Monday, March 16, 2015

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၌ ဆက်လက်ကြားနာ


နေပြည်တော်  မတ်  ၁၅    
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်ကြားနာ ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမ၌ ဆက်လက် ကျင်းပရာ အမျိုးသားပညာရေးဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် တစ်ဦးချင်း အကြံပြုစာ ပေးပို့ ထားသည့် ပုဂ္ဂိုလ်များ၏ ဆွေးနွေးအကြံပြုချက်များအား ကြားနာခဲ့သည်။

အဆိုပါပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ကြားနာရာသို့ အမျိုးသားလွှတ် တော်ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးနှင့် ကော်မတီဝင်များ၊ အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေ ရေးရာကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ ကော်မရှင်အတွင်းရေးမှူး ဦးကြည်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် တစ်ဦးချင်း အကြံပြုစာပေးပို့ထားသည့် ပုဂ္ဂိုလ်များတက်ရောက်ကြသည်။
ထိုသို့ကြားနာခြင်းဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ က အမျိုးသား ပညာရေးဥပဒေမူကြမ်းအပေါ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုအစိုးရကိုယ်စား ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ၄င်းက တာဝန်ပေးသူတစ်ဦးက လက်ခံဆွေးနွေးပါရန် လွှတ်တော်သို့ လာရောက်အဆိုတင် သွင်းသည့်အခါ လွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းတင်သွင်းသည့် အဆိုကိုလက်ခံဆွေးနွေးရန် လွှတ်တော်သို့တက်ရောက်လျှက်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်လိုအပ်ပါကြောင်း၊ လွှတ်တော်အတွင်း ဥပဒေကြမ်း ရောက်ရှိရန်နှင့် ဥပဒေ အတည်ပြုရန် လွှတ်တော်၏ သဘောထားဖြင့်ဆုံးဖြတ်ရပါကြောင်း၊ ဤဥပဒေကြမ်းသည် လေးလေးနက်နက် ဆောင်ရွက် ရမည့် ဥပဒေဖြစ်သည့်အတွက် ပြည့်စုံအောင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တူညီသည်မှာ မြန်မာနိုင်ငံ၏ ပညာရေး စနစ် အဆင့်မြင့်ကောင်းမွန်စေလိုခြင်းပင် ဖြစ်ပါကြောင်း၊ တူညီသည့်ရည်မှန်း ချက်များဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရခြင်းအား ၀မ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် တစ်ဦးချင်း အကြံပြုစာပေးပို့ ထားသည့် ဒေါက်တာသန်းဦး၊ ဥက္ကဋ္ဌ၊ ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့၊ ဒေါ်ခင်ခင်ဆက်၊ ဒါရိုက်တာ၊ ရွှေနှင့်မြသတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဦးငွေတိုး၊ ဦးစီးအရာရှိ၊ အမှတ်(၁) အခြေခံပညာဦးစီးဌာန၊ ဦးဇော်ဖေ၀င်း၊ ဥက္ကဋ္ဌ၊ ပန်းတိုင် ပညာရေးဖောင်ဒေးရှင်း၊ ဦးဇော်သူရိန်ထွန်း ၊ တာဝန်ခံ၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ် ကွန်ယက်၊ ဦးတင်ဝင်း၊ တရားလွှတ်တော်ရှေ့နေ၊ ဦးမင်းဇော်၊ ဒုတိယဥက္ကဋ္ဌ၊ မော်တော်ယာဉ်လိုင်ပေါင်းစုံထိန်း သိမ်းရေးကော်မတီ၊ ဦးမြင့်ဦး၊ သင်တန်းဆရာ၊ ပြည့်မော်ကွန်းပညာပေးနည်းပြ၊ ဒေါ်ယုယုခိုင်၊ မန်းနေးဂျင်း ဒါရိုက်တာ၊ Zillion Successes Co.Ltd ၊ ဦးရှိန်၊ ဘဏ်ဥပဒေအကြံပေး ၊ ဦးဝင်းကိုကိုလတ်၊ ဥက္ကဋ္ဌ၊ မြန်မာ့ အမျိုးသားရေးကွန်ယက်၊ ဦးဝင်းမြင့်မောင်၊ အငြိမ်းစားပညာရေးဝန်ထမ်း၊ ဦးဟန်ညွန့်(ဥပဒေပညာရှင်)၊ ဦးအောင်ကိုကိုထွေး၊ စီမံကိန်းညှိနှိုင်းရေးမှူး၊ အာဒရာမြန်မာနှင့် ဦးအောင်မြင့်၊ အငြိမ်းစားပညာရေး ၀န်ထမ်းတို့က အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် မိမိတို့၏ သဘောထား အမြင်များ ကို ဆွေးနွေး အကြံပြုခဲ့ကြသည်။         

No comments:

Post a Comment