Monday, March 23, 2015

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၁ရက်မြောက်နေ့ကျင်းပ




   








နေပြည်တော် မတ် ၂၃
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၁ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပညာရေးနှင့်သက်ဆိုင်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ၏ အခြေခံပညာကျောင်းများတွင် ကျောင်းထောက်ပံ့ ကြေးပေးဆောင်ရာ၌ ကျောင်းသား ဦးရေအလိုက် ရရှိသောထောက်ပံ့ကြေး ပမာဏနှင့် သုံးစွဲရမည့် အကြောင်းအရာများကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မူလတန်းအခမဲ့ ပညာသင်ကြားရေး အစီအစဉ်အရ မူလတန်း အဆင့်သင် အခြေခံပညာ ကျောင်းများအား ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို ခွဲဝေသတ် မှတ်ရာတွင်အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများရှိ မူလတန်းသင် ကျောင်းသားဦးရေအရ ခွဲခြားသတ်မှတ်ပေးခြင်း ဖြစ်ပါကြောင်း။
ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို သုံးစွဲရာတွင်ငွေစာရင်းခေါင်းစဉ် (၁၂) ခုဖြင့် ကျောင်းများ၏ လိုအပ်ချက်အရ ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေအပေါ်မူတည်၍ သုံးစွဲရန် သတ်မှတ်ထားသည့် ငွေစာရင်းများနှင့် ကိုက်ညီသည့် စာရင်းစစ် လက်ခံနိုင်သောအသုံး စရိတ်များကို သုံးစွဲရန်ဖြစ်ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်တွင်  မူလတန်းကျောင်းသား (၁၀၀) လျင်ငွေကျပ် ၈သိန်း၊  ကျောင်းသား ၂၀၀ လျင်ငွေကျပ် (၁၀) သိန်း၊ ကျောင်းသား (၃၀၀) လျင်ငွေကျပ် (၁၂) သိန်း၊ ကျောင်းသား (၄၀၀) လျင်ငွေကျပ် (၁၄) သိန်း၊ ကျောင်းသား (၄၀၀) ကျော်လျင်ငွေကျပ် (၁၆) သိန်း၊ မူလတန်းကျောင်းခွဲများအတွက် ငွေကျပ် (၄)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးသန်းမြင့်၏ ကျောင်းကျန်းမာရေး လုပ်ငန်းများမည်သို့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း နှင့် ကျောင်းကျန်းမာရေး သီတင်းပတ်ရောက်မှ ဆောင်ရွက်သည်မျိုးမဟုတ်ဘဲ အမြဲတမ်း ဆောင်ရွက်နိုင်ရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  အခြေခံပညာကဏ္ဍတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေး မြင့်မားရေးအတွက် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား လူငယ်များ ကျန်းမာပျော်ရွင်သော ဘ၀ပိုင်ရှင်များဖြစ်လာစေရန် ဘက်ပေါင်းစုံက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကျောင်းကျန်းမာရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
ကျောင်းကျန်းမာရေး လုပ်ငန်းများကို ပညာသင်နှစ် အစမှအဆုံးအထိ လုပ်ငန်းစဉ်  (၅) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံမှန်ကျောင်းကျန်းမာရေး လုပ်ငန်းများအပြင် ကျန်းမာပျော်ရွင်သည့် လူမှုဘ၀ ပိုင်ဆိုင်နိုင်ရန်အတွက် ဘ၀တွက်တာ ကျွမ်းကျင် စရာ ဘာသာရပ်ကို အခြေခံပညာအဆင့်အလိုက် သင်ကြားပေးလျက်ရှိပါကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်းက နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှု လိုငွေမဖြစ်ပေါ် စေရေးအတွက်ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံဖြင့် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရေး နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။။
အဆိုနှင့်စပ်လျဉ်း၍ စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ကုန်သွယ်မှုကဏ္ဍ တိုးတက်စေရန် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို လုပ်ဆောင်ခဲ့ပါကြောင်း၊ (၄) နှစ်တာ ကာလအတွင်း နိုင်ငံတော်၏ (ငွေလုံးငွေရင်းအသုံးစရိတ်) မှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများတင်သွင်းမှုကြောင့် ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး ကပိုမိုရရှိခဲ့ပါကြောင်း၊ ပို့ကုန်ဦးဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွန်အတားအဆီး များ ဖြေလျော့ခြင်းကိုလည်း နိုင်ငံတော်မှလိုအပ်သည့်အစီအမံများဖြင့် ဖြေလျော့ခဲ့ပါကြောင်း၊ ပို့ကုန်မြှင့်တင်ရေး လုပ်ဆောင် ချက်များဖြစ်သည့် တန်ဖိုးမြင့်ကုန်များ ထွန်းကားလာရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဘဏ်၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့စနစ်တို့ကို တည်ထောင် ဆောင်ရွက်သွားပါက ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံအမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်းဖြင့်ပြန်လည်ရှင်းလင်းခဲ့သည်။
ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်က  ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း သိသာထင်ရှားစွာ ကျဆင်းလာမှုကြောင့်ဖြစ်ပေါ် လာသော အကျိုးဆက်များကို စဉ်ဆက်မပြတ်လေ့လာပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးကျေးဇူးဖြစ်ထွန်းရေး၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး စရိတ်များကျဆင်းရေး၊ အထွေထွေကုန်ဈေးနှုန်းများ ကျဆင်းရေးတို့ကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ကွပ်ကဲညှိနှိုင်း စီမံဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရသို့တင်သွင်းသည့် အဆိုကို လွှတ်တော်ကသဘောတူခဲ့သည်။

အဆိုနှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန  ဒုတိယ၀န်ကြီးဦးမြင့်ဇော်က ရေနံဈေးနှုန်း ကျဆင်းမှုသည် မြန်မာ့သဘာ၀၀ဓာတ်ငွေ့ ဈေးနှုန်းအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်ပြီး ၀င်ငွေလျော့ကျမှုလည်း ရှိလာမည်ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ရောင်းချမှု မှရရှိလာသော ၀င်ငွေအနေဖြင့် သဘာဝဓာတ်ငွေ့ ဈေနှုန်းအနည်းငယ် ကျဆင်းလာသော်လည်း ယခင်နှစ်များကဲ့သို့ ၀င်ငွေရရှိအောင် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် စက်မောင်းဆီဈေးနှုန်းများအား နိုင်ငံတကာ ဈေးနှုန်းများနှင့် လိုက်လျောညီထွေ မှုရှိစေရန်နှင့် အရည်အသွေးအကောင်းဆုံးဖြစ်စေရန် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားလုပ်ငန်းရှင်များ အကျိုးစီးပွားကိုရှေးရှုပြီး နိုင်ငံတကာ ကုမ္ပဏီများက ဈေးကွက်လက်ဝါးကြီး အုပ်မှုမရှိစေရန် ပိုင်ဆိုင်မှုကဏ္ဍအဖြစ်ရယူကာ ဖက်စပ် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  စက်မောင်းဆီ ဈေးနှုန်း ကျဆင်းလာသည့်အတွက် ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်များ ကျဆင်းလာသည်ဖြစ်ရာ အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းလာစေရေးအတွက် ၀န်ကြီးဌာနများ နှင့်အခြား အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြန်လည်ရှင်း လင်းဖြေကြားခဲ့သည်။ 

No comments:

Post a Comment