Sunday, July 19, 2015

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်တန့်နေသော ရထားများတွင် လိုက်ပါလာသည့် ခရီးသည်များ၊ ရေဝင်ရောက်သော နေရာများမှ ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အစားအစာများ ဝေငှပြီး ကူညီဆောင်ရွက်ပေး




နေပြည်တော်၊ ဇူလိုင် ၁၈


ဇူလိုင်လ ၁၇ ရက်  နံနက် ၁၁ နာရီအချိန်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချပ်သင်းကျေးရွာအတွင်းရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေများဝင်ရောက်ခဲ့ပြီး မန္တလေးမြစ်ကြီးနား အစုန်/အဆန်ရထားများသည်လည်း ချပ်သင်းဘူတာနှင့် ချပ်ကြီးဘူတာတို့တွင် ရပ်တန့်ခဲ့ရသည်။ အဆိုပါနေရာများသို့  ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက သွားရောက်၍ အမှတ်(၅၅) အဆန်အမြန်ရထားနှင့် အမှတ်(၄၅) ရွာထောင်-ကောလင်းအဆန် လော်ကယ် ရထားတို့တွင် လိုက်ပါလာသည့်ခရီးသည်များ၊ ချပ်သင်းကျေးရွာအတွင်း ရေဝင်နေသည့်နေရာများမှ ပြည်သူ များအား စားသောက်ဖွယ်ရာများဝေငှခြင်း၊ လိုအပ်သည်များ ကူညီပေးခြင်း၊ ချပ်သင်းတိုက်နယ် ဆေးရုံမှ ဒေါက်တာ ကျော်မျိုးဇော်နှင့်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် ချပ်သင်းဘူတာ၌ ကျန်းမာရေးဆေးခန်းဖွင့်လှစ်ထားရှိခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment