ရဲဘုန်းမြင့်
ယမန်နေ့မှအဆက်
မြန်မာနိုင်ငံတွင်မူ ပုံမှန်ကုန်သွယ်ရေးစနစ်နှင့် တန်း တူထားပြီး ချုပ်လုပ်မည့်
ပိတ်စနှင့် ပစ္စည်းများကို သွင်းကုန်အဖြစ် သတ်မှတ်ဆောင်ရွက်နေခြင်းကြောင့် ဆိပ်ကမ်းရောက်ချိန်တွင်
(ကုန်ပစ္စည်း မှာယူအပ်နှံသူ တို့၏ အခက်အခဲအမျိုးမျိုးကြောင့်) ပေးပို့တင်သွင်းသည့် ကုန်ပစ္စည်းအမျိုးအစား၊
ထုတ်လုပ်နိုင်ငံ စသည့်ကွဲလွဲ မှုများတွေ့ရသည့်အခါ ဒဏ်ကြေးပေးရသည့်အပြင် ပစ္စည်းထုတ်ခွင့်မရဘဲ
အချိန်ယူဖြေရှင်းနေရသဖြင့် လွန်စွာနည်းပါးလှသော ချုပ်လုပ်ချိန်ကို ပို၍ မလောက် မင ဖြစ်ကြရပါတော့သည်။
သို့ဖြစ်၍ မလိုလားအပ်သော အချိန်ပိုခေါ်ရခြင်း၊ ညလုံးပေါက်လုပ်ရခြင်း၊ အရည် အသွေး ညံ့ဖျင်းခြင်းစသည့်
ပြဿနာများ ကြုံတွေ့ကြရ ပါတော့သည်။
ဥပမာအားဖြင့် ပိတ်စကို စိတ်တိုင်းကျဝယ်ယူပြီး အပ်ချုပ်ဆိုင်မှာ အပ်နှံကြသည့်အခါ
အပ်ချုပ်ဆိုင်က ''ဘယ်နိုင်ငံကလာတဲ့ပိတ်စလဲ၊ ခင်ဗျား ကျွန်တော့်ကို ပြောတုန်းက ကိုရီးယားစဆို၊
ခုတော့ ထိုင်ဝမ်စကြီး ဖြစ်နေပါလား'' ဆိုပြီးမေးမြန်းခြင်း၊ ချေးများခြင်း မပြုကြဘဲ
အပ်နှံသည်ကိုပင် ချုပ်ကြရသည်။ ယခုCMP အထည်ချုပ်ဆိုသည်မှာလည်း အလားတူ အပ်ချုပ်ဆိုင်
အကြီးစားသာဖြစ်သည်။
မှာယူသူ ပထမမှာစဉ်က ကိုရီးယားစလို့ ပြောခဲ့သော်လည်း အခြားအခက်အခဲကြောင့် ထိုင်ဝမ်ကအစ
ဝယ်ပို့ ကောင်းပို့ပါလိမ့်မည်။ လက်ရှိဆိပ်ကမ်းစနစ်တွင် ယင်းဖြစ်စဉ်မျိုးတွေ့လာပါက အသွင်းမခံတော့ဘဲ
ဒဏ်ရိုက်ပါတော့သည်။
နိုင်ငံတူ၊ အမျိုးအစားတူ နေသော်လည်း စာလုံးလေး နည်းနည်းလွဲနေပါက လက်မခံသဖြင့်
တောင်းပန်ရ၊ တိုးလျှိုးရ၊ ညှိနှိုင်းရ၊ စာတွေတင်ရနှင့် အချိန်တွေကြန့်ကြာသည့်အပြင် ဒဏ်လည်းရိုက်ခံရပါတော့သည်။
ယင်းစနစ်နှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ဖြေရှင်းပေး မှသာလျှင် CMP အထည်ချုပ်လုပ်ငန်းရှင်များ
သတ် မှတ်ထားသည့် အနည်းဆုံးလုပ်ခပေးနိုင်ရေး အသက်ရှူ ချောင်ပါလိမ့်မည်။ ဖြေလျှော့ပေးပါက
ဖြစ်နိုင်မည့် ကိစ္စတစ်ခုဟု သုံးသပ်ရပါသည်။
နောက်တစ်ခု တင်ပြလိုသည်မှာ အထည်ချုပ် လုပ်ငန်းသည် လစာပေးစနစ်ကျင့်သုံးသော ကုမ္ပဏီ
လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ရုံးလုပ်ငန်း၊ အစိုးရ လုပ်ငန်းမျိုးမဟုတ်ဘဲ ကုန်ထုတ်မှ
ငွေရသည့် နေ့စား လရှင်း လုပ်ငန်းမျိုးဖြစ်ပါသည်။ ချုပ်နိုင်သလောက် ငွေရပါသည်။ လုံးဝမချုပ်နိုင်ပါက
လုံးဝဝင်ငွေမရှိပါ။ သို့ဖြစ်၍ မချုပ်သည့် ရက်များအတွက် လုပ်ခပေးရမည် ဆိုခြင်းကို ပြန်လည်သုံးသပ်သင့်ပါကြောင်း
အလေး အနက် အကြံပြုလိုသည်။ ဆောက်လုပ်ရေးလုပ်ငန်း အချို့တွင်လည်း ကျင့်သုံးလေ့ရှိသည်။
နေ့စဉ် အလုပ် ဆင်း မှတ်တမ်းထားသည်။
ဆင်းသည့်ရက်အလိုက် နေ့စားခကို လကုန်မှ ရှင်းပေးသည်။ အလုပ်မဆင်း သည့်နေ့အတွက် လုပ်ခမပေးနိုင်ကြပါ။ သို့ရာတွင် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၅) ပုဒ်မခွဲ(၄) ၌ ''အလုပ် ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တပတ် လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ် ၍ ခွင့်ပြုပေးရမည်''ဟု ပြဋ္ဌာန်းထားပါသည်။ လခစား လုပ်ငန်း၊ နေ့စား၊ လရှင်း လုပ်ငန်း၊ ပုတ်ပြတ်လုပ်ငန်း ခွဲခြားဖော်မထားသည့်အတွက် နေ့စား၊ လရှင်းလုပ်ငန်း ဖြစ်သည့် CMP အထည်ချုပ် လုပ်ငန်းရှင်များ အခက် အခဲတွေ့ကြရပြန်သည်။ သို့ဖြစ်၍ လုပ်ငန်းသဘော သဘာဝမတူသည့် အလုပ်ဌာနများ ခွဲခြားပြဋ္ဌာန်းပေးသင့် သည်ဟု အကြံပြုလိုပါသည်။
ဆက်လက်၍ အချိန်ပိုလုပ်အားခကိစ္စ ဆွေးနွေးလိုပါ သည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ
အက်ဥပဒေ အမှတ် ၆၅ ပုဒ်မ ၇၃ (၁) အရ အချိန်ပိုလုပ်ကိုင်ပါက ပုံမှန်လုပ်ခ ၏ နှစ်ဆဟု ပြဋ္ဌာန်းထားသည်ကို
တွေ့ရပါသည်။ အချိန်ပို လုပ်ပါက သာမန်အချိန်လုပ်အားခထက် ပိုပေးရမည်မှာ သဘာဝကျပါသည်။
သို့ရာတွင် ပုံသေနည်းကိုလေ့လာရာ အောက်ပါအတိုင်းတွေ့ရပါသည် -
ယင်းပုံသေနည်းတွင် အဆိုပြုတစ်နေ့လုပ်ခ (၄၅ဝ ကျပ် x ၈ နာရီ = ၃၆ဝဝ ကျပ်) ကို ထည့်သွင်းပါက
တစ်နာရီအတွက် ၉၈၁ ဒသမ ၈ ကျပ် ပေးရမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါက မူလလုပ်ခ ၄၅ဝ ကျပ် ၏ ၂
ဒသမ ၁၈ ဆ ပေးရမည် ကိုတွေ့နိုင်ပါသည်။ အမှန်တကယ် အလုပ်လုပ် ရက်မှာ စနေနေ့တွင် နေ့တစ်ဝက်သာဖြစ်သဖြင့်
၆ ရက်အစား ၅ ဒသမ ၅ ရက်ဖြင့် တွက်ရမည်ဖြစ်ရာ ပုံသေနည်းကို အောက်ပါ အတိုင်း ပြင်ဆင်ပေးရပါမည်-
ယင်းပုံသေနည်းတွင် အဆိုပြုတစ်နေ့လုပ်ခ (၄၅ဝ ကျပ် x ၈ နာရီ = ၃၆ဝဝ ကျပ် )ကို ထည့်သွင်း
တွက် ချက်လျှင် တစ်နာရီအတွက် မူလလုပ်ခ ကျပ် ၄၅ဝ ရဲ့ နှစ်ဆအတိဖြစ်သည့် ကျပ် ၉ဝဝ ပေးရမည်ကို
တွေ့ရ ပါမည်။ အခြားလုပ်ငန်းတူ လုပ်ကိုင်နေကြသည့် အာဆီယံ နိုင်ငံများ၏ အချိန်ပိုလုပ်အားခသတ်မှတ်နှုန်းနှင့်
ရက် သတ္တပတ် အလုပ်ချိန် သတ်မှတ်ချက်များကို ဗဟုသုတ အဖြစ် ဇယား(က)အတိုင်း ဖော်ပြအပ်ပါသည်။
ဖော်ပြပါဇယားကို လေ့လာကြည့်ပါက အချိန်ပိုလုပ်ခ ကို မူလလုပ်ခ၏ နှစ်ဆပေးနေသည်မှာ
မြန်မာနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံသာ ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ထို့အပြင် ပုံမှန်အလုပ်ချိန်ကို
၄၄ နာရီ (စနေနေ့တစ်ဝက်) သာ ခွင့်ပြုပေးထားသည်မှာ မြန်မာတစ်နိုင်ငံသာ ရှိနေ သည်ကို တွေ့မြင်နိုင်ပါသည်။
သို့ဖြစ်၍ အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် ရက်သတ္တပတ် အလုပ်လုပ်ရက်နှင့် ပုံမှန်လုပ်ခ၏
အဆကို အခြားနိုင်ငံများနည်းတူ သတ်မှတ် သင့် မသင့် ဝိုင်းဝန်းစဉ်းစားသုံးသပ်ကြစေလိုပါသည်။
ဖြစ်သင့်သော ပုံသေနည်းမှာ -
ယင်းပုံသေနည်းတွင် အဆိုပြုတစ်နေ့လုပ်ခ (၄၅ဝ ကျပ် x ၈ နာရီ = ၃၆ဝဝ ကျပ်) ကိုထည့်သွင်း
လိုက်ပါက တစ်နာရီ ၆၇၅ ကျပ် ပေးရမည်ဖြစ်ပါသည်။ သို့ဖြစ်လျှင် မူလ ၄၅ဝ ကျပ်၏ ၁ ဒသမ ၅
ဆအတိ ဖြစ်သည်ကို တွေ့နိုင်ပါသည်။ ယင်းအချက်များကိုလည်း အနည်းဆုံး လုပ်ခ တောင်းခံသူ၊
သတ်မှတ်သူ၊ ပေးရမည့်သူစသည့် သက်ဆိုင်သူStakeholder အားလုံးထည့်သွင်း စဉ်းစား သင့်သည့်
အချက်များဟု ယူဆပါသည်။
ထို့အပြင် ရရှိသည့် အချိန်အနည်းငယ်အတွင်း အခက် အခဲများစွာရင်ဆိုင်ပြီး အချိန်မီ
ကြိုးစားချုပ်လုပ်ကာ အထည်များအား သင်္ဘောပေါ်သို့ တင်ပို့သည့်အခါတွင် လည်း ဆိပ်ကမ်းတာဝန်ရှိ
ဝန်ထမ်းများ၏ အလုပ်ချိန် ကျော်လွန်သွားခြင်း၊ အလုပ်ပိတ်ရက်ဖြစ်နေခြင်းများ ကြောင့်
သင်္ဘောပေါ် မတင်နိုင်ဘဲ ဆိပ်ကမ်းမှာ ညအိပ် စောင့်ဆိုင်းရသဖြင့် စရိတ်ကုန်၊ အချိန်ကုန်သည့်
ဖြစ်ရပ် များလည်း ကြုံတွေ့နေကြရသည်ဟု ကြားသိရပါသည်။ အချို့နိုင်ငံများတွင် ဆိပ်ကမ်းကို
ပိတ်ရက်မရှိ၊ ပိတ်ချိန်မရှိ နေ့/ညအဆိုင်းဖြင့် လုပ်ကိုင်နေကြသဖြင့် အဆင်ပြေကြ သည်ကို
လေ့လာသိရှိရပါသည်။ မိမိနိုင်ငံတွင်လည်း ယခု ကဲ့သို့ လုပ်ပေး၍ ရနိုင်၊ မရနိုင် စဉ်းစားသင့်ပါသည်။
စရိတ်ကုန်ကျသက်သာခြင်းကြောင့် လုပ်ငန်းရှင်များ အသက်ရှူ ချောင်ပြီး အလုပ်သမားအပေါ် လုပ်ခတိုးပေးရန်
စဉ်းစားလာနိုင်မည်ဖြစ်ပါသဖြင့် နည်းလမ်းရှာဖြေရှင်း မည်ဆိုပါက ရနိုင်သည့်ကိစ္စဟု တင်ပြလိုပါသည်။
မြန်မာနိုင်ငံ CMP လုပ်ငန်းများသို့ ဆက်သွယ်မှာယူ လုပ်ငန်းအပ်နှံနေသည့် အဓိက
ဖောက်သည် နိုင်ငံကြီးများ နှင့် ပို့ကုန်တန်ဖိုးပမာဏ (US $ သန်းပေါင်း) ကို အောက်ပါအတိုင်း
တွေ့မြင်နိုင်ပါသည် -
ဖော်ပြပါဇယားကိုကြည့်ပါက ၂ဝဝဝ ပြည့်နှစ်အထိ ဥရောပနှင့် အမေရိကန်ဈေးကွက်သည် အမြင့်မားဆုံးဖြစ် သည်ကို တွေ့နိုင်ပါသည်။ ၂ဝဝ၃ ခုနှစ် အမေရိကန် ပိတ်ဆို့မှုဖြစ်ပြီးနောက် ၂ဝဝ၅ ခုနှစ် စာရင်းအရ ကျန် နိုင်ငံအားလုံး၏ မှာယူမှု ပမာဏသည် အမေရိကန် တစ်နိုင်ငံတည်းက မှာသလောက်သာ ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။
အမေရိကန် အမှာစာများသည် ကုန်ပစ္စည်းအရေအတွက်များပြားခြင်း၊ အပြစ်အနာ အဆာ အလွန်ရှာလေ့မရှိခြင်း၊
ဈေးနှုန်းကောင်းမွန် ခြင်းတို့ကြောင့် နိုင်ငံတကာ CMP အထည်ချုပ် လုပ်ငန်းများသည် အမေရိကန်အမှာစာကို
များစွာ လိုလားလေ့ရှိကြပါသည်။ တခြားနိုင်ငံများမှ အမှာစာ များမှာမူ တစ်ကြိမ်မှာလျှင်
အထည်အရေအတွက် နည်းပါးပြီးစည်းကမ်းကန့်သတ်ချက်များသည့်အပြင် ချုပ်ခဈေးနှုန်းနည်းလည်း
နည်းကြပါသည်။ ဖောက် သည် (လုပ်ငန်းအပ်နှံမှာယူသူ) မရှိသလောက် နည်းပါးခြင်းကြောင့်သာ
အလုပ်ဖြစ်ရုံ လုပ်နေကြရသည့် အနေ အထားဖြစ်ပါသည်။
အမေရိကန်ဈေးကွက် ပြန်လည်ကောင်းလာနိုး မျှော်လင့်နေကြဆဲ ဖြစ်ပါ သည်။ ယခုအချိန်တွင်
အမေရိကန်က ပြန်လည် ဆက် သွယ်မှာ ယူနေသည် ဆိုသော်လည်း ၂ဝဝဝ ပြည့်နှစ်က မှာခဲ့သည့် အနေအထားနှင့်
နှိုင်းဆလျှင် အလွန်နည်းပါး နေပါသေးသည်။ ယင်းအချက်သည် မြန်မာနိုင်ငံ CMP လုပ်ငန်းများ
တိုးတက်အောင်မြင်ရေး (အနည်း ဆုံး လုပ်ခတိုးမြှင့်ပေးရေး)အတွက် အဟန့်အတား တစ်ခု ဖြစ်နေသည်ကို
တွေ့မြင်သုံးသပ်နိုင်ပါသည်။ သို့ဖြစ်၍ အမေရိကန်မှ အမှာစာများ အမြောက်အမြား ပြန်လည်ရရှိစေရန်
ဝိုင်းဝန်းကြိုးစားကြပြီးမှ CMP အထည်ချုပ်လုပ်ငန်း၏ အနည်းဆုံးလုပ်ခကို တဖြည်း ဖြည်းချင်း
မြှင့်တင်ကြပါက မျှတမည်လား စဉ်းစားသင့် ပါသည်။
အထက်ပါဇယားအရ CMP အထည်ချုပ်လုပ်ငန်း များ၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာသန်း ၁၆ဝဝ
ဟု တွေ့မြင်ရသဖြင့် နည်းတဲ့ဝင်ငွေမဟုတ်ဘူးဟု ယူဆ နိုင်ပါသည်။ အမှန်တကယ်တွင် ယင်းငွေ
ပမာဏသည် မြန်မာနိုင်ငံ၏ ပို့ကုန်(တစ်နည်းအားဖြင့်ဝင်ငွေ) မဟုတ် ပါ။ မိမိနိုင်ငံက လုံးဝဝယ်ယူခြင်းမရှိဘဲ
ခေတ္တခဏ ဝင်လာသည့် အထည်စများ၊ အထည်နှင့်ပတ်သက်သော ပစ္စည်းများ၏ တန်ဖိုးများ ပါဝင်နေပါသည်။
တကယ် တမ်းရလိုက်သည်မှာ ဖော်ပြပါ ပို့ကုန်တန်ဖိုး၏ အကြမ်း ဖျင်း ၁ဝ ရာခိုင်နှုန်းလောက်သာရှိသည့်
ချုပ်လုပ်ခသာ ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)


No comments:
Post a Comment