နေပြည်တော်
မတ် ၈
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်
ကြားနာခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်
ဆွေးနွေးပွဲခန်းမ၌ ဆက်လက်ကျင်းပပြီး နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၏ အကြံပြုချက်များကို
ကြားနာခဲ့သည်။
ဥပဒေကြမ်း ကြားနာရာသို့ အမျိုးသား လွှတ်တော်
ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီနှင့် ကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသား လွှတ်တော်
နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြပြီး နိုင်ငံရေးပါတီ
(၈) ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးများက သက်ဆိုင်ရာ ပါတီများအလိုက်
ကိုယ်စားပြု တက်ရောက် ဆွေးနွေး အကြံပြုခဲ့ကြသည်။
ထိုသို့ ကြားနာ ဆောင်ရွက်ရာတွင် အမျိုးသား လွှတ်တော်
ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက လွှတ်တော် အတွင်းတွင် ဥပဒေကြမ်းတစ်ခုအား ဥပဒေပြုရန်
လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ခြင်းများကို အကျယ်တဝင့် ရှင်းလင်းပြီး နိုင်ငံရေးပါတီ
အသီးသီးတွင် နိုင်ငံရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ
မူဝါဒများ ရှိပါကြောင်း၊ ထိုသို့ မူဝါဒများရှိသည့် နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို
ရယူလို၍ ယခုကဲ့သို့ ဖိတ်ကြားရခြင်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီဥက္ကဋ္ဌ
ဦးထွန်းနိုင်၊ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ အတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ထွေး၊
ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ
အဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်၊
ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်နှင့်
ညီညွတ်သော ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးလှမြင့်တို့က အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်း အပေါ် မိမိတို့ပါတီ၏ သဘောထား အမြင်များ၊ အတွေ့အကြုံများ အပေါ် အခြေခံ၍ ဆွေးနွေး
အကြံပြုကြသည်။
No comments:
Post a Comment