ဆောင်းပါး
ကေကေ
(မဟာဝိဇ္ဇာ)
အခြေခံမဲဆန္ဒရှင်စာရင်းတွင် အမှားတွေအများကြီးရှိသည်ဟု
ဂျာနယ်နှင့်ပုဂ္ဂလိက သတင်းစာများက ရေးသား ကြသည်။ အမှားရာခိုင်နှုန်းကို ၈ဝ အထိ ပြောကြသည်။
ဧရာဝတီဂျာနယ်က ၉ဝ ရာခိုင်နှုန်းအထိ ဆိုသည်။
ဤသို့ အပတ်စဉ် ရေးဖန်များသောအခါ အခြေခံမဲဆန္ဒရှင် စာရင်းအပေါ် မဲဆန္ဒရှင်တို့က သံသယဝင်လာရုံသာမက
အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင် ထိပ်ပိုင်းကိုပင် သတင်းတွေက ကိုင်လှုပ်နိုင်စွမ်းရှိလာသည်။
ငါ့စကော တပ်ကြီးချီလာပြီဆိုသော အနေအထား ရောက်အောင် ဖန်တီးပြီးသောအခါတွင် အမှားတွေ များလွန်းသော
မဲစာရင်းဖြင့် ပြုလုပ်မည့်၂ဝ၁၅ ရွေးကောက် ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟူသော
လမ်းကြောင်းပေါ်သို့ လိမ္မာပါးနပ် စွာ ဆွဲခေါ်ယူ သွားသည်။
မျှော်လင့်ချက်မရှိသော ရွေးကောက်ပွဲကို
မဖြစ် စေချင်တာလား၊ ဖြစ်သည့်တိုင် တရားမျှတမှု မရှိကြောင်း ကြိုတင်ကာထားချင်တာလား အမျိုး
မျိုးတွေးမိသည်။ အပြုသဘောပူးပေါင်းဆောင်ရွက် ပါက အမှားတွေ ၈ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု
အော်နေရုံနှင့် မပြီးဘဲ၊ ¤င်းအမှားအားလုံးကို ပြင်ဆင်ပေးမည့် ကော်မရှင်အဖွဲ့ခွဲတွေ
လက်ထဲ အချိန်မီရောက်အောင် ထည့်ပေးသင့်သည်။
တကယ်အလုပ်လုပ်နေသော အလယ်အလတ် ကော်မရှင်အဖွဲ့ခွဲများထံ
အဆင့်တူချင်းလာရောက်၍ အခြေခံ မဲဆန္ဒရှင် စာရင်း၏ သဘောသဘာဝ၊ ရည်ရွယ်ချက်၊ ပြုစုပုံပြုစုနည်း
အစရှိသည်တို့ကို မိမိတို့လုပ်ငန်းမစတင်မီ မေးမြန်းဆွေးနွေးညှိနှိုင်း သင့်သည်။
သဘောသဘာဝမတူသော အဖွဲ့နှစ်ခု ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင်
တစ်ဖွဲ့အကြောင်း တစ်ဖွဲ့သိရမည်။ တစ်ဖွဲ့၏အားနည်းချက်ကို တစ်ဖွဲ့၏ အားသာချက်ဖြင့် ဖြည့်ဆည်းပေးရမည်ဟု
ဖတ်မှတ်ဖူးသည်။
ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းသည် မှားတတ်သော
သဘောရှိပေသည်။ မိမိနိုင်ငံထက် ရွေးကောက်ပွဲ အတွေ့ အကြုံရှိသော နိုင်ငံများမှာပင် ဤအမှားမကင်းနိုင်ချေ။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် မဲဆန္ဒရှင် များအား မဲစာရင်းသွား ရောက်ကြည့်ရှုရန်၊
မိမိနာမည်မပါလျှင် ပုံစံ-၃ ဖြင့် မဲစာရင်းထည့်ပေးဖို့ တောင်းဆိုရန်၊ အချက်အလက်များ
မှားနေလျှင် ပြင်ဆင်ပေးဖို့ ပုံစံ-၄ (ဂ)ဖြင့် တောင်းဆိုရန်၊ မပါသင့်သူပါနေလျှင် ပုံစံ-၎
ဖြင့်ကန့်ကွက်ရန် ပြဋ္ဌာန်းထားခြင်းသည် မှားတတ် သော သဘောရှိသောကြောင့်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် အခြေခံမဲဆန္ဒ ရှင်စာရင်းများကို ပြသကြေညာသောအခါ ပြည့်စုံ
မှန်ကန်သော မဲဆန္ဒရှင် စာရင်းများဖြစ်ပါသည်ဟု မပြောခဲ့ချေ။ မှားတတ်သည်၊ မှားမည်ကို သိသော
ကြောင့် ဥပဒေပါအတိုင်း လာကြည့်ရန်၊ လိုအပ်ပါက ပုံစံသုံးမျိုးကို အသုံးချ၍ သက်ဆိုင်ရာ
ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲကို ပြင်ခိုင်းရန် သတင်းထုတ်ပြန် ချက်ထုတ်ပြန်ခြင်းနှင့်
အရပ်ဘက်လူမှုအဖွဲ့ အစည်း များ၏တက်ကြွသောအကူအညီဖြင့် မဲဆန္ဒရှင်များအား နှိုးဆော်အသိပေးခြင်းတို့ကိုသာ
ဆောင်ရွက်ခဲ့ သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည်
ပြသကြေညာထားသည့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့် ရှုသော မဲဆန္ဒရှင်အရေအတွက်၊ ပုံစံသုံးမျိုး
အသီးသီးတင်သွင်းသော အရေအတွက် တို့ကို မှတ်သားထားသည်။ စာရင်းမပိတ်နိုင်သေး သဖြင့် တိုင်းဒေသကြီးချုပ်
ရလဒ်မပေါ်သေးသော် လည်း ပြီးစီးသမျှစာရင်းအရ ၁၅ ရာခိုင်နှုန်းခန့်ရှိ နိုင်သည်။ အားလုံးပြီးစီးလျှင်
၂ဝ/၂၅ ရာခိုင်နှုန်းထက် ပိုမည်မထင်ပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် ရာခိုင် နှုန်း ၈ဝ/၉ဝ
ဖြစ်နေရပါသနည်း။
ဖြစ်နိုင်ခြေများထဲတွင် အဓိကအကျဆုံးမှာ
တိုင်း တာသောပေတံ မှားယွင်းသောကြောင့်ဟု တွေးမိ သည်။ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုသောလုပ်ငန်းကို
အခြေခံမဲဆန္ဒှရှင်စာရင်းပေတံဖြင့်တိုင်းမှ မှန်ကန် သော အမှားကို ရပါမည်။ အခြေခံမဲဆန္ဒရှင်စာရင်း
ပြုစုသောလုပ်ငန်းကို အပြီးသတ်မဲဆန္ဒရှင်စာရင်း ပေတံဖြင့် တိုင်းတာလျှင် အမှားများ ဖောင်းပွနေ
ပေလိမ့်မည်။ ရှင်းပါမည်။ အခြေခံမဲဆန္ဒှရှင်စာရင်း ( Basic Voters’ List ) သည် ၂ဝ၁၅ ရွေးကောက်ပွဲတွင်
အသုံးပြုရန် မဟုတ်ဘဲ၊ ရွေးကောက်ပွဲရက် ကြေညာပြီး သည့်နောက် စတင်ပြုစုရမည့် အပြီးသတ်မဲစာရင်း
(Final Voters’ List) ပြည့်စုံမှန်ကန်ရေးအတွက် အချိန်ယူ ကြိုတင်ပြုစုထားသော စာရင်းဖြစ်သည်။
အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒနယ်အတွင်း
အခြေချနေထိုင်သည်ဟု မှတ်ယူရမည်ဖြစ်သော မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာနတွင် စာရင်းပေါက်သည့် အိမ်ထောင်စုစာရင်း ( ပုံစံ ၆၆/၆ )ပါသူများကိုသာ ထည့်သွင်းပါသည်။
အိမ်ထောင်စုစာရင်းမရှိသူများ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများ၊ မကြာခဏ ပြောင်းရွှေ့ရတတ်သော
တပ်မတော်သားများနှင့် မိသားစုများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုများကို မထည့် သွင်းသေးပါ။
အပြီးသတ်မဲဆန္ဒရှင်စာရင်း ပြုစုသောအခါတွင်မူ ၎င်းတို့ အားလုံး ပါသင့်ပါထိုက်သူ အားလုံးကို
ထည့်သွင်း မည်ဖြစ်သည်။
ဧည့်စာရင်းဖြင့် နေထိုင်သူများသည် အခြေခံ
မဲဆန္ဒှရှင်စာရင်းတွင် အကျုံးမဝင်သေးကြောင်း၊ အိမ်ထောင်စု စာရင်း မရှိသူများသည် ၎င်းတို့
နောက် ဆုံးနေခဲ့သည့် မဲဆန္ဒနယ်တွင်သာ မဲစာရင်းပါမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
သတင်းထုတ်ပြန်ချက်နှင့် ကော်မရှင်အဖွဲ့ခွဲများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ မဲဆန္ဒရှင်
ပညာ ပေး အစီအစဉ်များတွင် ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း
လုပ်ငန်းကို အပြီးသတ် မဲဆန္ဒရှင်စာရင်းပြုစုပုံစံ ပေတံနှင့် တိုင်းခဲ့ ပါလျှင် ကျန်ရစ်သူများ
(အမှားတွေ)အလွန်များနေပေလိမ့်မည်။ အခြေခံမဲဆန္ဒရှင် စာရင်းတွင် မထည့်သေး သော သောင်းနှင့်ချီသည့်
အင်အားများသည် အမှားများဖြစ်သွားနိုင်သည်။
မဲဆန္ဒရှင်အမည်၊ မိဘအမည်၊ နိုင်ငံသားစိစစ်
ရေးကတ်ပြားအမှတ်၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ လက်မှတ်အမှတ်၊ နေရပ်လိပ်စာတို့တွင်
စာလုံးပေါင်းမှားခြင်း၊ အမည်လွဲခြင်း၊ ဂဏန်းမှားခြင်း၊ ကျန်ရစ်ခြင်း အစရှိသည်တို့မှာ
အချက်အလက်မှား ခြင်းဖြစ်သည်။ မဲဆန္ဒရှင်က အချက်အလက် မှားယွင်း မှုကို ပုံစံ- ၄(ဂ)ဖြင့်
မတင်သွင်းသော်လည်း သိသာ ထင်ရှားသော သတ်ပုံသတ်ညွှန်းအမှား၊ အရေးအကူး ချွတ်ယွင်းသောအမှား၊
မတော်တဆအမှားများကို မဲဆန္ဒရှင်စာရင်းပြုစုစဉ်နှင့် စစ်ဆေးစဉ်တွေ့ရှိက ရပ်ကွက်နှင့်ကျေးရွာအုပ်စု
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တို့က
နည်းဥပဒေ ၁၃ (က) နှင့် (ခ)တို့အရ ပြင်ဆင် ပေးမည်ဖြစ်သည်။
တစ်ဖန် မဲပေးစဉ်တွင်အမည် သို့မဟုတ် နေရပ်လိပ်စာနှင့်
စပ်လျဉ်းသည့် ဖော်ပြချက်တွင် အနည်း ငယ်မှား ယွင်းခြင်း၊ ချို့ငဲ့ခြင်း၊ ချွတ်ချော်ခြင်းရှိသော်လည်း
ထိုဖော်ပြချက်နှင့် သက်ဆိုင်သူသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံတင်ပြနိုင်
သူရှိလျှင် မဲရုံမှူးက မှတ်တမ်းတင်ပြီး ပြင်ဆင်ပေး နိုင်ကြောင်း မဲရုံမှူးလုပ်ငန်းလမ်းညွှန်
အပုဒ် ၅ (ဂ)၊ (၁၆)တွင် ဖော်ပြထားသည်။
အသေးအဖွဲအမှားတိုင်းကို အမှားတစ်ခုအဖြစ်
ရေတွက်ပါလျှင် မဲဆန္ဒရှင် သိန်းနှင့်ချီသော မြို့နယ် တစ်ခုတွင်၊ မဲဆန္ဒရှင်စာရင်းပြုစုသူနှင့်
အချက် အလက်ထည့်သွင်းသူတို့၏ ညောင်းညာသောအခါ ဖြစ်တတ်သော လူ့သဘာဝအမှား(human error) နှင့်
မှီငြမ်းပြုစုသောစာရင်း၏ မထင်ရှားမှုတို့အရ အမှားဒီဂရီသည် ပြဒါးတိုင် ထိပ်သို့ တက်ပေတော့မည်။
ဤသေးဖွဲသော အမှားကလေးများသည် မဲပေးခြင်းကို မထိခိုက် စေနိုင်သော ကြောင့် ဇာချဲ့ရန်
မလိုအပ်ပေ။
မွေးရက်မွေးလထပ်ခြင်းမှာ အမှားမဟုတ်ဘဲ
မွေးရက်မွေးလ မပြောနိုင်သော မဲဆန္ဒရှင်များကို မဲဆန္ဒရှင် စာရင်းတွင် ပါဝင်နိုင်အောင်
ရပ်ရွာ ဓလေ့မှတ်ထုံးနှင့် ဆော့ဖ်ဝဲနည်းပညာတို့အပ်စပ် အောင် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း
ထပ်မံရှင်းလင်းပြရန် လိုမည်မထင်ပေ။ မဲဆန္ဒရှင်အချို့တွင် နိုင်ငံသား စိစစ်ရေးနံပါတ်
မပါခြင်းမှာ ¤င်းတို့တွင် ယင်းကတ်ပြားမရှိသောကြောင့်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်
လက်မှတ်) မရှိသူသည် မဲစာရင်းတွင် မပါရ၊ မဲမပေးရဟု ပြဋ္ဌာန်းချက်မရှိပါ။ သတ်မှတ်ရက်စွဲတွင်
အသက် ၁၈ နှစ်ပြည့်သူသည် လွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၆ နှင့် ကိုက်ညီလျှင်၊ ပုဒ်မ
၇ နှင့် မငြိစွန်းလျှင်၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစု ခြင်းနှင့် အချက်အလက် ထည့်သွင်းခြင်း
လက်စွဲ စာစောင်နှင့်ညီညွတ်လျှင် မှတ်ပုံတင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၎င်း၏ အခွင့်အရေး
မဆုံးရှုံးအောင် အခြေခံမဲဆန္ဒရှင်စာရင်းတွင် ထည့်ပေးရပါသည်။
ထို့ကြောင့် မဲဆန္ဒရှင်၏ မှတ်ပုံတင်စာတိုင်း၌
ကွက်လပ်ဖြစ်နေခြင်းသည်လည်း အမှားမဟုတ်ချေ။ ဒါတွေကို အမှားဟုရေတွက်လျှင် အမှားများ ဖောင်းပွနိုင်ပါသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနသည်
အခြေခံမဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံ တင်မပါသူများကို မှတ်ပုံတင် ရရှိရေး ဆောင်ရွက်ပေး
နေကြောင်း သိရှိရသည်။
လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၇ တွင် ဖော်ပြထားသူများသည်
အခြေခံမဲဆန္ဒရှင်စာရင်းတွင် ပါဝင်နေခြင်း၊ မဲဆန္ဒရှင်တစ်ဦးသည် မဲစာရင်းနှစ် နေရာတွင်ပါနေခြင်း၊
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူကို မပယ်ဖျက်မိဘဲ ကျန်နေခြင်း အစရှိသဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းတွင်
မပါသင့် သူများပါနေလျှင် ပုံစံ-၄ ဖြင့် ကန့်ကွက်ရသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment