Sunday, July 12, 2015

ဣတ္ထိယဟုဆိုသော်လည်း---



သတင်းဆောင်းပါး- သီရိ
ဓာတ်ပုံ- သွန်း
''အင်းစိန်-တညင်းကုန်းကို ထိုင်စီးရမှာနော်။ လာနော်လာ။ အဲကွန်းကလည်း အေးနေတာပဲ။ အင်းစိန်-တညင်းကုန်းကို လိုက်မှာလား''။

ရန်ကုန်မြို့၏ ကားဂိတ်တစ်ခုတွင် ခရီးသည်များကို အော်ခေါ်နေသည့် (၄၅)အထူးယာဉ်မှ အမျိုးသမီး ယာဉ်နောက်လိုက်၏ အသံက တစာစာဖြင့် ပျံ့လွင့်နေသည်။ အမျိုးသမီးဖြစ်သော်လည်း ၎င်းပုံစံက ရှက်ရွံ့မနေဘဲ အမျိုးသားယာဉ် နောက်လိုက် များနည်းတူ ခရီးသည်များကို အော်ခေါ်နေပုံက ချီးကျူးဖွယ် ကောင်း လှသည်။
ကားဂိတ်တွင် အမျိုးသမီးယာဉ်နောက်လိုက်ကို မမြင်ဖူးသူ ခရီးသည်အချို့က ၎င်း၏သွက်လက်သော လှုပ်ရှားမှုများကို တအံ့တသြကြည့်နေကြပြီး အင်းစိန်သွားမည့် ခရီးသည်အချို့ ကတော့ ကားပေါ်သို့တက် သွားကြသည်။
၎င်းနာမည်က ''မြတ်ရည်မွန် အသက်(၂၈)နှစ်'' အမျိုးသမီး ယာဉ်နောက်လိုက်များကို ခေါ်ယူခဲ့သည့် ၂ဝ၁၄ ခုနှစ် မေလမှ စတင်ကာ ယင်းအလုပ်ကိုလုပ်ကိုင်ခဲ့သည်။
''ဒီအလုပ်ကို လျှောက်တာမဟုတ်ဘူး။ ပြောရရင် ကျွန်မရဲ့ အစ်ကိုတွေက ဒီယာဉ်ပိုင်ရှင်ဆီမှာပဲ ကားလိုက် တယ်။ ဒါနဲ့ ကျွန်မကို မိန်းကလေးစပယ်ယာ စခန့်မယ်၊ ငါ့ညီမလုပ်ကြည့် ပါလားဆိုပြီး ယာဉ်ပိုင်ရှင်က ကျွန်မကို စကမ်းလှမ်းတာ။ ဒါနဲ့ကျွန်မလည်း အိမ်ကိုတိုင်ပင်ကြည့်တော့ အမေက ကိုယ့်ဘာသာ ကောင်းရောင်း ကောင်းဝယ် လုပ်စားတာပဲ၊ လုပ်ပေါ့ပြောတာနဲ့ ဒီအလုပ်ကိုစပြီးလုပ်ခဲ့တာ'' ဟု မမြတ်ရည်မွန်က ပြောသည်။
အဆိုပါ အလုပ်ကို မမြတ်ရည်မွန်အနေဖြင့် လွယ်လွယ်ကူကူ လုပ်ခွင့်ရခဲ့ခြင်းမဟုတ်ပါ။ အိမ်ထောင်သည် အမျိုးသမီး ဖြစ်သည့်အပြင် ၎င်း၏ခင်ပွန်းဖြစ်သူမှာ ယာဉ်နောက်လိုက် တစ်ယောက်ဖြစ်သောကြောင့် အတိုက် အခံဖြစ်ပြီးမှ ယင်းအလုပ်ကိုလုပ်ကိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
''ကျွန်မအမျိုးသားကလည်း (၄၈) ယာဉ်လိုင်းမှာ ယာဉ်နောက်လိုက်ဆိုတော့ စလုပ်တုန်းက သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ကလည်း ယာဉ်နောက်လိုက်ဖြစ်နေတဲ့အတွက် သူ့မိန်းမကို တခြားယာဉ် နောက်လိုက်တွေ နောက်ပြောင်ကျီစယ်မှာကို လည်းစိုးတယ်။ စပြီးလုပ်တုန်းက လုံးဝကိုသဘော မတူတာ။ နောက်ပိုင်း ကျွန်မအမေကလည်း သူ့ကို နားဝင်အောင်ဝိုင်းပြောတော့မှ အဆင်ပြေသွားတာ'' ဟု ခင်ပွန်းဖြစ် သူနှင့် အတိုက်အခံလုပ်ခဲ့ရပုံကို မမြတ်ရည်မွန်က ပြောသည်။
မမြတ်ရည်မွန်အနေဖြင့် ယင်းအလုပ်ကို စတင်လုပ်ကိုင်ခဲ့စဉ်က (၄၅) ယာဉ်လိုင်း၌မဟုတ်ဘဲ (၄၈) ယာဉ်လိုင်းတွင် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ယာဉ်ပိုင်ရှင် ဖြစ်သူ မှာ (၄၈) ယာဉ်လိုင်း၊ (၁၂၄) ယာဉ်လိုင်းနှင့် (၄၅) ယာဉ်လိုင်း ယာဉ်လိုင်း သုံးလိုင်းကို ပြေးဆွဲနေသောကြောင့် (၄၈) ယာဉ်လိုင်းနှင့် (၁၂၄) ယာဉ်လိုင်းတို့ တွင် အမျိုးသမီးယာဉ်နောက်လိုက်များကို စတင်ခန့်ထားခဲ့သည်။ စတင်ပြေးဆွဲစဉ်က အမျိုးသမီး ယာဉ်နောက် လိုက်ပေါင်း ၂ဝ ကျော် ၃ဝ ခန့်ရှိသော်လည်း နောက်ပိုင်းတွင် အလုပ်ထွက်သူများကြောင့် အမျိုးသမီးယာဉ် နောက်လိုက် ဦးရေမှာ ၁ဝ ဦးခန့်သာရှိတော့သည်။
ယာဉ်ပိုင်ရှင်အနေဖြင့် အမျိုးသမီးယာဉ်နောက်လိုက်များကို စတင်အလုပ် ခန့်စဉ်က လခအနေဖြင့် တစ်လလျှင် ကျပ်၂၄ဝဝဝဝ ပေးခဲ့သော်လည်း နှစ်လခန့်ပေးပြီး နောက်ပိုင်းမှာတော့ ရရှိလာသည့် ဝင်ငွေပေါ်တွင် ရာခိုင်နှုန်းဖြင့်သာ ပေးချေတော့ကြောင်း မမြတ်ရည်မွန်ကဆိုသည်။ ''လခနဲ့က ကျွန်မတို့ကို နှစ်လ လောက်ခန့် လိုက်တယ်။ နောက်ပိုင်းမှာတော့ ခေါက်ကြေးတော့ မဟုတ်ဘူး။ ရတဲ့ဝင်ငွေပေါ်မှာ ရာခိုင်နှုန်းနဲ့ ပေးတယ်။ ၃ဝ ရာခိုင်နှုန်းပေါ့။ ၁ဝဝဝဝဝ ဆို ၃ဝဝဝဝ၊ ယာဉ်နောက်လိုက်က ၁၅ ရာခိုင်နှုန်း၊ ယာဉ်မောင်းက ၁၅ ရာခိုင်နှုန်း''ဟု ၎င်းက ပြောသည်။
လခပေးသည့်စနစ်မှ ရာခိုင်နှုန်းနှင့် ပေးသောစနစ်ကို ပြောင်းလဲလိုက်သဖြင့် အမျိုးသမီး ယာဉ်နောက် လိုက်များမှာ ဝင်ငွေလျော့ကျလာပြီး အဆင်မပြေမှုများ ကြုံတွေ့လာသောကြောင့် ယင်းအလုပ်မှ ထွက်သွား သူများလည်း ရှိကြောင်း မမြတ်ရည်မွန်က ဆက်ပြောသည်။
အမျိုးသမီးယာဉ်နောက်လိုက်များ၏ အလုပ်ချိန်မှာ နံနက် ၅ နာရီမှ ယာဉ်သိမ်းချိန် ည ၉ နာရီအထိဟု ဆိုသော်လည်း ဂက်စ်ထည့်ခြင်း၊ ကားလမ်း ပိတ်ခြင်းနှင့်ကားပျက်ခြင်းတို့ကြောင့် ည ၁၁ နာရီမှ အိမ်ပြန်ရသော နေ့များ လည်းရှိသည်။
''မနက်ကို ၅ နာရီလောက် အရောက်သွားရတယ်။ ပုံမှန်ကတော့ ည ၉ နာရီလောက် ပြန်လာရပါတယ်။ တစ်ခါတလေ လမ်းမှာ ကားပျက်သွားလို့ ရှိရင် စက်ပြင်ဆရာမလာသေးလို့ စောင့်ရတာနဲ့ ည ၁၁ နာရီလောက်မှ ပြန်ရတဲ့ နေ့တွေရှိတယ်။ တစ်ခါတလေကျရင် တက္ကစီငှားပြီး ပြန်ရတာရှိတယ်။ အဲဒီလိုနေ့ မျိုးကျရင် မနက်အစောကြီး ပြန်ထရတော့ ငြီးငွေ့တာပေါ့''ဟု မမြတ်ရည်မွန်က ဆိုသည်။
မမြတ်ရည်မွန် ယာဉ်နောက်လိုက်လုပ်နေသော (၄၅) အထူးယာဉ်လိုင်းမှာ နေ့စဉ် တညင်းကုန်းမှ ဆူးလေသို့ ပုံမှန်ရှစ်ကြောင်းနှုန်းဖြင့် ပြေးဆွဲလျက်ရှိသည်။ မမြတ်ရည်မွန်မှာ အလုပ်ကြိုးစားသူတစ်ဦးဖြစ်သောကြောင့် ၎င်းယာဉ်နောက် လိုက်လုပ်နေသော ယာဉ်လိုင်းတွင် ခရီးသည်ခေါ်ခြင်းနှင့် ကားခကောက်ယူ ခြင်းတို့ကို တစ်ဦးတည်းဒိုင်ခံလုပ်နေသူလည်းဖြစ်သည်။
ယာဉ်နောက်လိုက်အလုပ်ဆိုသည်မှာ မိုးရွာရွာနေပူပူ မိမိ၏ယာဉ် ခရီးသည်ရရှိရန် မှတ်တိုင်တိုင်းတွင် ခရီးသည်များကို ဆင်း၍ ခေါ်ယူရသည်။ ထိုသို့ ခေါ်ယူရာတွင်လည်း ယာဉ်နောက်လိုက်များမှာ မည်သည့် အကာအကွယ်ကိုမျှမသုံးဘဲ ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက် တွင်လည်းကောင်း၊ မိုးသည်းထန်စွာ ရွာသွန်းနေသည့် အချိန်၌လည်းကောင်း ခရီးသည်ခေါ်နေသည်ကို သင်တွေ့ဖူးလိမ့်မည်။ အဆိုပါ ယာဉ်နောက် လိုက် များထဲတွင် မမြတ်ရည်မွန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
''မိုးရွာတော့လည်း ဒီလိုပဲ ခရီးသည်လိုချင်တော့ သူများကားနဲ့လုပြီး ခေါ်ရတယ်။ ဒီလိုလုပြီးခေါ်ရတော့ တစ်နေကုန်စိုတာပေါ့။ ထီးနဲ့ မိုးကာကလည်း မပါဘူး။ အေးကလည်းအေး။ ကားပေါ်မှာက အဲကွန်းကလည်း အေး၊ မိုးကလည်း အေးနဲ့ လူကိုတုန်နေတာပဲ''ဟု မိုးတွင်းမှာ အလုပ်လုပ်ရတာနဲ့ ပတ်သက်ပြီး မမြတ်ရည်မွန်က ပြောသည်။
မမြတ်ရည်မွန်တို့၏ ယာဉ်နောက်လိုက်အလုပ်တွင် အလုပ်နားရက် သတ်မှတ်ထားခြင်းမရှိသော်လည်း နေထိုင်မကောင်းဖြစ်လျှင် ယာဉ်ပိုင်ရှင်ထံသို့ ခွင့်ကြိုတိုင်၍ နားလို့ရကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့ရှိ အခြေခံအမျိုးသမီးများမှာ နေ့စဉ်လိုင်းကားတိုးစီးရာတွင် နှမချင်းမစာနာသည့် ယာဉ်နောက် လိုက်များကြောင့် ကာယိနြေ္ဒပျက်ပြား နေကြရသည်။ ကားဆင်း/ ကားတက်တွင် ယာဉ်နောက် လိုက်တို့၏ ပိုလွန်းသော အပြုအမူများကြောင့် အခြေခံအမျိုးသမီးအများစုမှာ စိတ်အနှောင့် အယှက် ဖြစ်ကြရသည်။ မမြတ်ရည်မွန် အတွက်ကတော့ ထိုသို့မဟုတ်။ ၎င်းကိုယ်တိုင်မှာ ယာဉ်နောက်လိုက် ဖြစ်နေခြင်းကြောင့် အရက် သေစာသောက်စားထားသော ခရီးသည်များနှင့် တွေ့ဆုံလျှင် မည်ကဲ့သို့ ဖြေရှင်းရ ကြောင်းကို အောက်ပါ အတိုင်း ပြောသည်။
''အရက်မူးသမားတွေ ယာဉ်ပေါ်တက်မယ်ဆိုရင် ယာဉ်မောင်းက ဘက်မှန် ကနေကြည့်ပြီး အချက်ပြတယ်။ ယာဉ်မောင်းက မတင်ခိုင်းရင် သူသွားချင်တဲ့ နေရာကို ကိုယ့်ကားက ရောက်တယ်ဆိုပေမယ့် မူးနေတော့ ယာဉ်ပေါ်က ခရီး သည်လည်း အနှောင့်အယှက်ဖြစ်တယ်။ ပြီးတော့ အဲကွန်းကားဆိုတော့ အရက်နံ့ဆို မရဘူး။ အဲဒါကြောင့် မရောက်ဘူးလို့ ပြောပြီး မတင်တော့ဘူး''ဟု မမြတ်ရည်မွန်က ဆိုသည်။
ယခုအချိန်မှာတော့ မမြတ်ရည်မွန်တစ်ယောက် ယာဉ်နောက်လိုက် လုပ်သက် တစ်နှစ်ကျော် ရှိလာပြီဖြစ်သည့် အပြင် ယာဉ်နောက် လိုက်တစ်ယောက်၏ ကျင့်ဝတ်နှင့် စည်းကမ်းများကိုလည်း ကောင်းမွန်စွာ နားလည် တတ်ကျွမ်းပြီး လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချနေသူတစ်ဦးလည်းဖြစ်သည်။
''ခရီးသည် စိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးရမယ်။ ခရီးသည်တွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ချိုချိုသာသာ ပြောရမယ်။ ကားအတက်အဆင်းဆိုလည်း ခရီးသည်တွေ အဆင်ပြေအောင်၊ ပြုတ်မကျအောင် ဂရုစိုက်ပြီး လုပ်ပေးရတယ်''ဟု ခရီးသည်များအပေါ် ၎င်း၏ ဝန်ဆောင်မှုကို ပြောသည်။
ရန်ကုန်မြို့၌ နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် လုပ်ကိုင်နေသည့် ယာဉ်နောက်လိုက်အများစုမှာ ခရီးသည်များကို ဝန်ဆောင်မှုပေးရာတွင် မချေမငံ ပြောဆိုခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ မှတ်တိုင်မဟုတ်သည့် နေရာတွင် လူတင်၊ လူချပြုလုပ်ခြင်း စသည့် အပြုအမူများဖြင့် ဝန်ဆောင်မှုပေးနေသည်ကို သင်တို့လည်း ကြုံတွေ့ဖူးကြလိမ့်မည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မမြတ်ရည်မွန်က ''စည်းကမ်းပျက်နေတဲ့ ယာဉ်နောက်လိုက်တွေကို ပြောချင် တာကတော့ အတတ်နိုင်ဆုံးစည်းကမ်း လိုက်နာပါလို့ ပြောချင်ပါတယ်။ ခရီးသည်တွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း ချိုချိုသာသာနဲ့ စိတ်ချမ်းသာအောင် ဆက်ဆံစေချင်ပါတယ်''ဟု ပြောသည်။
မမြတ်ရည်မွန်အနေဖြင့် စည်းကမ်းလိုက်နာရန် ပြောဆိုသကဲ့သို့ ၎င်း၏ လုပ်သက်တစ်နှစ်ကျော် သက်တမ်း အတွင်း ယာဉ်ထိန်းရဲ၏ ဖမ်းဆီးခံရမှုမှာ ခြောက်ကြိမ်ခန့်သာရှိပြီး ယာဉ်မောင်းယူနီဖောင်း မဝတ်ခြင်းနှင့် မှတ်တိုင် မရောက်မီ ခရီးသည်တင်မိခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
''တစ်နှစ်ကျော်မှာ ခြောက်ခါလောက် အဖမ်းခံရတယ်။ ကိုယ့်ကြောင့်တော့ မဟုတ်ဘူး။ ယာဉ်မောင်းတွေ ကြောင့်ပါ။ ယူနီဖောင်း မဝတ်တာတို့၊ ရဲရှိတယ် မတင်နဲ့လို့ပြောပြီး မှတ်တိုင်မရောက်သေးဘဲ ခရီးသည် တင်လိုက်တာတို့ အဲလို မျိုးတော့ အဖမ်းခံရတာတွေရှိတယ်''ဟု မမြတ်ရည်မွန်က ပြောသည်။
လူရယ်လို့ ဖြစ်လာလျှင် ယုံကြည်ချက်၊ ရည်မှန်းချက်ဖြင့် မိမိဘဝကို တည်ဆောက်ချင်ကြသည်။ မိမိ၏ ရည်မှန်းချက်များ မပြည့်ဝသေးသည့်တိုင် ယုံကြည်ချက်ဖြင့် အသက်ရှင်ကာ ပန်းတိုင်ရောက်ရန် ကြိုးစား နေကြသည်။ မမြတ်ရည်မွန်၏ ယုံကြည်ချက်နှင့် ရည်မှန်းချက်က အဘယ်နည်း။
''ခုလောလောဆယ်တော့ ယာဉ်နောက်လိုက်ဘဝပေါ့။ ကျွန်မ ယာဉ်မောင်း သင်နေတယ်။ ခုဆို ကျွန်မမှာ လိုင်စင်အနက်ရပြီ။ လိုင်းကားမောင်းဖို့အထိ စဉ်းစားထားပါတယ်''ဟု ၎င်း၏ ယုံကြည်ချက်ဖြင့် ဖြတ်သန်း ချင်သည့် ဘဝကို ပြောသည်။
သို့သော် မမြတ်ရည်မွန်၏ ရည်မှန်းချက်ပန်းတိုင်မှာ ထိုအရာမဟုတ်။ ယာဉ်မောင်းဆိုသည့် ၎င်း၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိရန် အစီအစဉ်မှာ လှေကားထစ်တစ်ခုမျှသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်း၏ ရည်မှန်းချက် ပန်းတိုင်က မည်သို့နည်း။
''မိန်းကလေးတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ယာဉ်မောင်းတာက အဆင်မပြေဘူး။ ယာဉ်နောက်လိုက် အလုပ်ကလည်း ရေရှည်ဆို အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်မပိုက်ဆံစုမယ်။ စုပြီးရင် ကိုယ်ပိုင်စီးပွားရေး တစ်ခုခုလုပ်မယ် လို့ စိတ်ကူးထားတယ်''ဟု မမြတ်ရည်မွန်က ဆိုသည်။
၂၁ ရာစုခေတ်တွင် ကျားမတန်းတူ အခွင့်အရေးများရရှိလာသည်။ ရှေးရိုးစွဲ ဖိုမခွဲခြားဆက်ဆံမှုများက ကမ္ဘာ့နေရာတော်တော်များများတွင် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍများတွင် အမျိုးသမီးများကပါ ဦးဆောင်ပါဝင်လှုပ်ရှားလာကြသည်။ ၂၁ ရာစုခေတ်တွင် အမျိုးသမီးအလုပ်၊ အမျိုးသားအလုပ်ဟူ၍ ခွဲခြားသတ်မှတ်မှုမျိုးက တဖြည်းဖြည်းရှားပါးလာသည်။ ထို့ကြောင့် လည်း ယခင်က အမျိုးသားများ လုပ်ကိုင်လေ့ရှိသော လုပ်ငန်းများတွင် အမျိုးသမီးများကပါ ဝင်ရောက် လုပ်ကိုင်လာသည်ကို တွေ့ရှိရမည်။ ထိုအထဲတွင် မမြတ်ရည်မွန်လုပ်ကိုင်နေသည့် ယာဉ်နောက် လိုက်အလုပ် မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ အမျိုးသားများနှင့် ရင်ပေါင်တန်း၍ အလုပ်လုပ် ကိုင်နေရသည့် မမြတ်ရည်မွန်၏ ရင်တွင်းစကားကို နားထောင်ပြီးချိန်တွင် စိတ်ထဲ၌ ချီးကျူးနေမိပါတော့သည်။
''ယာဉ်နောက်လိုက်အလုပ်ကို ကျွန်မအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းပြီးလုပ်နိုင်တယ်ဆိုတာကို အမျိုးသားယာဉ်နောက်လိုက်တွေ သိအောင်လုပ်ပြနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။''

No comments:

Post a Comment