မြန်မာ့အလင်း
အယ်ဒီတာ့အာဘော်
မြန်မာနိုင်ငံသည် သမားရိုးကျလယ်ယာလုပ်ကိုင်သည့်စနစ်မှ
ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန် ကြိုးစား ဆောင် ရွက်နေ သည့် နိုင်ငံဖြစ်ပါသည်။
စက်မှုလယ်ယာစနစ်သည် အဆင့်မြင့် လယ်ယာမြေ လုပ်ကိုင်သည့် စနစ်ဖြစ်ပါသည်။
စက်မှုလယ်ယာစနစ်ဟူသည်ကား
သီးနှံများ စိုက်ပျိုးရာတွင်လည်းကောင်း၊ ရိတ်သိမ်းခြွေလှေ့ရာတွင် လည်းကောင်း၊ ဈေးတင်ပို့ ရာတွင်
လည်းကောင်း၊ သိပ္ပံနည်းကျ အရည်အသွေး ကောင်းမွန်သော စိုက်ပျိုးသီးနှံများကို စက်ယန္တရားပစ္စည်းများ
အသုံးပြု၍ အမြောက်အမြား ထုတ်လုပ်ခြင်း ပင်ဖြစ်ပါသည်။
စက်မှုလယ်ယာစနစ် ထွန်းကား အောင်ဆောင်ရွက်နိုင်ခြင်းဖြင့်
သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ဧကများစွာလုပ်ကိုင် နိုင်ခြင်း၊ လယ်ယာလုပ်သားရှားပါးမှုမှ
ကာကွယ်နိုင်ခြင်း၊ အရည်အသွေး ကောင်းမွန်သော သီးနှံများကို အမြောက်အမြား ထုတ် လုပ်နိုင်ခြင်း၊
လယ်ယာမြေပြုန်းတီးမှုမှ ကာကွယ်နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ ယခု အခါ
မြန်မာနိုင်ငံ၌ စက်မှုလယ်ယာ စနစ်ထွန်းကားအောင် ကြိုးစား ဖော်ဆောင်နေပြီဖြစ်ပါသည်။ လယ်ယာသုံးစက် ကိရိယာများကို
သမဝါယမဝန်ကြီးဌာနမှ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ လယ်သမားများအား လယ်ယာသုံးစက် ကိရိယာ
မောင်းနှင်အသုံးပြု သင်တန်းများပို့ချခြင်း၊ ခေတ်မီအဆင့်မြင့်လယ်ယာများ ဖော်ထုတ်ပေးခြင်းစသော
လယ်ယာ ကဏ္ဍပြုပြင်ပြောင်း လဲရေး အစီအမံများကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်ကာလ မတိုင်မီအထိ
၁၉၉၅-၁၉၉၆ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ်အထိ ၁၅ နှစ်ကျော်ကာလအတွင်း စနစ်တကျစက်မှုလယ်ယာမြေကွက်
ဖော်ထုတ်ပေးနိုင်မှုသည် ၂၄၆၃၂ ဧကသာရှိခဲ့ပါသည်။ အစိုးရသစ် ကာလ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ၂ဝ၁၄-၂ဝ၁၅
ဘဏ္ဍာရေး နှစ်ကုန်အထိ နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် ၃၂၄ဝ၅ ဧက၊ နိုင်ငံတကာ အထောက်အပံ့ဖြစ်သည့်
ဂျပန်နိုင်ငံ (JIID , JICA) နှင့်ကိုရီးယားနိုင်ငံ (KOICA)အစီအစဉ်တို့ဖြင့် ၇၁၁ ဧက၊တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ဧက ၁၂၆ဝ အပါအဝင် စနစ်တကျ စက်မှုလယ်ယာမြေ စုစုပေါင်း ၃၄၃၇၆
ဧက ဖော်ထုတ်ပြီး ဖြစ်ပါသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့်
ဧက ၄၅ဝဝ၊ အိန္ဒိယချေးငွေအစီအစဉ်ဖြင့် ဧက ၃ဝ၄ဝဝ၊ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော IFAD ချေးငွေအစီအစဉ်ဖြင့်
ဧက ၄ဝဝဝ ဖော်ထုတ်သွားရန် လျာထားပါသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယချေးငွေဖြင့်
ဧက ၂ဝ၄ဝဝ၊IFAD ချေးငွေဖြင့် ဧက ၄ဝဝဝ နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် IFAD ချေးငွေဖြင့်
ဧက ၂ဝဝဝ ဆောင်ရွက်သွားရန် လျာထား ကြောင်းသိရပါသည်။ ဤအချက် များကို ထောက်ရှု လျက်လာမည့်
သုံးနှစ်အတွင်း စက်မှုလယ်ယာ မြေများ အများအပြားပေါ်ထွက်လာမည်ဖြစ်ပါသည်။
သို့ပါ၍ စက်မှုလယ်ယာမြေများ ဖော်ထုတ်ပေးလာနိုင်မှုနှင့်အတူ
ကုန်ထုတ်စွမ်းအားများ တိုးတက် လာမည် ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များ
ပြည်တွင်းဈေးကွက်များသာမက ပြည်ပဈေးကွက် များအထိ ထိုးဖောက်တင် ပို့လာနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် သမားရိုးကျ လက်မှု လယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ တိုးတက်ပြောင်းလဲ
လာတော့မည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment