နေပြည်တော် မတ် ၂၃
မြန်မာ-ဗြိတိန်နှစ်နိုင်ငံသည်
သမိုင်းကြောင်းအရ ရှည်လျားသော ဆက်ဆံရေးနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပါကြောင်း၊
နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့အနေဖြင့်လည်း စစ်မှုထမ်းဟောင်းကိစ္စများနှင့် ပတ်သက်၍
လိုအပ်သည်များ ညှိနှိုင်းကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်
ဧည့်ခန်းမဆောင်၌ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် စစ်မှုထမ်းခဲ့သည့် ဗြိတိသျှစစ်မှု ထမ်းဟောင်းများအဖွဲ့၏
ဥက္ကဋ္ဌနှင့် တော်ဝင်ဓနသဟာယ စစ်မှုထမ်း ဟောင်းများ အသင်း၏ အဖွဲ့ဝင်ဖြစ်သူ မြို့စား မစ္စတာ စလင်းမ်အား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
မြထွန်းဦးတို့ တက်ရောက်ကြပြီး တော်ဝင်ဓနသဟာယ စစ်မှုထမ်းဟောင်းများအသင်း၏ အဖွဲ့ဝင်ဖြစ်သူ
မြို့စား မစ္စတာ စလင်းမ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှစစ်သံမှူး ဗိုလ်မှူးကြီး
တိုနီစတမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ပြည်သူနှင့် တပ်မတော်
ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ရပါကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ ယနေ့ပါတီစုံဒီမိုကရေစီ
ပေါ်ပေါက်လာသည်အထိ တပ်မတော်အနေဖြင့် အမြဲတစေ တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့၍ နိုင်ငံသမိုင်း
နှင့်တပ်မတော် ခွဲခြား၍မရပါကြောင်း၊ လက်ရှိပါတီစုံ ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းရာတွင်
ခိုင်မာစေရန် တပ်မတော်က အစိတ်အပိုင်းတစ်ခုအနေဖြင့် လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း၊
တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေး အတွက်
ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်၍ ပြည်သူများ အတွက်
လိုအပ်ချက် များ၊ ပြင်သင့်ပြင်ထိုက်သည်များကို မည်သည့်ဘက်ကမျှ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးလျက်ရှိ၍
လွှတ်တော်အတွင်းနှင့် ပြည်သူလူထုကလည်း လက်ခံလျက်ရှိကြောင်း၊ တပ်မတော်သားများက ဖြစ်သင့်သည်၊
မဖြစ်သင့်သည်များကို ပြတ်ပြတ် သားသား ဆွေးနွေးတင်ပြပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်တွင်
မဲဆန္ဒဖြင့် ဆုံးဖြတ်ပါ ကြောင်း ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို
စောင့်ထိန်းပြီး လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒအတိုင်း လိုက်နာကျင့်သုံးဆက်ဆံလျက်
ရှိပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဧည့်သည်တော် မြို့စား
မစ္စတာ စလင်းမ်က မိမိအနေဖြင့် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌဖြစ်သဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း
အဖွဲ့အတွက် လိုအပ်သည့်ထောက်ပံ့ ကူညီမှုများ ကူညီဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိဖခင်
မြန်မာနိုင်ငံတွင် စစ်မှုထမ်း တာဝန်ထမ်းဆောင်ခဲ့စဉ်က တပ်ကို မြန်မာအများစုဖြင့် ဖွဲ့စည်းထားသဖြင့်
မြန်မာစစ်သည်များသည် အလွန်ရဲရင့်မှုရှိသည်ကို သိရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
လမ်းကြောင်းတွင် တပ်မတော်က တစ်ထောင့် တစ်နေရာမှ ပါဝင်ဆောင်ရွက်နေ သည်ကို အသိအမှတ်ပြုပါကြောင်း၊
အခွင့်အရေးရှိပါက မြန်မာနိုင်ငံသို့ ထပ်မံလာရောက် လေ့လာ သွားမည်ဖြစ်ပါကြောင်းဖြင့်
ပြန်လည်ဆွေးနွေးပြောကြားသည်။
မြို့စား မစ္စတာ စလင်းမ်သည်
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံစစ်မြေ ပြင်တွင် တပ်မကြီးမှူး တာဝန်ထမ်း ဆောင်ခဲ့ဖူးသည့်
Field Marshal William Joseph
"Bill'' Slim ၏ သားဖြစ်ကြောင်း၊ ဗြိတိသျှတော်ဝင်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး
စစ်မှု ထမ်းဟောင်း တစ်ဦးဖြစ်ကြောင်း၊ ဗြိတိသျှတပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ
တာဝန်ထမ်းဆောင်ခဲ့ပြီး ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ရာထူးတိုးမြှင့် ပေးအပ်ခြင်းခံရ၍
Order of British Empire(OBE) ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရ သူဖြစ်ကြောင်း၊ ဗြိတိသျှလူမှုကူညီမှုအဖွဲ့
Graham Layton Trust တွင် နာယကအဖြစ် ဆောင်ရွက် လျက်ရှိပြီး အခြားလူမှုရေး အသင်းအဖွဲ့များတွင်လည်း
တာဝန်ထမ်းဆောင် လျက်ရှိသူဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment