Thursday, July 23, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရက် ၈၀ ပြည့်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၂၃
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရက် ၈၀ ပြည့်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည်။




မေးခွန်းများ မေးမြန်းဖြေကြားခြင်းကဏ္ဍတွင် ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာ စိုးမိုးအောင်နှင့် လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က ပြန်လည်ရှင်း လင်းဖြေကြားသည်။
ဘီးလင်း မဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးအောင်၏ “တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်မည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးဌာနများနှင့် စပ်လျဉ်းပြီး မည်သို့စီမံ ဆောင်ရွက် ထားသည်ကို သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ” တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များ ဖြစ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖွဲ့စည်း အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရ အနေဖြင့် စနစ်တကျဖြစ်စေရန် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များအတွက် အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ ဖွဲ့စည်းအကောင်အထည် ဖော်ရေးနှင့်စပ်လျဉ်း၍ ဥပဒေနှင့် အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ များက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် များ၏ သဘောတူ ညီမှုဖြင့် တင်ပြလာပါက ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်၏ “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဦးရေကို တိုးချဲ့ဖွဲ့စည်းခွင့် ရှိ၊ မရှိ ပြည်ထောင်စုအစိုးရမှ ဦးရေမည်မျှထိ ဖွဲ့စည်းခွင့်ပြုနိုင်မည်ကို သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဦးစီးအဖွဲ့ဝင်များ ရွေးချယ်ဖြည့်စွက်ခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၇၆ (ဇ) ပုဒ်မခွဲငယ်(၂)ပါ “ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦိးရေ ၁၀ ဦးမပြည့် သေးပါက အဖွဲ့ဝင်ဦးရေအနည်းဆုံး ၁၀ ဦး ပြည့်စေရန် ဖြည့်စွက်ခန့်ထားရမည်” ဆိုသည့် ပြဋ္ဌာန်းချက်အရ ၁၀ ဦးထက် ကျော်လွန်သောဦးရေကို ဖြည့်စွက်ခန့်ထားနိုင်ခြင်းမရှိဟု သုံးသပ်ရပါကြောင်း။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းရာတွင် ဦးစီးအဖွဲ့၏ အဖွဲ့ဝင်ဦးရေကို တိုးချဲ့ဖွဲ့စည်းခွင့်မရှိပါကြောင်း၊ ဥပဒေက သတ်မှတ်သည့်ဦးရေကို ပြည်ထောင်စုအစိုးရက ဦးရေမည်မျှအထိ ဖွဲ့စည်းရမည်ဟု သတ်မှတ်ပေးနိုင်မည် မဟုတ်ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
ထို့နောက် သတ္တုတွင်းဝန်ကြီးဌာနက တင်သွင်းသော “ မြန်မာ့ပုလဲလုပ်ငန်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ” နှင့် ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းသော  “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်း ဥပဒေများ” ကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြသည်။
ယနေ့အစည်းအဝေးတွင် မေးခွန်းလေးခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု လက်ခံရရှိမှုအား လွှတ်တော်သို့ အသိပေးတင်ပြခြင်းနှင့်  နည်းဥပဒေနှစ်ခုအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

No comments:

Post a Comment