Monday, March 9, 2015

ကျွန်တော်နဲ့ ၀ါးရစ်တက္ကသိုလ်

ဝါးရစ်ဆိုတဲ့စကားကို ချက်ချင်းနားလည်ဖို့ မလွယ်ပါဘူး။ အင်္ဂလိပ်စကားလုံးက Warwick အသံထွက်အရ ဆိုရင်တော့ ဝါးဝစ်ဖြစ်တယ်။ ဒါပေမယ့် အသံထွက် အမှန်က (w) အသံကိုဖျောက်ပြီး (r) အသံကို ဦးစား ပေးလိုက်တာမို့ ဝါးရစ် ဖြစ်သွားတယ်။ ဝါးရစ်ဆိုတာက အင်္ဂလန်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကော်ဖန်တရီ မြို့ကြီး အနီးမှာ ရှိတယ်။ ကော်ဖန်တရီမြို့ မှာထင်ရှားတဲ့ ဘုရားရှိခိုးကျောင်းကြီး ရှိခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျာမန်လေတပ်မတော်က ဗုံးကြဲခဲ့တဲ့အတွက် ပျက်စီးသွားတယ်။ ဒီဘုရားရှိခိုးကျောင်းကြီး မီးလောင်တာကိုမခံချင်လို့ အင်္ဂလိပ်တွေက လက်စားချေတဲ့အနေနဲ့ ဂျာမနီနိုင်ငံမှာရှိတဲ့ ထင်ရှားတဲ့ ဘုရား ရှိခိုးကျောင်းတွေကို ရစရာမရှိအောင် ဗုံးကြဲလိုက်ကြပြန်တယ်။ စစ်ရဲ့အကျည်းတန်မှုတွေ ဖြစ်တယ်။

ကျွန်တော် လန်ဒန်မြို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ညီလာခံတက်မယ့် အကြောင်းကို ဝါးရစ်တက္ကသိုလ်က တာဝန်ရှိသူတွေက သတင်းရပြီး တက္ကသိုလ်ကို လာဖို့ ဖိတ်ကြားခဲ့ပါတယ်။ သွားရတဲ့ခရီးနဲ့ အဆင်ပြေတာနဲ့ လာဖို့သဘောတူခဲ့တယ်။ ဝါးရစ်ကို အစက မော်တော်ယာဉ်နဲ့ သွားဖို့၊ ဒါပေမယ့် အချိန်သက်သာအောင် ရထားနဲ့ သွားဖို့ စီစဉ်ခဲ့တာ။ ကျွန်တော်က လန်ဒန်မရောက်တာ အတော်ကြာပြီ ဆိုတော့ ရထားထွက်မယ့် ဘူတာကို ကြိုတင်ပြီး ရောက်ခဲ့တယ်။ ယူစတင် ဘူတာရုံက အကြီးကြီးဖြစ်တာမို့ လူတွေနဲ့ စည်ကားနေတာ။ ရထားတွေကလည်း အများကြီးမို့ ကိုယ်စီးရမယ့် ရထားကို ကြော်ငြာသင်ပုန်းမှာ သေချာအောင် ရှာဖွေခဲ့ရတယ်။ လက်မှတ်ကို ကြိုတင်ရထားတာမို့ သိပ်တော့ ပြဿနာမရှိလှဘူး။
ကျွန်တော် စီးမယ့်ရထားက နံနက် ၁ဝ နာရီ ၄၃ မိနစ် ကြော်ငြာထားတဲ့ အတိုင်း အချိန်တိတိကျကျ ထွက်ခဲ့တယ်။ ခရီးက တစ်နာရီလောက် ကြာတယ်။ ၁၂ နာရီမထိုးမီ ကော်ဖန်တရီဘူတာကို ရောက်တယ်။ ပြောထားတဲ့အတိုင်း အချိန်က တိကျတယ်။ အချိန်တိကျမှုဟာ အားသာချက်တစ်ခု ဖြစ်ပါတယ်။ အလုပ်လုပ်ရတာ အချိန်နဲ့ ကိုက်ပြီးလုပ်နိုင်တာ၊ အချိန်တိကျကြောင်း သက်သေပြတဲ့အနေနဲ့ ၁ဝ နာရီ ၄၃ မိနစ်ဆိုပြီး တိကျစွာ သတ်မှတ်ထားခဲ့တာကို ချီးကျူးမိတယ်။ အချိန်ကို လေးစားတဲ့ ယဉ်ကျေးမှု ကျွန်တော်တို့ဆီမှာ ဘယ်တော့များမှ ရှိမှာလဲလို့ မေးခွန်း ထုတ်နေမိတယ်။ အခုတော့ အချိန်နဲ့ ပတ်သက်လာရင် ခပ်ပေါ့ပေါ့ပဲ၊ မရှိ လို့လုပ်စားတာပဲ ဆိုတဲ့ အယူအဆက စွဲနေတာ။
ကျွန်တော့်ကို ဝါးရစ်တက္ကသိုလ်က လွှတ်လိုက်တဲ့ ယာဉ်မောင်းက ဘူတာရုံမှာ လာကြိုနေခဲ့တယ်။ တက္ကသိုလ်က သိပ်မဝေးတော့ ၁၅ မိနစ်ကျော်ကျော်မှာ ရောက်ခဲ့တယ်။ တက္ကသိုလ်ဝင်းထဲ ရောက်တော့ အုပ်ချုပ်ရေးမှူးလုပ်သူက ကြိုဆိုပြီး တက္ကသိုလ်ဝင်းထဲ လိုက်ပြတယ်။ ဝင်းကြီးက အကြီးကြီးပါပဲ။ တက္ကသိုလ်ဆိုတာ အခုလို ဝင်းရှိရတယ်။ ဝင်းရှိမှလည်း တက္ကသိုလ် ပီသတာ။ ရန်ကုန် တက္ကသိုလ်ဝင်းဆိုတာ အရှေ့တောင်အာရှမှာ အလွန်ထူးခြားတာ။ အင်းလျားကန် နံဘေးမှာ တည်ထားတဲ့ တက္ကသိုလ်ဟာ ကျက်သရေမင်္ဂလာ အပြည့်ပါပဲ။ ကျွန်တော့်ကို သိပ္ပံ အဆောက်အအုံ၊ အနုပညာ အဆောက်အအုံတွေ လိုက်ပြတယ်။ တစ်ခုမှ မမှတ်မိတော့ဘူး။ မှတ်မိတာကတော့ ကိုယ်နေထိုင်ခဲ့တဲ့ အဆောင်။ ဒါကိုတော့ အတိအကျမှတ်မိတာ။ ကျွန်တော်ငယ်ငယ်တုန်းက အဆောင် မနေဖူးခဲ့ပါဘူး။ အိမ်ကတက်တဲ့ ကျောင်းသားသာ ဖြစ်ခဲ့တာ။
ဆရာဖြစ်လာတော့ အဆောင်မှာ စာသင်သွားရင်း အဆောင်ဘဝကို နားလည်ခဲ့တာ။ တက္ကသိုလ်နဲ့ အဆောင်ဟာ ခွဲလို့မရနိုင်တဲ့အရာ ဖြစ်တယ်။ အဆောင်နေတဲ့သူတွေက တစ်ဦးနဲ့တစ်ဦး ရင်းနှီးတယ်၊ ခင်တွယ်တယ်၊ ကူညီတယ်။ အဆောင်မှာ နေရတာ လူမှုရေးစနစ်တစ်ခုကို သင်ကြားပေးတာ ဖြစ်တယ်။ ထမင်းစားတဲ့အခါ လေးယောက် တစ်စားပွဲ ဟင်းနဲ့ထမင်းကို မျှဝေစားရတယ်။ ဇွန်း၊ ခက်ရင်းနဲ့စားရတာမို့ သပ်သပ်ရပ်ရပ် နေမှုထိုင်မှုကို အားပေးခဲ့တယ်။ အခုလောက် အဓိပ္ပာယ်ရှိလှတဲ့ တက္ကသိုလ် အဆောင်တွေကို နိုင်ငံရေး ရှုထောင့်တစ်ခုတည်း ကြည့်ပြီးပိတ်ခဲ့တယ်။ အင်မတန်မှ နစ်နာလှပါတယ်။ ကြွက်မနိုင်လို့ ကျီမီးရှို့ဆိုတာ မျက်ဝါးထင်ထင် မြင်ခွင့်ရခဲ့ပါတယ်။
တက္ကသိုလ်အနှံ့ လိုက်ပြပြီးချိန် ဒုတိယ ပါမောက္ခချုပ်နဲ့ ပါမောက္ခသုံးဦးနဲ့ နေ့လယ်စာစားကြတယ်။ စားရင်းသောက်ရင်း မြန်မာပြည်က ကျောင်းသားတွေ ဝါးရစ်မှာ ပညာသင်ခွင့်ရရှိရေး ဆွေးနွေးခဲ့ကြတယ်။ တက္ကသိုလ် တစ်ခုလုံးမှာ ကျောင်းသား ကျောင်းသူ ၂၅ဝဝဝ ရှိပြီး ၄ဝ ရာခိုင်နှုန်းကျော်က နိုင်ငံခြားက ကျောင်းသားတွေ ဖြစ်ကြတယ်။ လက်ရှိမှာတော့ မြန်မာပြည်က ကျောင်းသား တစ်ဦးမျှ မရှိသေးဘူး။ မနှစ်က ပညာသင်ဆုပေးခဲ့ပေမယ့် တစ်ယောက်မျှ မရခဲ့ဘူးလို့ ပြောခဲ့တယ်။ ဒီနှစ်အတွက် ပညာသင်ဆု နှစ်ဆုရှိတာမို့ မြန်မာကျောင်းသားတွေ ရအောင် စီစဉ်ပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်။
နေ့လယ်စာသုံးဆောင်ပြီး ကျွန်တော်က တက္ကသိုလ် ကျောင်းသားတွေအတွက် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တယ်။ တက်လာမယ့်သူတွေ အများစုကတော့ အာဆီယံနိုင်ငံတွေက များပါတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေတွေကို ကျွန်တော် တင်ပြခဲ့တယ်။ ဆွေးနွေးပွဲဖြစ်တာမို့ အချိန်တစ်ဝက်လောက်က အမေးအဖြေနဲ့ ကုန်ခဲ့တယ်။ ဘွဲ့လွန်ကျောင်းသားတွေမို့ ထင်ပါရဲ့၊ မေးခွန်းတွေ မေးတတ်ကြတယ်။ သိချင်တာတွေကို စနစ်တကျစုစည်းပြီး မေးခွန်းထုတ်တတ်ကြတယ်။ မေးခွန်း ထုတ်တတ်တာလည်း ပညာတစ်ခုပါ။ မေးခွန်းမေးတာက စိတ်ဝင်စားလို့ သိချင်လို့ နားလည်ချင်လို့ မေးနေတာကို သိတော့ အားရမိတယ်။ ကသိကအောက် ဖြစ်အောင် ပညာပြတဲ့သဘောမျိုး မဟုတ်ကြဘူး။
ဆွေးနွေးပွဲအပြီးမှာ ကျွန်တော်က လန်ဒန်မြို့ပြန်ရမှာမို့ အပြန်ရထားစီးဖို့ ဘူတာရုံကို အချိန်မီထွက်ခဲ့တယ်။ လန်ဒန် ရောက်တော့ မြန်မာပြည်က အတူလာတဲ့ အဖွဲ့သားတွေနဲ့ ညစာထွက်စားကြတယ်။
ကျွန်တော် ဝါးရစ်ရောက်သွားတော့ နေရင်းထိုင်ရင်း အသက် ၄ဝ ကျော်လောက် ပြန်ငယ်သွားခဲ့တယ်။ ကျွန်တော် မဟာသိပ္ပံသင်တန်း ဝါးရစ်မှာတက်တုန်း အသက်က ၂၆ နှစ်၊ နိုင်ငံခြား ပညာတော်သင် အရွေးခံပြီး အင်္ဂလန်ကို ထွက်လာတာက ၂၅ နှစ်၊ ပထမနှစ်မှာ ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်ရတယ်။ ဒီတုန်းက ကျွန်တော် ရထားတဲ့ဘွဲ့က ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့၊ ဒါပေမယ့် ရန်ကုန် စီးပွားရေးတက္ကသိုလ်က ဆိုတော့ အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ Institute of Economics ဖြစ်တာမို့ အင်္ဂလန်က တက္ကသိုလ်တွေက အသိအမှတ်မပြုဘူး။ တစ်ချိန်တုန်းက ဆိုရှယ်လစ် ပညာရေးစနစ်ကို တိတိကျကျ အကောင်အထည် ဖော်ချင်တဲ့စိတ်နဲ့ မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တွေကို University အစား Institute လို့ အခေါ်အဝေါ် ပြောင်းခဲ့ကြတယ်။ ရွှေဉာဏ်တော်စူးကြတာတွေ၊ ဒီလိုပြောင်းတာက အရေးမကြီးဘူး။ ပြောင်းတာကို နိုင်ငံခြား တက္ကသိုလ်တွေက အသိအမှတ်မပြုတော့ ဒုက္ခတွေ ရောက်ကုန်ရော။ နိုင်ငံခြား တက္ကသိုလ်တွေ၊ အထူးသဖြင့် အင်္ဂလန်နဲ့ အမေရိကန် နိုင်ငံက တက္ကသိုလ်တွေက လွတ်လပ်တယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အပြည့်၊ အစိုးရလုပ်သူက ဘယ်လိုမှ ဖိအားပေးလို့ မရဘူး။ တက္ကသိုလ်က အာဏာပိုင်တွေမှာ သြဇာအပြည့်ရှိတယ်။ တက္ကသိုလ်ကို စီမံအုပ်ချုပ်သူတွေက ပါမောက္ခတွေရယ်၊ အုပ်ချုပ်သူတွေရယ် ဖြစ်ကြတယ်။ အစိုးရ ခန့်တာမျိုးမရှိဘဲ နာမည်ရတဲ့သူတွေ၊ ထင်ရှားတဲ့ ပညာရှင်တွေက တာဝန်ယူထားကြတာ။
ဒါကြောင့် ကျွန်တော် မကြာခဏပြောခဲ့သလို မြန်မာပြည်မှာ ခေတ်စားတဲ့ကိစ္စက လူတိုင်းလိုလို Ph.D ဒေါက်တာဘွဲ့ တပ်ကြတယ်။ ဘွဲ့ကို တပ်တဲ့နေရာမှာလည်း UK တို့ USA တို့ သုံးကြတယ်။
ဒီလိုသုံးစွဲတဲ့သူတွေဟာ ပညာမတတ်မှန်းကို ကိုယ့်ကိုယ်ကိုယ် ကြော်ငြာလိုက်သလို ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် UK တို့ USA တို့က နိုင်ငံအမည်တွေ ဖြစ်ကြတယ်။ နိုင်ငံတစ်နိုင်ငံက ဘွဲ့ပေးခွင့်မရှိဘူး။ ပေးလို့မရဘူး။ ဘွဲ့ပေးနိုင်တာက တစ်ခုပဲရှိတယ်။ ဒါက တက္ကသိုလ်ဖြစ်တယ်။ ဒါကြောင့် မိမိရထားတဲ့ဘွဲ့ဟာ ဘယ်တက္ကသိုလ်က ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရမှာဖြစ်တယ်။ ဥပမာအားဖြင့် ကျွန်တော်က မဟာသိပ္ပံဘွဲ့ကို ဝါးရစ်တက္ကသိုလ်က ရထားတာမို့ M.Sc. (Warwick)လို့ ဖော်ပြရတယ်။ ဒါကို မြင်လိုက်တာနဲ့ ရထားတဲ့ဘွဲ့ အဆင့်အတန်းကို တစ်ခါတည်း သိနိုင်တယ်။ တက္ကသိုလ် အမည်ဖော်ပြလိုက်ရင် အခုခေတ်မှာ အင်တာနက်နဲ့ခေါက်ပြီး ရှာဖွေလိုက်ရင် ဒီတက္ကသိုလ်ရဲ့ အဆင့်အတန်းကို ချက်ချင်းသိနိုင်တယ်။ လိမ်ညာလို့မရဘူး။
ဝါးရစ်မှာ တစ်နှစ်ပဲ တက်ခဲ့ရပေမယ့် မဟာသိပ္ပံအဆင့်အတန်းကို သိရှိနိုင်ခဲ့တယ်။ သင်ကြားတဲ့ပုံစံက Lecture ပုံစံမဟုတ်ဘဲ လက်တွေ့စီးပွားရေးအခြေအနေ တွေကိုဖော်ပြပြီး ဆန်းစစ်မှုတွေဆောင်ရွက်ရတဲ့ နည်းစနစ်ဖြစ်တဲ့ Case Study နည်းကို အသုံးချခဲ့တယ်။ တစ်ပတ်တစ်ပတ် Case ၃ဝ၊ ၄ဝ လောက် လေ့လာရတယ်၊ဆန်းစစ်ရတယ်။ တစ်ဦးချင်းအပြင် အဖွဲ့ငယ်တွေ ခွဲပြီး ဆောင်ရွက်ရတယ်။ ဒီသင်ကြားနည်းစနစ်က ကိုယ်ပိုင်အတွေးအခေါ် ဆန်းစစ်နိုင်စွမ်းကို အားပေးခြင်း ဖြစ်ပါတယ်။ မိမိရဲ့သုံးသပ်ချက်ကို အချက်အလက် ပြည့်ပြည့်စုံစုံနဲ့တင်ပြပြီး ခုခံကာကွယ်ရတယ်။ ကျန်တဲ့ကျောင်းသားတွေနဲ့ ငြင်းရတယ်။ ဆွေးနွေးရတယ်။
Case method ကို စတင်သုံးစွဲခဲ့တာက အမေရိကန် နိုင်ငံနာမည်ကြီး ဟားဗတ်တက္ကသိုလ်မှာရှိတဲ့ Harvard Business School ဖြစ်တယ်။ School လို့ပြောလို့ အထင်သေးလို့မရဘူး။ School ကို သာမန်အားဖြင့် ကျောင်းလို့ နားလည်တာ၊ အမှန်တော့ School ဆိုတာက အတွေးအခေါ်အယူအဆဖြစ်တယ်။ ဂျွန်ဟာမတ်ဆိုတဲ့ သူဌေးကြီးကလှူဒါန်းပြီး တည်ထောင်ထားတဲ့ စီးပွားရေးပညာသင်ကြားတဲ့ တက္ကသိုလ်ဖြစ်တယ်။ ဒါကြောင့်လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာရှိတဲ့ စီမံခန့်ခွဲမှုဌာနကို Yangon Business School ဆိုပြီး အမည်ပြောင်းစေချင်တာ၊ ဒီလိုပြောင်းပြီး နိုင်ငံခြားအဆင့်မီ အမ်ဘီအေသင်တန်းတွေ ဖွင့်လှစ်နိုင်မှာ။ကျွန်တော်ဝါးရစ်တက္ကသိုလ်မှာ မဟာသိပ္ပံသင်တန်းတက်တုန်းက အမ်ဘီအေသင်တန်းမရှိတာမို့ အမ်အက်စ်စီ ဘွဲ့ကိုပဲ ယူခဲ့ရတာ။ အခုတော့ Warwick Business School ကို သီးခြားတည်ထောင်ခဲ့ပြီး အမ်ဘီအေဘွဲ့တွေ ပေးနေပြီဖြစ်တယ်။
ဝါးရစ်တက္ကသိုလ်နဲ့ ပတ်သက်လာရင် ကျွန်တော် လုံးဝမမေ့တဲ့ အကြောင်းတစ်ခုက စာမေးပွဲဖြေတဲ့အချိန် အရှက်ကွဲရတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ တော်သေးတာက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ အတန်းဖော် ဆူဒန်နိုင်ငံသား သူငယ်ချင်းပါလို့သာ။ ဝါးရစ်ရဲ့စာမေးပွဲ စနစ်ကOpen Book Examination၊ အဓိပ္ပာယ်က စာမေးပွဲဖြေတဲ့အခါ ကြိုက်တဲ့စာအုပ်တွေကို စာမေးပွဲခန်းထဲ ယူခွင့်ရတယ်။ တောသား နှစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ နှစ်ယောက်က ပထမနေ့စာမေးပွဲခန်းထဲ သွားတော့ အားရပါးရ လိုမယ်ထင်တဲ့ စာအုပ်တွေ သေတ္တာထဲထည့်ပြီး စာမေးပွဲခန်းထဲ ဝင်ခဲ့ကြတယ်။ အခန်းစောင့်တဲ့ ဆရာမက ဘာတွေလဲလို့မေးတော့ လိုရမယ်ရ စာအုပ်တွေဆိုပြီး နှစ်ယောက်သားဖြေခဲ့တယ်။ မေးခွန်းဖတ်ပြီး အဖြေတွေ စာအုပ်ထဲမှာရှိလို ရှိငြား ရှာရင်းနဲ့ သုံးနာရီပေးတဲ့ အချိန်တစ်ဝက်လောက်ကုန်မှ သတိပြုမိတယ်။ မေးခွန်းရဲ့အဖြေတွေဟာ စာအုပ်ထဲမှာမရှိဘဲ မိမိမှာသာရှိတယ်ဆိုတဲ့ အကြောင်းပဲ၊ ဒါနဲ့ အလုအယက် ကျန်ရှိတဲ့ချိန်အတွင်းမှာ မိမိ လေ့လာထားသမျှ၊ စဉ်းစားထားသမျှကို အားကိုးပြီး စာမေးပွဲဖြေဆိုခဲ့ပါတယ်။ ။

ပါမောက္ခ
ဒေါက်တာအောင်ထွန်းသက်

No comments:

Post a Comment