တွေ့ဆုံမေးမြန်း-မင်းသစ်
ဓာတ်ပုံ-နေလင်း(သတင်းစဉ်)
မြန်မာနိုင်ငံအတွက်
သမိုင်းမှတ်တိုင် တစ်ခုဖြစ်လာမည့် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁၅
ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ကြေညာခဲ့သည်။
လွတ်လပ်၍
တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် စတုတ္ထ မဏ္ဍိုင်ဖြစ်သည့်
သတင်းမီဒီယာ၏ အခန်းကဏ္ဍကလည်း တစ်ထောင့် တစ်နေရာမှ ပါဝင်သည်။ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများနှင့်
ကာလအတန်ကြာ အဆက်ပြတ်သွား ခဲ့ရသည့် မြန်မာ့စာနယ်ဇင်းလောက သားတို့အတွက် ပြည်တွင်းပြည်ပမှ
ရွေးကောက်ပွဲ ဆိုင်ရာ သတင်းရေးသား နည်းများကို ယခုနှစ်အတွင်း ဆက်တိုက် ဖွင့်လှစ်သင်ကြားပေးလျက်
ရှိသည်။
မြန်မာ့မီဒီယာလောက
ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်တွင်
ဖွင့်လှစ်ထားသည့် ရန်ကုန် သတင်းစာပညာ ကျောင်းကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်း
ယူနည်း သင်တန်းများကို ယခု ရက်ပိုင်းအတွင်း ပို့ချပေးလျက်ရှိသည်။
သို့ဖြင့်
ယခုလာမည့် အထွေထွေ ရွေးကောက်ပွဲနှင့် သတင်းမီဒီယာတို့၏ အခန်းကဏ္ဍအပေါ် ရန်ကုန် သတင်းစာပညာကျောင်းမှ
ဒါရိုက်တာ သတင်းစာဆရာ ဦးရဲနိုင်မိုးနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ရေးသား တင်ပြလိုက်ရပါသည်။
မေး။
။ ဆရာရဲ့ သတင်းစာပညာ ကျောင်းအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး သတင်းယူ နည်းသင်တန်း ပို့ချနေတယ်လို့သိရပါတယ်။ ရည်ရွယ် ချက်ကို သိပါရစေ။
ဖြေ။
။ ကျွန်တော်တို့ ရန်ကုန် သတင်းစာပညာကျောင်းက တိုင်း ဒေသကြီးနဲ့ ပြည်နယ်အားလုံးတော့
မဟုတ်ဘူး။ တတ်နိုင်သလောက် အချိန်ရှိတဲ့ကာလမှာ ရွေးကောက်ပွဲ သတင်းရေးသားနည်း သင်တန်းတွေ
လုပ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် တွေထဲမှာ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေမှာ
လုပ်ခဲ့တယ်။ အခုအပတ်မှာတော့ ရန်ကုန်မှာ ပို့ချနေပါ တယ်။ ရှေ့မှာလည်း ရွေးကောက်ပွဲသတင်းရေးသားနည်းနဲ့
ပတ်သက်ပြီး ရန်ကုန်မှာ လုပ်ဖို့ရှိပါ တယ်။ အဓိက ရည်ရွယ်ချက် ကတော့ အထွေထွေရွေးကောက်ပွဲတွေက
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်း အလဲပေါ်မှာ၊ ပြည်သူလူထုပေါ်မှာ အများကြီး
အကျိုးသက်ရောက်မှု ရှိမယ်။ သတင်းမီဒီယာ အခန်းကဏ္ဍမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့
အင်မတန် အရေးကြီးတယ်။ သတင်းမီဒီယာတွေ တော်တော်များများဟာ ကိုယ်တိုင်က ရွေးကောက်ပွဲအတွေ့
အကြုံ အင်မတန်နည်းပါးတယ်။ ကျွန်တော်တို့ကိုယ်တိုင် ရွေးကောက်ပွဲ အတွေ့အကြုံနည်းပါတယ်။
ဒါကြောင့် တတ်နိုင်သလောက် ကြိုတင်ပြီး ပြင်ဆင်တဲ့အနေနဲ့ သင်တန်းတွေ လုပ်တာပါ။
မေး။
။ ရွေးကောက်ပွဲမှာ သတင်း မီဒီယာအခန်းကဏ္ဍ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ရှင်းပြပေးစေ ချင်ပါတယ်။
ဖြေ။
။ ရွေးကောက်ပွဲလို့ပြောရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တယ်။
လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်ကစပြီးတော့ သတင်း မီဒီယာတွေအခန်းကဏ္ဍအထိ
အလွန် အရေးကြီးတယ်။
သတင်းမီဒီယာတွေက
မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံနဲ့ သတင်းတွေကို မဲဆန္ဒရှင်ပြည်သူတွေ အတွက် ရေးသားပေးနိုင်မှ
လွတ်လပ်တယ်၊ တရားမျှတတယ်ဆိုတဲ့ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ပြည့်စုံမှာပါ။ ဒါကြောင့် သတင်းမီဒီယာတွေရဲ့
ကျွမ်းကျင်မှုက အရေးကြီးသလို အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က သတင်း မီဒီယာတွေကို လွတ်လွတ်
လပ်လပ် သတင်းရယူနိုင်ဖို့ အခွင့် အလမ်းကလည်း အရေးကြီးပါတယ်။
မေး။
။ သတင်းမီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲကာလ သတင်းယူတဲ့ အခါ ဘယ်လိုအချက်တွေကို သတိ ထားသင့်တယ် ဆိုတာ
ရှင်းပြပေးစေ ချင်ပါတယ်။
ဖြေ။
။ သတင်းမီဒီယာတွေကတော့ ရွေးကောက်ပွဲကာလအတွင်းမှာမှ မဟုတ်ဘူး။ အချိန်ပြည့် ကျင့်ဝတ်နဲ့
ပတ်သက်ရင် ကျွန်တော်တို့ လိုက်နာ ရမှာတွေ ရှိပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာတော့ ပိုပြီး
သတိထားဖို့ လိုအပ်တယ်။ ပထမ တစ်ချက်ကတော့ ကိုယ်ရေးတဲ့ သတင်းတွေဟာ တိကျမှန်ကန်မှုဖြစ်ဖို့
အင်မတန် အရေးကြီးပါတယ်။ ဒုတိယ တစ်ချက်ကတော့ အာဘော် ဆောင်းပါးတွေမှ မဟုတ်ဘဲနဲ့ သတင်း
ရေးသားတဲ့ အခါမှာ ကြားနေမှုကို တကယ်ကို ရပ်တည်နိုင်ဖို့ အရေးကြီး ပါတယ်။
တတိယအချက်က
ရွေးကောက်ပွဲကို ရေးသားတဲ့အခါမှာ အတိုက်အခံနဲ့အစိုးရ မျက်နှာချင်းဆိုင် ဆိုတဲ့ ပုံစံမျိုး
ရေးတာမျိုး မဟုတ်ဘဲနဲ့ မတူကွဲပြားမှုသတင်းတွေမှာ လူနည်းစုအကြောင်းတွေ၊ မတူညီတဲ့ အသက်မွေးဝမ်း
ကျောင်းမှုအကြောင်းတွေ၊ တိုးတိတ်တဲ့ အသံတွေကို ထုတ်ဖော်ပေးဖို့ အရေးကြီးပါတယ်။ နောက်ဆုံး
တစ်ချက် ကတော့ သတင်း တွေ ရေးတဲ့အခါမှာ တာဝန်ယူဖို့ အရေးကြီးပါတယ်။
မေး။
။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေရေးသားတဲ့အခါ ဘယ်လို အချက်တွေကို ကိုးကားပြီး ရေးသား
သင့်ပါသလဲ။
ဖြေ။
။ သတင်းတွေရေးသားတဲ့အခါ သုတေသန အရင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့
အထွေထွေ ရွေးကောက်ပွဲတွေရဲ့ နောက်ခံသမိုင်းကြောင်းတွေကို လေ့လာဖို့လိုမယ်။ ရွေးကောက်ပွဲရဲ့
ဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ ညွှန်ကြားချက်တွေကို တကယ်လေ့လာဖို့လိုတယ်။
သတင်း အရင်းအမြစ် အားကောင်းဖို့လိုတယ်။ သတင်းအရင်းအမြစ် (Source) တွေ ညွှန်းဆိုတာလိုအပ်ပါတယ်။
နောက် ရွေးကောက်ပွဲသတင်းယူတဲ့အခါမှာ ကိုယ့်ရဲ့ မဏ္ဍိုင်ဟာ မဲဆန္ဒရှင် ပြည်သူ့ ရဲ့အသံကို
ထုတ်ပေးနိုင်ဖို့လိုတယ်။ တစ်ခါတလေမှာ သတင်းမီဒီယာတွေ က ခေါင်းဆောင်တွေ၊ အစိုးရတွေ အတိုက်အခံခေါင်းဆောင်တွေ၊
ထင်ရှား တဲ့သူတွေ ပြောတာတွေပဲ ရေးလေ့ရှိတယ်။
တကယ်ရွေးကောက်ပွဲသတင်း
ရေးသားတဲ့အခါ ဖြစ်ရမယ့် အတွေး အခေါ်ကတော့ မဲထည့်ရမယ့် မဲဆန္ဒရှင် ပြည်သူတွေရဲ့ လိုချင်တဲ့
မျှော်လင့်မှုတွေ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ရေးသားပေးဖို့ပါပဲ။
မေး။
။ မြန်မာနိုင်ငံက ရွေးကောက် ပွဲနဲ့ပတ်သက်ပြီး မယဉ်ပါးသေးဘူး ဆိုတော့ ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး သတင်းယူမယ့် သတင်းထောက်တွေ ကို ဘယ်လို (မက်ဆေ့ခ်ျ)တွေ ပေးချင်ပါသလဲ။
ဖြေ။
။ ကျွန်တော်တို့က ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်းမှာ ရွေးကောက်ပွဲ တစ်ကြိမ်ပဲ ရှိခဲ့တယ်ဆိုတော့
အစိုးရ ကော၊ ပြည်သူရော၊ မီဒီယာကိုယ်တိုင် ကရော ရွေးကောက်ပွဲနဲ့ပတ်သက်ရင် မရင်းနှီးကြဘူး။
ကျွန်တော့်အနေနဲ့ စိုးရိမ်ပူပန်မှုအရှိဆုံးက မဲဆန္ဒ ရှင် ပြည်သူတွေအတွက် ပညာပေးတဲ့ဟာတွေ
အားနည်းမှာစိုးတယ်။ မြန်မာ နိုင်ငံဟာ လမ်းပန်းဆက်သွယ် ရေးလည်း ခက်ခဲတယ်။
နယ်ဒေသ
တွေမှာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ရဖို့ဆိုတာ အင်မတန် ခက်ခဲလိမ့်
မယ်။ မဲဘယ်လိုပေးရမလဲဆိုတာ တောင်မှ မသိတဲ့ မဲဆန္ဒရှင် ပြည်သူတွေအများကြီး ရှိနိုင်တယ်။
နောက်တစ်ခုက သူတို့မှာရွေးချယ်ခွင့် ဘယ်လောက် ရှိလဲ၊ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေနဲ့
ပါတီတွေက ဘယ်လိုမူဝါဒတွေနဲ့ ဖော်ဆောင်ဖို့ အတွက် ကတိပြုတယ်ဆိုတာလည်း မဲဆန္ဒရှင်တွေ မသိတာအများကြီး
ရှိတယ်။ အဲဒီသတင်းအချက်အလက် တွေ များများရဖို့အ တွက် ကော်မရှင် တင် မကဘဲ အရပ်ဘက်လူမှုအဖွဲ့
အစည်းတွေကပါ အဲဒါတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကလည်း များများ ဖော်ထုတ်ရေးသားဖို့
လိုအပ်ပါတယ်။
မေး။
။ ဘာများ ဖြည့်စွက်ပြောကြား ဖို့ ရှိပါသလဲ။
ဖြေ။
။ ရွေးကောက်ပွဲနေ့ကိုပဲ ပြောချင်တယ်။ ရွေးကောက်ပွဲနေ့မှာ သတင်းယူကြမယ့် သတင်းမီဒီယာ
သမားတွေ အများကြီး ရှိတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလည်း လွတ်လွတ်လပ်လပ် သတင်း
ယူကြဖို့ ခွင့်ပေးထားတယ်လို့ ပြောပါ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ များပြား လှတဲ့
မဲရုံတွေမှာ၊ သောင်းနဲ့ သိန်းနဲ့ ချီတဲ့မဲရုံတွေမှာ တာဝန်ထမ်းကြမယ့် သူတွေကို သတင်းမီဒီယာတွေနဲ့
ပတ်သက်ပြီးတော့ စနစ်တကျ နားလည်အောင်လို့ သက်ဆိုင်ရာ ကော်မရှင်ကနေပြီး လုပ်ပေးစေချင် ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment