''ဪ ... သားတို့ သမီးတို့ပါလား။ လာကြ လာကြ။
ဘယ်ကလှည့်လာကြသလဲ''
လူငယ်တစ်စုရောက်လာသဖြင့် ဆီးကြိုနှုတ်ဆက်လိုက်
ပါသည်။ လာဖူးသော လူငယ်များဖြစ်သည်။ ဂျာနယ် တိုက်မှာ လုပ်သူလည်းပါသည်။ အသံလွှင့်မီဒီယာတစ်ခု
မှာ အသံလွှင့်သူလည်း ပါသည်။
''ဆရာ့ဆီမရောက်တာကြာလို့ ချိန်းပြီးလာကြတာပါ
ဆရာ။ ဆရာနေကောင်းပါတယ်နော်''
''အေး ...ကောင်းပါတယ်ကွယ်။ လူစုပြီး လာပုံ ထောက်တော့
မေးစရာပြောစရာပေါ်လာပြန်ပြီ ထင်ပါ ရဲ့''
''ဟုတ်ကဲ့။ ဆရာတို့ဆွေးနွေးတဲ့ အပြောစကားပြေ
အစဉ်အလာအကြောင်း ပြည့်ပြည့်စုံစုံသိလိုက်ရလို့ သမီး တို့အတွက် အများကြီး အကျိုးရှိပါတယ်
ဆရာ။ စကား ပြေနဲ့ပတ်သက်ပြီး သိချင်တာတစ်ခုရှိလို့ သူတို့နဲ့ တိုင် ပင်ပြီး ဆရာ့ဆီလာကြတာပါ''
''ဘာသိချင်တာပါလိမ့်ကွယ်''
''သမီးတို့ မြန်မာစာပေမှာ အရင်က စကားပြေကောင်း
ကောင်း မထွန်းကားဘူးဆိုတာ ဟုတ်ပါသလားဆရာ''
''ကဲ ... သမီးသိထားတာကို ရေရေလည်လည် ကလေး ပြောပြပါလားကွယ်''
''ဒီလိုပါဆရာ။ သမီးတို့ ပထမနှစ်တုန်းက သင်ရတဲ့
ဆရာကြီး ဦးဖေမောင်တင်ရဲ့ မြန်မာစာအရေးအသား တိုးတက်စေနည်းဆိုတဲ့ စာထဲမှာ ဆရာကြီးက မြန်မာစာ
တွေဟာ ပိဋကတ်စာပေတွေကို မြန်မာစကားပြေကောင်း ကောင်းနဲ့ ကျကျနန ဘာသာမပြန်ခဲ့ကြဘဲ ပါဠိမြန်မာ
နိဿယနဲ့ပဲ ဘာသာပြန်ခဲ့ကြလို့ စကားပြေမထွန်းကားဘဲ နှစ် ၇ဝဝ လောက် ပုပ်သွားတယ်လို့ ဆိုထားပါတယ်။
အဲဒီအကြောင်းကို သေသေချာချာ သိချင်လို့ပါ''
''အင်း ဆရာကြီး ဦးဖေမောင်တင်အမိန့်ရှိတဲ့အတိုင်း
ပါပဲ၊ ဆရာတို့ မြန်မာစာပေမှာ ကဗျာထွန်းကားသလောက် စကားပြေက မထွန်းကားဘဲ ခပ်မှိန်မှိန်ဖြစ်နေတာ
နှစ် ၇ဝဝ လောက် ကြာတယ်လို့ ဆိုရမှာပေါ့။ မြန်မာစာပေါ်စ ၁၂ ရာစုမှာတော့ အလှူမှတ်တမ်းတွေကို
ကျောက်စာ ထိုးပြီး စကားပြေနဲ့ မှတ်တမ်းတင်ခဲ့တာပေါ့။ နောက်ပိုင်း မှာတော့ ပျို့၊ မော်ကွန်း၊
ဧချင်း၊ ရတုအစရှိသည်ဖြင့် ကဗျာတွေ အင်နဲ့အားနဲ့ထွန်းကားလာတယ်။ ကဗျာနဲ့ ယှဉ်ကြည့်ရင်
ပေါ်လာတဲ့စကားပြေတွေက အရေအတွက် သိပ်နည်းတယ်။ စကားပြေကောင်းတွေ အနည်းအကျဉ်း တော့ ပေါ်ပါရဲ့။
ဒါပေမယ့် အရေအတွက်က လက်ချိုး ရေလို့ရတယ်။ ပြီးတော့ ဆရာကြီးပြောသလိုပဲ စကား ပြေအများစုက
ပါဠိတစ်ချက် မြန်မာတစ်ချက် နိဿယ ပြန်တဲ့ပုံစံနဲ့ရေးတဲ့ ဗုဒ္ဓစာပေတွေပဲ။ မြန်မာစကားပြေ
သန့်သန့်မဟုတ်ဘူးကွယ့်''
''အဲဒါ ဘာဆိုလိုတာပါလဲဆရာ''
''သမီးတို့ နားလည်လွယ်အောင်ပြောရရင် ဗုဒ္ဓံ မြတ်စွာ
ဘုရားကို သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ၊ ဆည်းကပ်ပါ ၏'ဆိုတဲ့ ရေးပုံမျိုးက ပါဠိတစ်ချက်
မြန်မာတစ်ချက် ဘာသာပြန်ရေးတာ၊ ပါဠိကို အမှီပြုရတာမို့ နိဿယ ပြန်တယ်လို့ ခေါ်တယ်။ အဲဒီလိုမရေးဘဲ
'မြတ်စွာဘုရား ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏'လို့ ရေးရင်တော့ ပါဠိမပါဘဲ မြန်မာစကားပြေနဲ့ပဲရေးတာ
မဟုတ်လား။ အဲဒါကို မြန်မာစကားပြေသန့်သန့်လို့ ပြောတာပါ။''
''ဪ ... ဟုတ်ကဲ့ပါ''
''အဲဒီစကားပြေမျိုးကို အင်းဝခေတ်ကနေ ကုန်းဘောင်
ခေတ်အထိ တွေ့ရတယ်လေ။ ဒီတော့ မြန်မာစကားပြေ သန့်သန့် အားကောင်းသင့်သလောက် မကောင်းဘူးပေါ့။
သားတို့ သမီးတို့သိတဲ့အတိုင်း ကိုလိုနီခေတ် ၂ဝ ရာစု အစောပိုင်းမှာ မြန်မာနိုင်ငံကို
ပုံနှိပ်စက်တွေရောက်လာ ပြီး သတင်းစာတွေပေါ်လာတော့မှ စကားပြေ တဖြည်း ဖြည်းထွန်းကားလာတာလေ။
ဒီတော့ ၁၃ ရာစုလောက် ကတည်းက ထွန်းကားသင့်တဲ့ စကားပြေဟာ ၂ဝ ရာစု ကျမှ ထွန်းကားလာရတာမို့
နှစ် ၇ဝဝ လောက် ပုပ်သွား တယ်လို့ ဆရာကြီးထောက်ပြတာ အဲဒီအဓိပ္ပာယ်ပေါ့ ကွယ်''
''ဟုတ်ကဲ့ နားလည်ပါပြီဆရာ''
''ဆရာကြီး ဦးဖေမောင်တင်ပြောတဲ့အထဲမှာ မှတ်သား
စရာတစ်ခုပါသေးတယ်ကွဲ့''
''ဪ ... သမ္မာကျမ်းစာကို အကောင်းဆုံး အင်္ဂလိပ်စကားပြေနဲ့
ပြန်ထားပြီးပြီဆိုတဲ့ အချက်လား ဆရာ''
''ဟုတ်တယ်။ ဆရာကြီးက သာဓကအနေနဲ့ ပြောတာ ပါ။
အင်္ဂလိပ်တွေဟာ ခရစ်ယာန်ဘာသာကို စကိုးကွယ် ကတည်းက သမ္မာကျမ်းစာကို လူအများနားလည်အောင်
အင်္ဂလိပ်လို အကြိမ်ကြိမ်အဆင့်ဆင့် ဘာသာပြန်ခဲ့လို့ ခုဆိုရင် သမ္မာကျမ်းစာဟာ အင်္ဂလိပ်စကားပြေအရေး
အသားမှာ အကောင်းဆုံးဖြစ်နေပြီတဲ့''
''ဆရာ ပိဋကတ်သုံးပုံကိုလည်း မြန်မာစကားပြေ ကောင်းကောင်းနဲ့
ဘာသာပြန်ပြီးပြီ မဟုတ်လားဆရာ''
''အင်း ပိဋကတ်တော်တွေကို မြန်မာစကားပြေနဲ့ ဘာသာပြန်ပြီးတဲ့
အခြေအနေက ၂ဝ ရာစုမှာမှ ဖြစ်လာ တာပါ။ ဆဋ္ဌသင်္ဂါယနာတင်ပြီးတော့ ပိဋကတ်ဘာသာ ပြန်အဖွဲ့ရဲ့
ကြိုးပမ်းမှုကြောင့် ပိဋကတ်ဘာသာပြန်တွေ ပေါ်လာလို့ မြန်မာလိုဖတ်နိုင်တဲ့အဆင့် ရောက်တာ
ဝမ်းသာစရာပဲလေ။ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်ပညာရှင် ကြီးတွေရဲ့ ကြိုးပမ်းမှုပေါ့။ အဲဒီမတိုင်ခင်
လယ်တီဆရာ တော်ဘုရားကြီး လက်ထက်တုန်းက အဲဒီအခြေအနေ မရောက်သေးဘူးကွယ့်''
''ပြောပြပါ ဆရာ''
''အေး ... သားတို့ သမီးတို့ မှတ်ရအောင်ပြောပြ
မယ်။ ၁၂၇ဝ ခုနှစ်တုန်းက လယ်တီဆရာတော်ဘုရား ပုသိမ်မြို့မှာ တရားဟောတယ်။ တရားထဲမှာ ပါဠိမပါ
ဘဲ မြန်မာလိုပဲ ဟောတဲ့အတွက် မြို့သူမြို့သားတွေက ကဲ့ရဲ့ကြသတဲ့''
''ဟင် ... ဟုတ်လားဆရာ''
''လယ်တီဆရာတော်ကြီးကိုယ်တိုင် အင်စပက်တော် မောင်ကျော်စံဆိုတဲ့ပုဂ္ဂိုလ်ကို
မိန့်ကြားတဲ့စကားရှိတယ်။'' လယ်တီဆရာတော်ဟောတဲ့ တရားကလည်း ပါဠိတစ်တို တစ်စ တစ်ပုဒ်တစ်ဂါထာတောင်မပါဘဲ
မြန်မာစကား ပြေသက်သက်နဲ့ ဟောတာမို့ ဆားမပါတဲ့ဟင်းလို ပေါ့ ပျက်ပျက် ရှိလှချေရဲ့ဆိုပြီး
ကဲ့ရဲ့ကြတဲ့အကြောင်း ဆရာတော်က မောင်ကျော်စံကို ပြောပြတယ်''
''ဪ ...''
''ပြီးတော့ ဆရာတော်က ဆက်ပြီး မိန့်ကြားတယ်။
အဲဒီစကားဟာ တော်တော် မှတ်သားစရာ ကောင်းတယ် ကွယ့်'' သားတို့သမီးတို့ လေ့လာချင်ရင် သာသနာရေး
ဦးစီးဌာနကထုတ်တဲ့ လယ်တီဒီပနီပေါင်းချုပ် ပထမတွဲ နိဒါန်းမှာပါတယ်''
''ဟုတ်ကဲ့ပါ''
''ဆရာလည်း ဆရာတော်ကြီးရဲ့စကားကို အကြိမ်ကြိမ်
ဖတ်ထားလို့ အလွတ်ရနေပြီ။ ဆရာတော်ကြီးက ဘယ်လို မိန့်ကြားသလဲဆိုရင် 'တို့ ဗမာလူမျိုးတွေ
ခက်နေတာက ကိုယ်နားမလည်တဲ့၊ ကိုယ်မပိုင်တဲ့ ပါဠိ တွေကို ရွတ်ဆိုပြီး မြိုင်မြိုင် ဆိုင်ဆိုင်
လှိုင်လှိုင်ကြီး ဟောပြောတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ လူတော်လူကောင်း လူတတ် လူမြတ် လူသမတ်လို့
ပင့်မြှောက် ချီးကျူးကြတယ်'တဲ့''။
''ဟုတ်ကဲ့ပါ''
''ပြီးတော့ရှိသေးတယ်။ ပဋ္ဌာန်း ၂၄ ကျမ်းကို နှုတ်ငုံ
ဆောင်ပြီး ဟောကြားလို့ နာတဲ့သူက နာသော်လည်း အနက်အဓိပ္ပာယ် မြန်မာပြန်ကိန်းကြီး ချက်မပိုင်ရင်
ဟောသူနာသူမှာ ကုသိုလ်တော့ဖြင့် ရပါရဲ့၊ ဓမ္မရသ တရားအရသာ၊ ဓမ္မသဘာဝ၊ တရားသဘောကိုတော့ ရယူခံစားနိုင်တဲ့
အခြေအနေ မဆိုက်ဘူးကွယ့်တဲ့''
''မှတ်သားစရာပါပဲဆရာ''
''ဆရာတော်ကြီးက 'တို့မြန်မာလူမျိုးမှာ မြန်မာလို
တိကျမှန်ကန်စွာပြန်ဆိုပြီး မြန်မာ့နားမှာ ထင်းခနဲရှင်းခနဲ မြင်လုံးထွားအောင် မြန်မာဆန်ဆန်ဘာသာပြန်
ကိန်းကြီး လိုနေတယ်ကွယ့်' လို့မောင်ကျော်စံကို မိန့်ကြားတယ်လေ''
''ဟုတ်ကဲ့ပါ''
''ဆရာကြီးဦးဖေမောင်တင်ရော လယ်တီဆရာတော် ဘုရားကြီးရော
ပါဠိစာပေနှံ့စပ်ကျွမ်းကျင်တဲ့ ပညာရှင် ကြီးတွေလေ။ ပိဋကတ်တော်တွေကိုလည်း ပိုင်ပိုင်
နိုင်နိုင် တတ်ကျွမ်းထားကြတာ။ ဒီတော့ ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့ စကားကိုကြည့်ရင် ပိဋကတ်တော်တွေကို
ပါဠိမဖက်တဲ့ မြန်မာစကားပြေသန့်သန့်နဲ့ ဘာသာပြန်ဖို့ ဘယ်လောက် လိုအပ်တယ်ဆိုတာ သိနိုင်ပါတယ်ကွယ်''
''ဟုတ်ပါတယ်ဆရာ''
''အခုတော့ ဆရာတော်ကြီးမျှော်မှန်းတဲ့အခြေအနေကို
ရောက်နေပါပြီ။ ပိဋကတ်တော်တွေကိုလည်းမြန်မာလို ဘာသာပြန်ပြီးပြီ။ အထူးသဖြင့် ရဟန်းစာရေးဆရာ
တွေကို ခက်ခဲနက်နဲတဲ့တရားသဘောတွေကို ပရိသတ် အလွယ်တကူသဘောပေါက်အောင် အရေးစကားပြေနဲ့
ရော အပြောစကားပြေနဲ့ရော ရေးထားတဲ့စာအုပ်တွေ ပျံ့နှံ့နေပါပြီ။ ဒီတော့ ပိဋကတ်တော်တွေကို
ခေတ်နဲ့ အညီ စကားပြေကောင်းကောင်းနဲ့ အကြိမ်ကြိမ်ပြန်နိုင် လေလေ၊ အများနားလည်လေလေပေါ့ကွယ်''
''တစ်ခု မေးပါရစေဆရာ''
''မေးပါ မေးပါ''
''ကျွန်တော်တွေးမိတာက အခုဆရာပြောပြလို့ ၂ဝ ရာစု
မတိုင်ခင်တုန်းက စကားပြေမထွန်းကားသေးတဲ့ အကြောင်းသိရပါပြီ။ အဲဒီလိုဆိုရင် အခုဆရာတို့
ဟောကြပြောကြ လမ်းညွှန်ကြသလို စကားပြေအရေး အသားနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုမျိုးတွေရော ရှိမှရှိရဲ့
လားလို့တွေးမိတာပါဆရာ''
''သားအတွေးထဲမှာ အဖြေပါပြီးသားဖြစ်မယ် ထင် တယ်။
အရင်းခံဖြစ်တဲ့စကားပြေတောင်မှ မထွန်းကားရင် အဲဒီစကားပြေအရေးအသားနဲ့ ပတ်သက်တဲ့ လမ်းညွှန်
မှုမျိုးဆိုတာ ပိုတောင်ဝေးသေးတာပေါ့ကွယ်။ ဒါနဲ့ပတ် သက်ပြီး ဆရာကြီးဦးဖေမောင်တင်ရဲ့ စကားကိုပဲ
ကိုးကားရဦးမယ်။ ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ်မှာ အရှေ့တိုင်းပညာပါမောက္ခအဖြစ် ဆောင်ရွက်နေတုန်း
၁၉၃၅ ခုနှစ်မှာ 'အထက်တန်း စကားပြေကောက်နုတ်ချက် များ'ဆိုတဲ့ စာအုပ်တစ်အုပ်ပြုစုပြီး
အောက်စဖို့တက္ကသိုလ် ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေတယ်။ စကားပြေထွန်းကားဖို့ဆောင်ရွက်ချက်တစ်ခုပေါ့ကွယ်''
''ဟုတ်ကဲ့ပါ''
''အဲဒီစာအုပ်နိဒါန်းမှာ ဆရာကြီးက မြန်မာတွေ
စကား ပြေအလေ့အလာနည်းပုံကိုအားမလိုအားမရ ညည်းဖူး တယ်ကွယ့်''
''ဘယ်လိုပါလဲဆရာ''
''မြန်မာတွေဟာ...တဲ့၊ ကဗျာနဲ့ စကားပြေနှစ်မျိုး
မှာ ကဗျာကို အထူးနှစ်သက်ပြီးလေ့လာလိုက်စားကြ တယ်...တဲ့။ စကားပြေကျတော့ ဝတ္ထုအကြောင်းအရာ
ကိုပဲ ဂရုစိုက်ပြီး စကားသုံးနှုန်းပုံတို့၊ ဝါကျစီစဉ်ပုံတို့၊ ဝတ္ထုကြောင်းဆင်ယင်ပုံတို့ကို
လေ့လာမှတ်သားဖို့ ဂရုမပြု သယောင်ရှိတယ်...တဲ့။ ဆရာကြီးက အဲဒီလို သုံးသပ် ပြီးတော့
'ဤသည်ကားစာပေအတွက် ချွတ်ယွင်းချက် ကြီးတစ်ခုဖြစ်တော့၏' လို့မှတ်ချက်ချထားတယ်ကွယ့်''
''မှတ်သားစရာပါပဲ ဆရာ''
''ဆရာကြီးက ပြတ်ပြတ်သားသားမှတ်ချက်ချထားတာ ရှိတယ်။
စကားပြေဟာ ကဗျာထက်အရေးကြီးတယ်လို့ မဆိုသာပေမယ့် ကဗျာနည်းတူ အရေးကြီးတယ်လို့တော့ ဆိုသာပါတယ်..တဲ့။
စကားပြေမထွန်းကားတဲ့ စာပေ ဟာ အရေးကြီး အရာရောက်တဲ့ စာပေလို့ မဆိုထိုက်ပါ ဘူးတဲ့''
''ဒါဆိုရင် စကားပြေ အလေ့အလာနဲ့ ပတ်သက်လို့ ပညာရှင်တွေ
ဘယ်လိုဆောင်ရွက်ခဲ့ကြတယ်ဆိုတာ သမီး တို့မှတ်သားပါရစေဆရာ''
''အေး ..ဆက်ပြောတာပေါ့၊'' ခုတော့ ခဏနားကြဦးစို့''
''ကျေးဇူးတင်ပါတယ် ဆရာ''
မောင်ခင်မင်(ဓနုဖြူ)
No comments:
Post a Comment