ရန်ကုန်
ဇူလိုင် ၂၃
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
(UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) တို့၏ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ
သဘောတူညီမှုစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့အဖြစ် ယနေ့နံနက် ၁ဝ ရီက ရန်ကုန်မြို့
ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန
(MPC) တွင် ဆက်လက်ကျင်းပခဲ့သည်။
အစည်းအဝေးမစတင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)
၏ ဒုတိယ ဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ
အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) အဖွဲ့ခေါင်းဆောင် ကရင် အမျိုးသားအစည်းအရုံး
ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် တို့ က အဖွင့်မိန့်ခွန်းပြောကြားသည်။
ယနေ့ပြုလုပ်သော(UPWC) နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) တို့၏ NCA စာချုပ်အတွက် ဒုတိယနေ့ဆွေးနွေးပွဲအား
ညနေ ၄ နာရီခွဲတွင် ရပ်နားခဲ့ပြီး အစည်းအဝေးတွင် လော်ခီးလာ ညီလာခံမှ အဆိုတင်သွင်းသည့်
အချက် ၁၃ ချက်အနက် ကျန်ရှိနေ သေးသည့် အချက် ကိုးချက်စလုံး အား ဒုတိယနေ့ဆွေးနွေးပွဲတွင်
ဆွေးနွေးနိုင်ခဲ့ကြကြောင်းသိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်
ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) ၏အထူးအကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေ၊ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ (SD) ၏ ‘ဒုတိယအဖွဲ့
ခေါင်းဆောင်(၂) ပူးဇင်ကျုံးနှင့်SD အဖွဲ့ဝင် ဦးနိုင်ဟံသာတို့က ညနေ ၆ နာရီတွင် သတင်းမီဒီယာများအား
ယနေ့ပြုလုပ်သည့် ဆွေးနွေးချက် များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ယနေ့ပြုလုပ်သည့်
နှစ်ရက်တာ အစည်းအဝေးပြီးသည် အထိ လော်ခီးလာညီလာခံမှ အဆိုပြုထားသည့် NCA မူကြမ်း တွင်
ပြန်လည်သုံးသပ်ချင်သည့် အချက် ၁၃ချက်လုံးကို ဆွေးနွေးပွဲ တွင် ဆွေးနွေးနိုင်ခဲ့ကြောင်း၊
ဆွေးနွေးခဲ့သော ၁၃ ချက်အနက် ၁ဝချက်အားNCA စာချုပ်တွင် အချောသပ် ညှိနှိုင်းနိုင်ခဲ့သည်ဟု
ပြော၍ရပါကြောင်း၊ ကျန်ရှိနေသည့် အချက် သုံးချက်အနက် အချက် နှစ် ချက်ကိုလည်း နှစ်ဖက်ခေါင်းဆောင်
များအနေဖြင့် ယာယီ သဘောတူညီ ထားပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အချက် တစ်ချက်ကိုသာလျှင်
ဆွေးနွေးရန် လိုတော့ကြောင်း၊ တိုင်းရင်းသားများဘက်တွင် ကျန်ရှိ သည့် ခေါင်းဆောင်များအား
မေးမြန်း ပြီးပါက UPWC ကို ပြန်တင်ပြမည်ဟု ယေဘုယျ သဘောတူထားကြောင်း။
လက်ရှိ ခေါင်းဆောင်များဘက်က အဆိုပြုထားပြီး
ဆွေးနွေးပွဲ အစီ အစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော
တူညီမှုစာချုပ် (NCA) စာချုပ်အား အစိုးရနှင့် တိုင်းရင်းသားဘက်မှ မည်သည့် ခေါင်းဆောင်များ
ပါဝင်လက်မှတ်ထိုးမည် ဆိုသည့် ကိစ္စရပ်၊ (NCA) စာချုပ်လက်မှတ် ရေးထိုးရာတွင် နိုင်ငံတကာသက်သေအဖြစ်ဖိတ်ကြားသွားမည့်
ကိစ္စရပ်၊ (NCA) စာချုပ် လက်မှတ်ရေးထိုးရာ တွင် တိုင်းရင်းသားများဘက်မှ အဆိုပြုထားသည့်
အားလုံးပါဝင် နိုင်ရေးကိစ္စရပ်များကို တတိယနေ့ အစည်း အဝေးတွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(SD) တို့၏ တတိယ
နေ့ အစည်းအဝေးအဖြစ် ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန၌ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment