Monday, March 23, 2015

ဒုတိယသမ္မတဦးဉာဏ်ထွန်း ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းနှင့် ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး








နေပြည်တော် မတ် ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မတ်(၂၂)ရက် နံနက်(၇)နာ၇ီခွဲတွင် ရန်ကုန် မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းသို့ ရောက်ရှိကြ သည်။

ရှေးဦးစွာ ဒုတိယသမ္မတအား သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ ဖွဲ့စည်းပုံနှင့် ၀န်ထမ်း အင်အား၊ မူဝါဒဖြစ်သည့်  မြေကြီးမြေပုံမှန်ကန်ရေး၊ မြေတိုင်းတာ၍ မြေပုံများ ပြည့်စုံစွာ ထားရှိရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာပြုစုရေး၊ မြေယာအသုံးချမှု ဆိုင်ရာ စာရင်းအင်းများမှန်ကန်ရေး၊  လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုအတည်ပြုပြီး ဥပဒေနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ လယ်ယာစီးပွားရေးစစ်တမ်းကောက်ယူရေးတို့နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသတိုးအောင်နှင့် ကျောင်းအုပ်ကြီး ဦးမျိုးဦးတို့က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များ၊ ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင် တန်းများ၊ လေ့ကျင့်သင်ကြားပေးသည့် ဘာသာရပ်များ၊ သင်တန်းသား တက်ရောက်မှုနှင့် သင်ထောက်ကူပစ္စည်းများ အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက မှာကြားရာတွင် မြေအရင်းအမြစ် စီမံခန့်ခွဲရာတွင် မှန်ကန်သော မူဝါဒ၊ ခိုင်မာသော ဥပဒေမူဘောင်နှင့် စွမ်းရည်ရှိသော မြေစီမံအုပ်ချုပ်မှုစနစ်များနှင့် ပြည့်စုံမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ စွမ်းရည်ရှိသော မြေစီမံအုပ်ချုပ်မှု စနစ်အတွက် အဓိကအုတ်မြစ်မှာ မြေကြီး၊ မြေပုံ ကိုက်ညီမှုရှိသော စနစ်တကျ စစ်ဆေးတိုင်းတာ ထုတ်လုပ်ထားသည့် မြေပုံများ၊ မြေယာအသုံးချမှု စာရင်းဇယားများ၊ မြေတန်ဖိုး၊ မြေယာစီးပွားစစ်တမ်းများ ပါဝင်သော မြေယာဆိုင်ရာ သတင်းအချက်အလက် အခြေခံအဆောက်အအုံများ ဖြစ်ပါ ကြောင်း၊ ဤသတင်းအချက်အလက် များသည် မှန်ကန်တိကျအရည်အသွေး ပြည့်မီပြီး ယုံကြည်စိတ်ချရမှု လိုအပ်ပါ ကြောင်း၊  သတင်းအချက်အလက် အဆောက်အအုံ တည်ဆောက်ရာတွင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ၀န်ထမ်းများ ၏ လုပ်ငန်း ကျွမ်းကျင်မှု၊ အရည်အသွေးမြင့်မားမှုနှင့် ရိုးသားဖြောင့်မတ် တည်ကြည်စွာ တာဝန်ထမ်း ဆောင်မှုသည် အသက်သွေးကြောပင် ဖြစ်ပါကြောင်း၊ စံမီကိုက်မီဝန်ထမ်းကောင်းများ ပေါ်ထွက်လာရေးအတွက် အခြေခံပျိုးခင်းဖြစ်သည့် ဤသင်တန်းကျောင်း၏ အခန်း ကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ သင်တန်းကျောင်းတစ်ခုတွင် ရှိရမည့် အင်္ဂါရပ်များဖြစ်သည့် နည်းပြများ အရည်အသွေး မြင့်မားခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများ ခေတ်မီခြင်း၊ သင်တန်းကျောင်း၏ ဥပဓိရုပ်ကောင်းမွန်ခြင်း တို့ဖြင့် ပြည့်စုံရန် လိုအပ်ပါကြောင်း။
မူလမြေတိုင်း၊ ပြန်တိုင်း၊ ပြင်တိုင်းလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်၍ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီပြီး လူထုယုံကြည်ကိုးစားမှုခံရသော မြေယာသတင်းအချက်အလက် အဆောက်အအုံများ တည်ဆောက်ပေး နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် တန်းမြင့်မြေတိုင်းနှင့် မြေစာရင်းသင်တန်းတွင် သင်တန်းသားများ၏ သင်ကြားသင်ယူမှု အခြေအနေများကို ကြည့်ရှုပြီး သင်တန်းကျောင်း ပြခန်းအား ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်လမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာပြီး ပေါက်ခေါင်းမြို့နယ် တောင်န၀င်း ကြိုးဝိုင်းရှိ ဖြိုးစည်သူထရေးဒင်း ကုမ္ပဏီလီမိတက် ပုဂလိကကျွန်းစိုက်ခင်းသို့ ရောက် ရှိရာ ရှင်းလင်းဆောင်၌ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က မြန်မာ့ကျွန်းသစ်မူရင်းဒေသ ပဲခူးရိုးမသစ်တောကြီးများ ရေရှည်တည်တံ့ စေရေးအတွက် ပဲခူးရိုးမ စိမ်းလန်း စိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ သစ်တော သယံဇာတ အရင်းအမြစ် များ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများ တည်ထောင်ခွင့်ပြုခြင်း၊ နှစ်စဉ်နှင့် (၅) နှစ် စီမံကိန်းများ ရေးဆွဲဆောင်ရွက် လျက်ရှိခြင်း၊ ပဲခူးရိုးမစီမံကိန်း လုပ်ငန်း (၁၁) ရပ်ကို သတ်မှတ်ဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တည်တံ့ဖွံဖြိုးရေး၊ ဘေးမဲ့တောများ ကာကွယ်ရေး၊ အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးစီမံကိန်း များကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သစ်ထုတ်လုပ်မှုများ လျှော့ချခြင်းနှင့် တရားမ၀င် သစ်ခိုးယူမှု တားဆီး ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဖြိုးစည်သူထရေးဒင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ပုဂလိက ကျွန်းစိုက်ခင်း တည်ထောင်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက မှာကြားရာတွင် ပဲခူးရိုးမရှိ သစ်တောများကို နောင်သားစဉ်မြေးဆက်အတွက်ပါ မျှော်မှန်း၍ ရေရှည်တည်တံ့နိုင်အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းပြုစု ထူထောင်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် နိုင်ငံတော်အပိုင်းသာမက ပုဂလိကအပိုင်းကပါ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ကောင်းမွန်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပုဂလိက သစ်တော စိုက်ခင်းများ အောင်မြင်ခြင်း သည် နိုင်ငံတော်၏ အောင်မြင်မှုပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းက လုပ်သာကိုင်သာ ရှိသည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးသကဲ့သို့ ပုဂလိကလုပ်ငန်းရှင်များ ကလည်း ရည်မှန်းချက်များ ပေါက်မြောက် အောင် ရိုးသားကြိုးစားမှုအပြည့်ဖြင့် ဆောင်ရွက်ရန် လိုပါကြောင်း၊ သစ်တောဖုံးလွှမ်းမှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများကလည်း စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကဏ္ဍတွင် ပြည်သူလူထု၏ စိုးရိမ်မှုလျော့ကျအောင် တာဝန်ရှိသူများက ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ကုမ္ပဏီက သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်းအဖြစ် ရည်ရွယ်၍ ကျွန်းပင်ကျပ် များဖြင့် တည်ဆောက်ထားသည့် သစ်လုံးအိမ်နှင့် တန်ဖိုးမြှင့်အချောထည် ပရိဘောဂ အသုံးအဆောင်များကို ကြည့်ရှု စစ်ဆေးပြီး ကုမ္ပဏီဝန်ထမ်းများဖြစ်ကြသည့် ဒေသခံ တိုင်းရင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးပြင် ကာကွယ်တော စိုက်ခင်းအမှတ် ၁/၂၀၀၇ စီးပွားရေး (ကျွန်း) ဧက (၁၀၀၀) စိုက်ကွင်းကို ကြည့်ရှုစစ်ဆေးသည်။

ပဲခူးရိုးမ သစ်တောဖုံးလွှမ်းမှုမှာ ၂၀၁၀ ခုနှစ်တွင် ၂၅ ဒသမ ၈၃ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၆ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိသည်။ 

No comments:

Post a Comment