြို့နယ် ကျူကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း (လွန်) ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှုမရှိပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံ ပညာ မူလတန်းလွန်ကျောင်းအဖြစ်အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပေးပို့ထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပို့ထားသည့် ရှေးဟောင်းဝတ္ထု ပစ္စည်းများကာကွယ် ထိန်းသိမ်းရေး ဥပဒေ ကြမ်းနှင့် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ ကိုလွှတ်တော်က  အတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိန်းလွင်၊ ဗိုလ်မှူးဝင်းသိန်း နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နိုင်ဌေးက လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး မျိုးမင်းသန့်က လည်းကောင်း၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မောင်မောင်ငြိမ်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့က လည်းကောင်း၊ နေပြည်တော် ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအောင်သက်မြင့်က လည်းကောင်း၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတိုးမင်းထွန်းက လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်) 

No comments:

Post a Comment