Monday, March 23, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ ဆက်လက်ကျင်းပ









နေပြည်တော် မတ် ၂၃
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁) နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတရုံးမှ စာအမှတ် ၁၀၇-၁ /၈/ သမ္မတရုံး ၏ ရက်စွဲ ၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်ဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ စာပေးပို့လာပါကြောင်း၊ ယင်းစာ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စု လွှတ်တော်နာယက  က ၂၀.၃.၂၀၁၅ ရက်စွဲပါ ၁/ပကအစည်းအဝေး/ ၉/ ၂၀၁၅ ၊၄၂ ဖြင့်ပေးပို့စာတွင် ၂၀.၃.၂၀၁၅ ရက်နေ့၌ ပြုလုပ်ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့၌ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းတင်သွင်းသော အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ သိရှိသုံးသပ် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုလွှတ်တော်နာယက က ပေးပို့ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထိုသို့ပေးပို့စာနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်သွင်းထားသည့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း အတည်ပြုနိုင်ရန် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားစာရင်းကို ၂၃.၃.၂၀၁၅ ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်များ တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ (က) တိုးမြှင့်လစာစရိတ် နှုန်းထားများ လျာထားသတ်မှတ်နိုင်ရန် ဘဏ္ဍာရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများက သတ်မှတ်ဆောင်ရွက်ခြင်း၊ (ခ) တိုးမြှင့်သတ်မှတ်မည့် လစာစရိတ် များအတွက် ဘဏ္ဍာငွေ လျာထားချက်အား သက်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ စာရင်းတွင် ထည့်သွင်းလျာထားခြင်း (ဂ) တိုးမြှင့်လစာစရိတ်မျာအား အတည်ပြုနိုင်ရန်နှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများသို့ တင်ပြဆွေးနွေး အတည်ပြုချက် ရယူခြင်းတို့ ပါဝင်ပါကြောင်း။
လက်ရှိတွင် အထက်စာပိုဒ်နှင့် စာပိုဒ်ခွဲ (က) နှင့်(ခ) ပါစာပိုဒ်အဆင့်တို့ကို ဆောင်ရွက်ထားပြီးဖြစ်၍ စာပိုဒ် (ဂ) အဆင့်ပါ တိုးမြှင့် သတ်မှတ်သည့်  လစာနှုန်းထားများအား အတည်ပြုနိုင်ရန်နှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်နိုင်ရန် အတွက် ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ တင်ပြဆွေးနွေး၍ အတည်ပြုချက်ရယူရန် စီစဉ်ထားရှိသည်ကို သိရပါကြောင်း။
ထိုသို့ရည်ညွန်းစာနှင့် ပေးပို့လာမှုနှင့်ပတ်သက်၍ တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ဆွေးနွေးအတည်ပြုပြီး ပေးပို့သွားမည် ဖြစ်ကြောင်းကို အကြောင်းပြန်ခဲ့ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အမြန်လမ်းမကြီး ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော အာဆီယံ+ ၃ မက်ခရိုစီးပွားရေး သုတေသနရုံး တည်ထောင်ရေး သဘောတူညီချက်အား လက်ခံအတည်ပြုကြောင်း စာလွှာပေးပို့ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ယင်းနောက် မြေနှင့်အခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူပြီး ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့က အဆိုတင်သွင်းကြပြီး လွှတ်တော်၏ အတည်ပြုချက်ကို ရယူကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော ခွင့်ပြုပြီး ငွေလုံးငွေရင်း အသုံးစရိတ်အား အခြားစီမံကိန်းသို့ ပြောင်းလဲ သုံးစွဲခွင့်ကိစ္စနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က ရှင်းလင်းတင်ပြပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားတင်ပြခြင်း ၊ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူ၏ မူသဘောထား ဆွေးနွေးချက်အပေါ်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦး က မူပိုင်ခွင့် ဥပဒေဆိုင်ရာများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက နိုင်ငံတကာကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အခွန်ကောက်ခံ ခြင်းဆိုင်ရာ များကိုလည်းကောင်း ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို  ရယူကြသည်။

No comments:

Post a Comment