Sunday, July 12, 2015

ယခုလအတွင်း ရာထူးဝန်အဖွဲ့မှ တစ်ဆင့် လျှောက်လွှာ ခေါ်ယူထားသည့် ဆရာဝန်များကို လူတွေ့ နှုတ်ဖြေ ဖြေဆိုခြင်းဖြင့်သာ ရွေးချယ်ခန့်ထားမည်

နေပြည်တော် ဇူလိုင် ၁၁
ယခုနှစ်တွင် ရာထူးဝန်အဖွဲ့မှတစ်ဆင့် လျှောက်လွှာ ခေါ်ယူထားသည့် ဆရာဝန်များကို လူတွေ့နှုတ်ဖြေ ဖြေဆိုခြင်းဖြင့်သာ ရွေးချယ် ခန့်ထားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

''ဒီလအတွင်း သတင်းစာမှာခေါ်ယူထားတဲ့ ဆရာဝန်ဦးရေ ၄ဝဝ ကို မကြာခင်မှာ အင်တာဗျူးလုပ်ပြီး ခန့်ထားမှာ ဖြစ်ပါတယ်။ ဆရာဝန် လိုအပ်ချက် မြင့်မားနေတဲ့အတွက် PSC ကခေါ်တဲ့အခါမှာ အင်တာဗျူးနဲ့ပဲ ခေါ်ပါမယ်။ ရေးဖြေ ဖြေဆိုခြင်း မရှိဘဲနဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်''ဟု အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ် ဆရာဝန်ဦးရေ ၁၂ဝဝ ကျော် မွေးထုတ်လျက်ရှိပြီး ယခုနှစ်တွင် ပိုမိုရွေးချယ် ခေါ်ယူရန် လျာထားသည်။ ထို့ပြင် လျှောက်လွှာ ခေါ်ယူပြီး အရေအတွက် ၄ဝဝ အပြင် ဦးရေ ၈ဝဝ ထပ်မံ ခေါ်ယူရန် လျာထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ထမ်းများတွင် အစိုးရဆေးရုံ၊ ဆေးခန်းများနှင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း၊ အဖွဲ့အစည်းများတွင် လုပ်ငန်းခွင် ဝင်ရောက်နေသူများ ရှိနေပြီး အစိုးရဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် သတ်မှတ် ကာလအတိုင်း တာဝန် ထမ်းဆောင်ခြင်း မရှိသည့် ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေး ဆိုင်ရာ တက္ကသိုလ်နှင့် သင်တန်းများ မတက်ရောက်မီက ချုပ်ဆိုထားသည့် စာချုပ်ပါစည်းမျဉ်း၊ စည်းကမ်းအတိုင်း လျော်ကြေးငွေ ပေးဆောင်ရမှု ရှိနေသေးကြောင်း သိရသည်။
ထိုသို့ပေးဆောင်ရခြင်းနှင့် ပတ်သက်၍ အမြဲတမ်းအတွင်းဝန်က ''ပုံမှန် ဆိုရင် ဘွဲ့လွန်တက်တယ်ဆိုရင် Bond ထိုးရတယ်။ နောက်ပိုင်းမှာ Bond ထိုးထားသော်လည်း ဖြေလျှော့ပေးလိုက်တာတွေ ရှိပါတယ်။ တချို့ကျတော့လည်း အလုပ်ကနေ ထွက်သွားတယ်။ Dismiss ဖြစ်သွားတယ်ဆိုရင် အရင်တုန်းက လျော်ကြေးတောင်းတာရှိတယ်။ ဒါတွေလည်း ဖြေလျှော့ပေးပါတယ်။ တော်တော် များများကတော့ ပြန်လျော်ရတာ နည်းပါတယ်'' ဟုပြောသည်။
သူနာပြုဆရာမများအနေဖြင့် သူနာပြုဒီပလိုမာသင်တန်း တက်ရောက် စဉ်တွင် ပညာသင်ထောက်ပံ့ငွေ ယခင်က တစ်လလျှင် ငွေကျပ် ၁၅ဝဝဝ ခံစား ခွင့်ပေးထားပြီး ၂ဝ၁၅ ခုနှစ် ဧပြီလမှစ၍ တစ်လလျှင် ငွေကျပ်သုံးသောင်းသို့ တိုးမြှင့် ထောက်ပံ့ပေးလျက် ရှိကာ သင်တန်းပြီးဆုံးပါက နိုင်ငံတော်က ပေးအပ်သော တာဝန်များကို အနည်းဆုံး သုံးနှစ်တာ တာဝန် ထမ်းဆောင်ရန် သတ်မှတ် ထားသည်။
''ပညာသင် ထောက်ပံ့ကြေး ပံ့ပိုးပေးထားတဲ့ ဒီပလိုမာရရှိတဲ့ သူနာပြု ဆရာမတွေအနေနဲ့ နိုင်ငံတော် တာဝန်ကို သုံးနှစ် ထမ်းဆောင်ရမှာ ဖြစ်ပြီး သုံးနှစ်ပြည့်မြောက်ပြီးရင် နုတ်ထွက်လိုက ထွက်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်က စိုက်ထုတ်ပြီး မွေးထုတ်ခဲ့တဲ့ ဆရာမတွေဖြစ်တယ်။ နိုင်ငံတော်ကလည်း လိုအပ်နေတယ်။ တာဝန်လုံးဝ ထမ်းဆောင်ခြင်း မရှိဘဲ အပြင်ရောက် နေတာက များနေတဲ့အတွက် ငွေကြေးအနေနဲ့ ပေးလျော်ဖို့ သတ်မှတ် ထားတာပါ။ မွေးထုတ်ထားတဲ့ သူနာပြုဦးရေ မနည်းဘဲ လက်ရှိ Work Force ကနည်းနေတာနဲ့ ပညာသင် ထောက်ပံ့ကြေးကြောင့် လျော်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်က အခုဖြေလျှော့ပေးတဲ့ အနေအထားတွေ အများကြီးရှိပါတယ်''ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်နွဲ့နွဲ့ခင်က ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ရာတွင် လူဦးရေနှင့် ကျန်းမာရေးဝန်ထမ်း အချိုးအစား ကွာဟချက် ရှိနေပြီး ပုဂ္ဂလိကကဏ္ဍမပါဝင် သည့် ကျန်းမာရေး စောင့်ရှောက်မှုတွင် လူဦးရေ ၂၆၉၂ ဦးတွင် ဆရာဝန်တစ်ဦး နှုန်းရှိကာ ခန့်အပ်ထားရမည့် ဆရာဝန်ဦးရေ သုံးသောင်းခန့်တွင် ၁၅ဝဝဝ ခန့် ခန့်ထားပြီးဖြစ်သည်။

ထို့ပြင် ၁၉၈၈ မှ ၂ဝ၁၄ ခုနှစ်အတွင်း သူနာပြုသိပ္ပံဘွဲ့ရ ဆရာမအရေ အတွက် ၅၇၇၁ ဦးနှင့် ဒီပလိုမာရရှိသည့် သူနာပြု ဆရာမများ အရေအတွက် ၂၃၁၂၄ ဦးရှိပြီး သားဖွားဆရာမ ဦးရေ သုံးသောင်းကျော်ရှိကာ စုစုပေါင်း ခြောက်သောင်း နီးပါး မွေးထုတ်နိုင်ခဲ့သည်။ လက်ရှိတွင် သူနာပြုဆရာမ ဦးရေ ၁၆ဝဝဝ ကျော်နှင့် သားဖွား ဆရာမ ၁ဝဝဝဝ ကျော် တာဝန် ထမ်းဆောင်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။ 

No comments:

Post a Comment