Saturday, July 18, 2015

အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး အမျိုးသားရေးအသိဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြစို့



ဆောင်းပါး
ကိုဌေး(ကနောင်)
တိုးတက်သောနိုင်ငံတိုင်းက မိမိတို့နိုင်ငံရဲ့ အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါ တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အားကစား အဆင့်အတန်း တိုးတက်မြင့် မားရေး လုပ်ငန်းဆိုတာ ''ခုရေတွင်း တူး.... ခုရေကြည်သောက်''ဆိုသလို အချိန်တို ကာလအတွင်း အကောင် အထည်ဖော်ဆောင်ရွက်၍ ရနိုင်တဲ့လုပ်ငန်းကိစ္စရပ်မျိုးတော့ မဟုတ်ပါ။ ဘာကြောင့် လဲဆိုတော့ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးဆောင်ရွက်ရာမှာ လူသားအရင်း အမြစ်၊ ဓနငွေကြေး၊ နည်းပညာတို့ကိုပေါင်းစပ်ကာ အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ရင်းနှီး မြှုပ်နှံ၍ ဆောင်ရွက် ရခြင်းကြောင့် ဖြစ်ပါတယ်။

ထိုသို့ ဆောင်ရွက်ရာမှာလည်း ခိုင်မာသည့်ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ကြဖို့ လိုအပ်သလို လတ် တလော အောင်မြင်မှုများ အတွက်လည်း ရေတိုစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ကြရ စမြဲဖြစ် ပါတယ်။ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် အကောင် အထည်ဖော်ဆောင်ရွက်နေဖို့ လိုအပ် သလို ရေတိုစီမံ ဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်များ ကိုလည်း ထိထိရောက်ရောက် ဆောင် ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ရေရှည် စီမံဆောင်ရွက်ရမယ့် လုပ်ငန်း စဉ်များနဲ့ ရေတိုစီမံဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များ ကို စဉ်ဆက်မပြတ် အချိတ်အဆက်မိမိ ဆက်စပ်ဆောင် ရွက်နိုင်မှု ရှိ၊ မရှိ အပေါ်မှာတည်မှီ၍ အမျိုးသား အားကစား အဆင့်အတန်း တိုးတက် မြင့်မားရေး လုပ်ငန်း များဟာလည်း အတက်အကျ ဖြစ်ပေါ်နေမှာသာ ဖြစ်ပါတယ်။
အမျိုးသားအားကစားအဆင့် တိုးတက်မြင့်မား စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် မူဝါဒ(၄)ရပ် ချမှတ် ဆောင်ရွက် လျက်ရှိတာကို တွေ့မြင်နေရ ပါတယ်။ အဆိုပါ မူဝါဒ(၄)ရပ်မှာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစား လှုပ်ရှားမှုများကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတိုင်း အတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက် လာစေဖို့ စည်းရုံးဆောင်ရွက်ရေး (Mass Sports)၊ မြန်မာ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားများ မွေးထုတ်ပေးရေး (Excellent Sports)၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် အဆင့်မြင့် မားစွာ ပါဝင်ယှဉ်ပြိုင်ရေးနဲ့ အရှေ့တောင်အာရှမှသည် အာရှ၊ အာရှအဆင့် မှသည် ကမ္ဘာ့ အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။ အားကစားရဲ့ အဓိပ္ပာယ်ကို ''အင်အားနှင့် ဥာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု'' '' Sports means is Games or Competitions involving Physical and Mental Activity''လို့ သတ်မှတ်ထားပါတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့ဆိုရင် နိုင်ငံသား တိုင်း လူကြီး၊ လူရွယ်၊ လူငယ်၊ လူလတ်၊ မိန်းမ၊ ယောက်ျားမရွေး ကိုယ်လက်လှုပ်ရှားမှုအားကစားကို နေ့စဉ်မဖြစ်မနေ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ကိုယ်လက်လှုပ်ရှားအားကစား လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုး ကျေးဇူးတွေကြောင့် ဖြစ်ပါတယ်။
ဒီအကျိုးကျေးဇူးတွေကတော့-
(၁) ကျန်းမာခြင်းသုခ မုချခံစားရခြင်း၊
(၂) မိသားစုကျန်းမာပျော်ရွှင်စေခြင်း၊
(၃) လူငယ်/ မောင်မယ်များ ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေခြင်း၊
(၄) နာမကျန်းဖြစ်၍ ဆေးဝါးကုသခြင်းမှ ကင်းဝေး စေခြင်း၊
(၅) လုပ်ငန်းခွင်၌ လုပ်အားစွမ်းပကားဖြင့် ကုန် ထုတ်လုပ်မှုတိုးတက်စေခြင်း။
စတဲ့အကျိုးကျေးဇူးတွေကို မလွဲမသွေရရှိစေမှာ ဖြစ်ပါ တယ်။
ကျန်းမာကြံ့ခိုင်သောလူမျိုး၊ ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်းဖြင့် တည်ဆောက်ထားသော မည်သည့် နိုင်ငံမဆို နိုင်ငံ၏ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်၍လည်း နိုင်ငံသား တိုင်း ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် တစ်မျိုးသားလုံးအားကစား လှုပ်ရှားမှုများကို ''လူထုအားကစားလှုပ်ရှားမှု'' အသွင် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စည်းရုံး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ''လူထုအားကစား'' ဆိုတာကတော့ အလွယ်ဆုံး၊ အရှင်းဆုံးပြောရရင်တော့ ''ငွေကုန်ကြေးကျနည်းပြီး လူကြီး၊ လူငယ်၊ ကျား/မ မရွေး အားကစားကွင်း၊ အားကစားခန်းမ၊ အားကစား အထောက် အကူပစ္စည်းမလိုအပ်ဘဲ လွယ်လင့်တကူ အများ စုပေါင်းလေ့ကျင့်နိုင်တဲ့ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်မှု'' တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ၁၉၆၄ ခုနှစ်မှ စတင်၍ ဒီဇင်ဘာလကို လူထုအား ကစားလအဖြစ် နိုင်ငံတော်မှ တရားဝင်သတ်မှတ်ခဲ့လို့ တစ်နိုင်ငံလုံး အားကစားလှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့်လှုပ်ရှားဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်သွားခဲ့တဲ့အပြင် မြန်မာ့ အားကစားအဆင့်အတန်းဟာလည်း တဖြည်းဖြည်း နိမ့်ကျလာတာကို တွေ့မြင်သိရှိခဲ့တဲ့အတွက် အားကစား ဝန်ကြီးဌာနအနေနဲ့ ၁၉၉၈-၁၉၉၉ ခုနှစ်မှ စတင်ပြီး ယခင်ကကျင်းပခဲ့တဲ့ နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် ပြန်လည်အသက်သွင်းပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် အပတ်စဉ် စနေနေ့တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးလက် ဒေသပါမကျန် မြို့နယ်၊ ခရိုင်နဲ့ပြည်နယ်၊ တိုင်းဒေသရှိ တိုင်းမြို့ကြီးအသီးသီးမှာ လူထုစုပေါင်းလမ်းလျှောက်ပွဲ တွေ၊ အားကစား ပြိုင်ပွဲတွေကို တပျော်တပါးဆင်နွှဲနိုင်အောင် စည်းရုံးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ် လုံးကလည်း ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိမြင်ပြီး တပျော်တပါး ဝိုင်းဝန်း ပူးပေါင်းဆင်နွှဲလာတာကြောင့် တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ နှစ်စဉ်လူထု အားကစားလှုပ်ရှား ဆောင်ရွက်မှု ရာခိုင်နှုန်းဟာ တစ်နှစ် ထက်တစ်နှစ် သိသိသာသာမြင့်မားတိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုမှာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၁၃ ဒသမ ၈၄ ရာခိုင် နှုန်းအထိ ပါဝင် ဆင်နွှဲလာခဲ့ကြောင်း မှတ်တမ်းများအရ သိရှိခဲ့ရပါတယ်။ နှစ်စဉ် လူထုအားကစားလှုပ်ရှားမှုများ သိသိသာသာ တိုးတက်လာခြင်းဟာ တစ်နည်းအားဖြင့် ပြည်သူအများအနေနဲ့ ကျန်းမာခြင်းရဲ့ အကျိုး ကျေးဇူးတွေကို ပိုမိုသိမြင်လာပြီး ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ် ဆိုတာ သက်သေပါပဲ။ လူထုအားကစား လှုပ်ရှားမှုတွေ၊ အားကစားပြိုင်ပွဲတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မှု ရာခိုင်နှုန်းမြင့်မားလာတာနဲ့အမျှ အားကစားဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်ရေးလုပ်ငန်းများကို တိုက်ရိုက်အထောက် အကူပြု အကောင်အထည်ဖော်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်ရေးမြင့်မားရေးအတွက် လူထုအားကစား လှုပ်ရှားမှုတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အသီးသီးရဲ့ ဦးဆောင်မှုနဲ့ ရပ်ကွက်၊ ကျေးရွာပေါင်းစုံအားကစား ပြိုင်ပွဲတွေ၊ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲတွေ၊ ခရိုင် ပေါင်းစုံအားကစားပြိုင်ပွဲတွေ ယခင်ကလို ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာအောင် ဆောင်ရွက်ကြဖို့ မလွဲမသွေလိုအပ်ပါတယ်။ ယခင်က တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အားကစားပြိုင်ပွဲတွေကို ပြည်သူ တစ်ရပ်လုံး တစ်ခဲနက်အားပေးကြတာက ပြိုင်ပွဲအဆင့် အတန်းမြင့်မားတာကြောင့် ဖြစ်ပါတယ်။ ပြိုင်ပွဲအဆင့် အတန်းမြင့်မားဖို့ကလည်း အခြေခံ ပြိုင်ပွဲတွေဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အားကစားပြိုင်ပွဲတွေကအစ ကျင်းပပြီး မြို့နယ်ပေါင်းစုံ၊ ခရိုင် ပေါင်းစုံပြိုင်ပွဲတွေ ကျင်းပပြီး အမှန်တကယ် အရည်အချင်းပြည့်ဝတဲ့သူတွေ ကိုပဲ တိုင်းဒေသကြီး၊ ပြည်နယ်လက်ရွေးစင်အဖြစ် စုစည်းရွေးချယ်လေ့ကျင့်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် အားကစားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကြတာ ကြောင့်လည်း ပြိုင်ပွဲအဆင့်အတန်းမြင့်မားပြီး ပြိုင်ပွဲ တိုင်းကို ပရိသတ်က နှစ်ခြိုက်စွာအားပေးကြတာဖြစ် ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲတွေ ပြန်လည်ဖြစ်ထွန်း ပေါ်ပေါက်လာအောင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များရဲ့ ဦးဆောင်မှုနဲ့အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်၊ အားကစားဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အားကစားဝါသနာရှင်များ၊ ပြည်သူများက အမျိုးသားရေး အသိနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါတယ်။
အလားတူ အခြေခံပညာကျောင်းများမှာ နေ့စဉ် အားကစားလေ့ကျင့်ချိန် (P.T) ချိန်သတ်မှတ်ပြီး ကြိုက်နှစ်သက်ရာ အားကစားနည်းတစ်ခုခုကို ကစား စေခြင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲတွေ ကျင်းပ ပေးပြီး အားကစားနည်းအလိုက် ကျောင်းလက်ရွေးစင် ရွေးချယ်ခြင်း၊ အခြေခံပညာကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲများကျင်းပပေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်များ တွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြီး တက္ကသိုလ်၊ ကောလိပ်လက်ရွေးစင်ရွေးချယ်ခြင်း၊ တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ပြန်လည်အသက်ဝင်လာအောင်လည်း ပညာရေးဝန်ကြီး ဌာနနဲ့ အားကစားနဲ့ ပညာရေးပေါင်းစပ်မှု ဦးစီး ကော်မတီအနေနဲ့ ပြန်လည်ဆောင်ရွက်ဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်တွေ အားနည်းနေခြင်းရဲ့ ရလဒ်ကတော့ ၂ဝ၁၄ ခုနှစ် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားအဖွဲ့များရဲ့အောင်မြင်မှု အဆင့်နိမ့်ကျနေ တာက သက်သေပါပဲ။
အမျိုးသားအားကစား အဆင့်အတန်းမြင့်မား တိုးတက်ရေးလုပ်ငန်းများဟာ များပြားကျယ်ပြန့်လှ တာကြောင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းကသာ တာဝန်ယူဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘဲ နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်ညွှန်ကြားမှုနဲ့အတူ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအားလုံး၊ ဒေသဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်၊ အား ကစားဆိုင်ရာ အဖွဲ့ အစည်းအဆင့်အဆင့်နဲ့အတူ အားကစားဝါသနာရှင်များ၊ စေတနာရှင်၊ အလှူရှင် များ၊ စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် ပြည်သူ တစ်ရပ်လုံး အမျိုးသားရေးစိတ်နှင့်အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်လာမှသာ အချိန်ကာလအတိုင်းအတာတစ်ခုအတွင်းမှာ အောင်မြင်မှုရရှိလာနိုင်မှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment