Friday, July 24, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၈၁ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇူလိုင် ၂၄

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၁ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပရာ            မင်းကင်းမဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင် ၏ မဲစာရင်းများကပ်၍ ပြည်သူများ လာရောက် ကြည့်ရှုကြစေရန် ယခုထက်ပို၍ နှိုးဆော်တိုက်တွန်းမှုများရှိ၊ မရှိ၊ မြန်မာနိုင်ငံသား တစ်ယောက်သည် အကြောင်းတစ်ခုခု ကြောင့် မဲပေးရန် အခွင့်အရေးဆုံးရှုံးသည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိစွန်းခြင်းရှိ၊ မရှိ၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က မဲပေးပိုင်ခွင့်နှင့် ယခု ၂၀၁၅ ရွေးကောက်ပွဲ၏ မဲပေးပိုင်ခွင့် ကွဲလွဲချက်များကိုသိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ထုတ်ပြန် ခဲ့သော အထွေထွေရွေးကောက်ပွဲ အသိပေးကြေညာချက်မှစ၍ မဲစာရင်းမှန်ကန်ရေး၊ မဲစာရင်းတွင်ပါဝင်ရေး၊ မဲစာရင်းပြုစုပုံတို့ကို ဖော်ပြခဲ့ပါကြောင်း၊ မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးကပြုစုပြီး အခြေခံမဲစာရင်းများကိုကပ်၍ ကြေညာပေးခဲ့ပါကြောင်း၊ မဲစာရင်းများကိုကြည့်ရှုရန် မဲစာရင်းတွင် ပါဝင်ခြင်းမရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရန်၊ ကန့်ကွက်ရန်ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရန်၊ ပြင်ဆင်ရန်ရှိပါက ပုံစံ(၄-ဂ)ဖြင့်ပြင်ဆင်ရန် နှိုးဆော်ခဲ့ပါကြောင်း၊ ယနေ့ထက်တိုင်လည်း နိုင်ငံပိုင်သတင်းစာ များနှင့် ရုပ်သံလိုင်းအစီအစဉ်များတွင် နှိုးဆော် ပေးလျက်ရှိပါကြောင်း။


မဲဆန္ဒရှင်တစ်ဦးသည် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး အမှားအယွင်းချို့ယွင်းချက် များရှိပါက ပုံစံ(၃)တောင်းဆိုလွှာ၊ ပုံစံ(၄)ကန့်ကွက်လွှာ၊ ပုံစံ(၄-ဂ) ပြင်ဆင်လွှာတို့ကို တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ မဲစာရင်းတွင် အမှားအယွင်းချွတ်ချော်ချက် တစ်စုံတစ်ရာ ပါနေသော်လည်း လွှတ်တော်ရွေးကောက်ပွဲများ နည်းဥပဒေ ၅၀(ဂ)အရ ထိုသူသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအမှန်ဖြစ်ကြောင်း တာဝန်ခံ၍ ပြောဆိုလာပါက ပြင်ဆင်ရေးမှတ်၍ ဆန္ဒမဲ ပေးပိုင်ခွင့်ပြုရမည်ဟု ပြဌာန်းထားသဖြင့် မဲပေးပိုင်ခွင့် လုံးဝဆုံးရှုံးသွားရန် အကြောင်း မရှိပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၃၉၁(က)အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့်ရှိပါကြောင်း၊ လွှတ်တော်ရွေးကောက် ပွဲများဥပဒေပုဒ်မ ၆ တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူသာ ဆန္ဒမဲ ပေးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် အခွင့်အရေးနှင့် တာဝန်ကိုနားလည်ပြီး ဥပဒေ နှင့်အညီ လိုက်နာဆောင်ရွက်ပါက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးဆုံးရှုံးနိုင်မည့်အကြောင်းမရှိပါကြောင်း။

၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က ဆန္ဒမဲပေးနိုင်ခွင့်ပုံစံနှင့် ယခု ၂၀၁၅ ရွေးကောက် ပွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ပုံစံ ကွဲလွဲချက်များအနက် ယခင်က ယာယီသက်သေခံလက်မှတ် ကိုင် ဆောင်ထားသူများ မဲပေးခွင့်ရှိသော်လည်း ယခုမရှိတော့ပါကြောင်း၊ ယခင်က ကြိုတင် ဆန္ဒမဲပေးသူများစာရင်းကို တိတိကျကျ မှတ်တမ်းတင်ထားခြင်းမရှိသော်လည်း ယခုမဲဆန္ဒ နယ်ပြင်ပရောက်(ပြည်တွင်း) ကြိုတင်ဆန္ဒမဲပေးသူများစာရင်းပုံစံ(၁-၁)၊ မဲဆန္ဒနယ် ပြင်ပ ရောက် တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ ကြိုတင်ဆန္ဒမဲပေးသူများ စာရင်း ပုံစံ (၁-၂)၊ မဲဆန္ဒနယ်ပြင်ပရောက်(ပြည်ပ) ကြိုတင်ဆန္ဒမဲပေးသူများစာရင်းပုံစံ(၁-၃)တို့ဖြင့် စာရင်းများပြုစု၍ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားပါကြောင်း၊ ယခင်က ဆန္ဒမဲပေးပြီးသူဖြစ်ကြောင်း သီးခြားအမှတ်အသားပြုထားခြင်းမရှိသော်လည်း ယခုဆန္ဒမဲ ပေးပြီးပါက ဆန္ဒမဲပေးပြီးကြောင်း သတ်မှတ်ထားသောလက်၏လက်ချောင်းပေါ်တွင် မင်တို့သည့် စနစ်ကျင့်သုံး၍ မဲဆန္ဒရှင်တစ်ဦးတည်း နှစ်ကြိမ်ထပ်၍ ဆန္ဒမဲပေးခြင်းမပြုနိုင်ပါ ကြောင်း၊ ယခင်က ကြိုတင်ပြီး အခြေခံမဲစာရင်းပြုစုခြင်းမရှိသော်လည်း ယခု ပြည့်စုံမှန်ကန် သော မဲစာရင်းဖြစ်ရေးအတွက် ကြိုတင်၍ အခြေခံမဲစာရင်းပြုစုပါကြောင်း၊ နိုင်ငံရေးပါတီ များနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ကျင့်ဝတ်များကို ယခင်က ထုတ်ပြန်ထားခြင်းမရှိသော်လည်း ယခုရှိ ပါကြောင်း၊ ပြည်ပမှ စောင့်ကြည့်လေ့လာသူများကျင့်ဝတ်ကို ယခင်က တိတိကျကျ ထုတ်ပြန်ပေးခဲ့ခြင်း မရှိသော်လည်း ယခုရှိပါကြောင်း ဖြေကြားသည်။

ထို့ပြင် ဂွမဲဆန္ဒနယ်မှ ဦးကြည်သာ၏ ကျေးလက်ဒေသများရှိ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများ၏ ဦးပိုင်မြေများကို မြေစာရင်းဌာနမှတိုင်းတာခြင်း၊ မှတ်တမ်းထား ရှိခြင်းတို့တွင် တိကျမှုမရှိခြင်းများကို တွေ့ရပါသဖြင့် မြေစာရင်းဦးစီးဌာနအနေဖြင့် ရေရှည်စနစ်တကျ ထိန်းသိမ်းနိုင်သော အစီအစဉ်များရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေကြီး၊ မြေပုံမှန်ကန်ရေးအတွက် စက္ကူမြေပုံစနစ်မှ ဒီဂျစ်တယ်မြေပုံစနစ်သို့ ကူးပြောင်းနိုင်ရေး စီမံချက်ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ကွင်းပေါင်း ၂၃၇၇ ကွင်းနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၄၀၂၇ ကွင်းတိုင်းတာ နိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကွင်းပေါင်း ၇၆၀၀ ကွင်းအထိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိုးတက်တိုင်းတာသွားရန် စီစဉ်ထားပါကြောင်း။

နိုင်ငံတော်၏ မြေယာဆိုင်ရာမူဝါဒများချမှတ်ရာတွင် လည်းကောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ပြည်သူ လူထု၏ စားနပ်ရိက္ခာဖူလုံမှုနှင့် နေထိုင်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းပေးရာတွင် လည်းကောင်း၊ အခြေခံလိုအပ်ချက်ဖြစ်သည့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းအချက် အလက်များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စာရင်းအင်းအချက်အလက်များ တိကျ မှန်ကန်စေရန်အတွက် အခြေခံဖြစ်သော ကွင်းမြေပုံများ မြေကြီးနှင့် မြေပုံအစဉ်အမြဲမှန်ကန် စေရန် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ဒီဂျစ်တယ်မြေပုံများ တိုင်းတာထုတ်လုပ်အသုံးပြုနိုင်ရေးလုပ်ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တင်သွင်းသည့် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်း ကြေညာသည်။

ယနေ့ အစည်းအဝေးတွင် လယ်ယာကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ ခရီးသွားလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။


(သတင်းစဉ်)

No comments:

Post a Comment