မန္တလေး၊ မတ် ၁၇
ရှေးဘုရင်မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့သော
အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွားများ နေ့စဉ်လာရောက် လည်ပတ်မှု များပြား လျက်ရှိကြောင်း
သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်လက်ရာများကို တစ်နေ့ထက်တစ်နေ့ ကမ္ဘာက သိလာသည်နှင့်အမျှ အဆိုပါ လက်ရာမွန်များကို
လေ့လာရန်အတွက် နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး
တံတားဦးမြို့၏ တောင်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့၏ အနောက် တောင်ဘက် မိုင်(၂၀)
ခန့်အကွာ ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ် (မြစ်ငယ်မြစ်) တို့ဆုံရာတွင် တည်ရှိသော အင်းဝမြို့ဟောင်းဒေသသို့
နိုင်ငံခြားသားခရီးသွားများ လာရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။
''ဒီဒေသကို ယခုရက်ပိုင်း နိုင်ငံခြားသားတွေ
လာရောက်လေ့လာတာ တော်တော်များတယ်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့ဘက် ကနေတဆင့် ကားကြီးတွေနဲ့
အဖွဲ့လိုက် လာကြတာများတယ်၊ တစ်ချို့ ကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ကူးတို့လှေတွေ
စီးလာကြတယ်။ ဒီရောက်တော့ မြင်းလှည်းတွေစီးပြီး လှည့်လည် လေ့လာကြတယ်။ မယ်နုအုတ်ကျောင်း၊
နန်းမြင့်မျှော်စင်၊ ဗားကရာကျောင်း၊ လေးထပ်ကြီးဘုရား၊ လောကမာရ်အောင်စေတီတော်၊ ရွှေစည်းခုံစေတီ၊
ထီးလှိုင်ရှင်စေတီ၊ ညောင်ရမ်းခေတ်ဘုရားတွေနဲ့ အခြားရှေးဟောင်းအဆောက်အဦးတွေကို သွားရောက်လေ့လာ ကြခြင်း
ဖြစ်တယ်လို့ ''ဒေသခံတစ်ဦးမှ ပြောကြားသည်။
အင်းဝမြို့ကို သက္ကရာဇ် (၇၂၆) ခုနှစ်တွင်
သတိုးမင်းဖျားစတင် တည်ထောင်ခဲ့ပြီး ရှေးဘုရင်မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့ကြသည်။
ခေတ်အဆက်ဆက် (၈) ကြိမ် နန်းတည်ခဲ့ပြီး ရှေးဟောင်းသာသနိက အဆောက်အဦးများ၊ နန်းတော်ဆောင်၊
မြို့ရိုးနှင့် ပြသာဒ်တို့၏ ဗိသုကာတည်ဆောက်ပုံနှင့် အမွမ်းပန်းလက်ရာများ တွေ့ရှိနိုင်သည်။
အင်းဝမြို့ဟောင်းတွင် နံရံဆေးရေး ပန်းချီများရှိသော ဘုရား(၅)ဆူ၊ ရှေးဟောင်းကျောက်စာ
ရှိသောဘုရား (၇) ဆူ နှင့် ကြေးခေါင်းလောင်းစာရှိသော ဘုရား (၃) ဆူ၊ ရှေးဟောင်း အဆောက်အဦး
စုစုပေါင်း (၆၂၄) ခု ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment