Friday, March 27, 2015

''အဖိုးတန်အမုန်းခံများ''

ညွန့်ဝေ(သန်လျင်)
၂ဝ၁၅ ခုနှစ် မတ်လ ၁ဝ ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိလာသော ဆောင်းပါးရှင်စာရေးဆရာ တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)ရေးသားသော ''အမုန်းများနှင့် လှတဲ့သူ'' ဆောင်းပါးကို ဖတ်ရှုမိပြီးနောက် ကျွန်တော်၏ အတွေးများသည် မြန်မာ့ ရုပ်ရှင်လောကတွင် ထင်ရှားခဲ့သည့် ဗီလိန်သရုပ်ဆောင် မင်းသားကြီး အကယ်ဒမီဦးကျောက်လုံး ထံ ရောက်ရှိသွားခဲ့ပါတယ်။ သူ့ဇာက်ကား အားလုံးကို ကြည့်ဖူးခြင်းမရှိသော်လည်း
သူ၏ထူးချွန်သော သရုပ်ဆောင်ချက် များကို စိတ်ထဲတွင်မြင်ယောင် မိပါသည်။ ငယ်စဉ်က မင်းသားကြီးဦးကျောက်လုံးကို ကြောက်ရွံ့မိခဲ့သော်လည်း လူရွယ်၊ လူလတ်ပိုင်း သို့ရောက်လာသောအခါ ၎င်း၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီး၍ သာမန်အနုပညာရှင် များအနေဖြင့် သူကဲ့သို့ပီပြင်အောင် သရုပ်ဆောင်ရန်မှာ လွန်စွာခက်ခဲကြောင်း နားလည်သဘောပေါက် ခဲ့ရပါသည်။
ဆရာတင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)၏ ဆောင်းပါးကိုဖတ်ရှုမိပြီး အတွေးနယ်ချဲ့ခဲ့မိပါသည်။ ဤတွင် မင်းသားကြီး ဦးကျောက်လုံး တစ်ဦးတည်း၏ အကြောင်းမဟုတ်ဘဲ ရုပ်ရှင်လောကထက် အဆပေါင်းများစွာ ကြီးမားကျယ်ပြန့်သော ပြည်ထောင် စုမြန်မာနိုင်ငံတစ်ဝန်းရှိ လူဘောင် လောကထဲမှ အမုန်းခံလူသားအချို့၏ အကြောင်းဖြစ်ပါသည်။
''အမုန်း''ဟုဆိုလိုက်သည်နှင့်မလိုလားခြင်း၊စက်ဆုပ်ရွံရှာခြင်း၊ မသတီခြင်း၊ မချစ်မနှစ်သက်ခြင်းဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြု၍
''အချစ်'''ဟူသောစကားလုံးမှာ ၎င်းအဓိပ္ပာယ် နှင့် ဆန်ကျင်ဘက်ဖြစ်လေ သည်။ အမုန်းနှင့် အချစ်နှစ်မျိုးရှိရာတွင် တစ်မျိုး မဟုတ် တစ်မျိုးကို မွေးဖွား သူများနှင့် အဆိုပါအမုန်း သို့မဟုတ် အချစ်ကို ခံယူရသူများဟူ၍ လူအမျိုးအစား နှစ်ခုသည် ဒွန်တွဲ၍နေသည်။ ဤတွင်အမုန်းသို့မဟုတ်အချစ်ကို ထုတ်ဖော်ပွားများသူများနှင့် ယင်းတို့၏ သက်ရောက်မှုကို ခံရသူများ ကြားတွင် အကြောင်းအရင်း ဆိုသည်မှာ ရှိစမြဲပင်။ အဆိုပါ အကြောင်းအရင်း၏ လေးနက်မှု၊ အဓိပ္ပာယ်ရှိမှု၊ မှန်ကန်မှု အတိုင်းအတာပေါ် မူတည်၍ မုန်းသူက မှန်သလား၊ အမုန်းခံရသူကမှန်သလားဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ အချစ်ကို ရယူရန် မလွယ်ကူသော်လည်း အမုန်းကကပ်ငြိလွယ်သည်။ လူတို့၏နှလုံးသား တွင်အမုန်းသည် ရက်စက်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ အတ္တကြီးခြင်းများကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းအရင်း များကြောင့်လည်း ပေါ်ပေါက် လာနိုင်ပေသေးသည်။
စာရေးသူငယ်စဉ်က အတန်းထဲတွင်အမြဲတစ်ချိတ်သော မြင့်မြင့်ဝင်းကို မုန်းမိခဲ့၏။ မြင့်မြင့်ဝင်း နေမကောင်း၍ ဆေးရုံ တက်ရသောအခါ စိတ်ထဲတွင်ကြိတ်၍ ဝမ်းသာမိခဲ့သည်။တစ်ခါတည်းသာ သေလိုက်ပါတော့ဟု စိတ်ထဲတွင် ဆုတောင်း မိသည်မှာ အကြိမ်ကြိမ်။ မြင့်မြင့်ဝင်း နေကောင်းလာ၍ ဆေးရုံမှ ဆင်းလာသော အခါဆုတောင်းသလို မဖြစ်လာ၍ စိတ်ထဲတွင် မကျေမချမ်းဖြစ်မိခဲ့သည်။ ထိုအထဲတွင် အတန်းသားအားလုံး နီးပါးပါဝင်၏။ ကျွန်တော် လေးတန်းကျောင်း သားဘဝ ရောက်သော အခါ အဖေ့ထံမှ ပုံမှန်ရသော ကျွန်တော်၏ နေ့စဉ်မုန့်ဖိုးကို များသည်ဟု ထောက်ပြ ပြောဆိုသော အစ်မဝမ်းကွဲ ''မမကြီး'' ကိုကျွန်တော်မုန်းသည်။ ထိုမျှမက ကျွန်တော်၏ကျောင်းပြေးခြင်း၊ အရုပ်ကား ထပ်ကစားခြင်း၊ ဇာမဏီ အင်းထဲတွင် ရေကူးခြင်း၊ ကျောင်းတွင်ရန်ဖြစ်ခြင်းများကို တစ်ခုမကျန်ပြန်တိုင်သော မမကြီးကို အမှုန့်ကြိတ်ပစ် ချင်လောက်အောင် ကျွန်တော်မုန်းခဲ့ မိပါသည်။
ကျွန်တော်သည် စတုတ္ထတန်းတွင် ယောက်ျားလေး ရှေ့ဆုံးတန်းတွင် အမြဲထိုင်ရ၏။ ကျွန်တော်၏နံဘေးတွင် ကျွန်တော်၏ အချစ်ဆုံးသူငယ်ချင်း မောင်နွယ်ရှိသည်။တစ်နေ့တွင်မောင်နွယ်က နိုင်ငံတော်သီချင်းကို နောက်ပြောင်၍ ဆိုမည်
ဟုဆို၏။ ကျွန်တော်ကတား၏။ မရ။
ကမ္ဘာမကြေဗမာပြည်...တို့ဘိုးဘွားအမွေစစ်မို့ ...ဗိုက်နာလို့သေ'' ဟုဆို၏။ ဘာကွဟူသော အသံကြီးနှင့်အတူ ဆရာကြီး၏ ဒေါသကား ဆိုဖွယ်ရာ မရှိ။ သားရေကွင်းဖြင့် သုံးလုံး ပူးချည်ထားသော ကြိမ်လုံးဖြင့်ဆော်၏။ ကြိမ်လုံးများ ဖွာထွက်
သွားသည်အထိပင်ဖြစ်၏။ ကျွန်တော်တို့ ကျောင်းသားများသည် ဆရာကြီးကို ကြောက်ရွံ့၍လူငယ်ပီပီ မုန်းမိခဲ့ပါသည်။
ရက်ရက် စက်စက် ရိုက်တတ်သောဆရာကြီးကို လက်တုံ့ပြန်သော အားဖြင့် ဆရာကြီးမြို့သို့ ပြန်ရန် ကားမှတ်တိုင်သို့လာ၍ ကားလာစောင့်လျှင် လေးခွနှင့် ပစ်မည်ဟု မောင်နွယ်က ပါးစပ်မှ တဖွဖွရေရွတ်နေ၏။ သို့သော် လူငယ်၏ လက်တုံ့ပြန် လိုသော ဆန္ဒမှာ ထိုနေ့ညနေ နေဝင်သွားခြင်းနှင့်အတူ ပျောက်ကွယ်၍သွားခဲ့ပါသည်။ အရွယ်ရလာသည်နှင့်အမျှ ငယ်စဉ် က ပွားများမိခဲ့သော အမုန်းမှားများကို သိမြင်လာခဲ့ရသည်။ ဆရာကြီး ကွယ်လွန်သောအခါ ဝမ်းနည်းသံကြီးဖြင့် ငိုချလိုက် သော သူငယ်ချင်းမောင်နွယ်ကို ကျွန်တော်မအံ့သြခဲ့ပါ။ အချိန်ကပေးသော အသိတရားနှင့် ရင့်ကျက်လာမှုများပင် ဖြစ်ပါ၏။
ငါနှင့်မတူ ငါ့ရန်သူဟု သတ်မှတ်လေ့ရှိသော လူ့သဘာဝစရိုက်ရှိသည်ဖြစ်ရာ အရက်သောက်သူများသော ရပ်ကွက်တွင် အရက်မကောင်းကြောင်း ဟောပြောသူမှာ အမုန်းခံရရန် သေချာသည်။ သင်္ကြန်ကာလတွင် ကုန်တင်ကားကြီးဖြင့် ဆောင်းဘောက်များကို တင်လာကာ အိမ်မှ ဖန်ခွက်များ ထခုန်ရလောက်အောင် မဆင်မခြင် ကျယ်ကျယ်လောင်လောင် သီချင်းဖွင့်
သော ရေပက်မဏ္ဍပ်များအား သက်ဆိုင်ရာ သို့တိုင်တန်း သူမှာလည်း အမုန်းခံရဖို့သေချာ နေသည်။ ထို့အတူ အမှိုက်များကို သတ်မှတ်နေရာတွင် သာပုံရန်၊ စည်းကမ်းမဲ့မီးမရှို့ရန် ပြောသူ၊ စာချုပ် စာတုဖြင့် ငွေလိမ်သူများအား လူလိမ် ဖြစ်ကြောင်း အများရှေ့တွင်ပြောသူ၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူများကို တားမြစ်သူ၊ မိမိကိုယ်တိုင် လောင်းကစား မလုပ်ဘဲအခြားသူများ အားလည်း လောင်းကစားမလုပ် ရန်တားဆီးသူ၊ ငွေကြေးလာဘ်လာဘနှင့် ကျော် ကြားမှုကို မမက်ဘဲ မှန်သည့်ဘက်မှ ရပ်တည်သူ၊ အတတ်ပညာ မျိုးစုံတတ်ကျွမ်း၍ အဘက်ဘက် မှထူးချွန်သူ၊ မျိုးချစ်စိတ် ဓာတ်ခေါင်းပါးသူများကို ပြစ်တင်ရှုတ်ချ၍ မျိုးချစ်စိတ်ဓာတ်ရှိအောင် ဟောပြောသူ၊ ဥပဒေစည်းမျဉ်းစည်ကမ်းကို လိုက်နာအောင်ပြောဆို စည်းရုံးသူ၊ ကျောသား ရင်သား မခွဲခြားဘဲနိုင်ငံနှင့် လူမျိုးအကျိုးကိုသာ ကြည့်ကာ အထက်က ပေးအပ်သော တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူ စသည့်ပုဂ္ဂိုလ်တို့သည် အမုန်းခံရသူဖြစ်ဖို့ သေချာသည်။ အဆိုပါ ပုဂ္ဂိုလ်များကို ခေတ်စကားဖြင့် စာအုပ်ကြီး၊ ပဏာယူသည်၊ မင်္ဂလာယူသည်၊ ဖောရှောလုပ်သည်။ ကပ်ဖားရပ်ဖားလုပ်သည်။
'ပဲပဲကြီး' ဟု ခေါ်ဝေါ်သမုတ်ခံရပြီး အမုန်းခံရရန် သေချာသည်။
အများချစ်အောင် နေထိုင်ပြုမူပြောဆိုခြင်း ကြောင့် မိမိတစ်ဦးတည်း၏ အကျိုးစီးပွား ဖြစ် ထွန်းပြီး တိုင်းပြည်နှင့်လူမျိုး ထိခိုက် နစ်နာမည် ဆိုပါလျှင်အများအမုန်းခံဖြစ်ရသည်ကပို၍ မြင့်မြတ်သည် ဟုဆိုရမည်ဖြစ်ပါသည်။ မိမိ၏ လုပ်ရပ်မှန်ကန် လျှင်အမုန်းခံ ဘဝမှ အချစ်ခံဘဝသို့ အလိုလို ပြောင်းလဲသွားနိုင်သည်ကိုလည်း သတိချပ်သင့်သည်။ အဘယ်ကြောင့် ဆိုသော် အမုန်းနှင့်အချစ် သည် အလှမ်းကွာဝေးမှုမရှိဘဲ ဒင်္ဂါးပြားတစ်ခု၏ မျက်နှာပြင်နှစ်ခုကဲ့သို့ ကျောချင်းကပ်ကာ နီးနေသောကြောင့်ဖြစ်ပါ၏။

ကျွန်ုပ်တို့၏တိုင်းပြည်တွင် မိမိ၏ကိုယ်ကျိုး ရှေ့တန်းမတင်ဘဲ အများကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးကိုသာကြည့်၍ အမုန်းခံရဲသူ များစွာ လိုအပ်လျက်ရှိသည်ဟု ရှုမြင်သုံးသပ်မိပါသည်။

No comments:

Post a Comment