နေပြည်တော် မတ် ၂၃
အမျိုးသားလွှတ်တော် (၃၂)ရက်မြောက် အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ရှိ
အမျိုးသားလွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဆိုင်ပေါင်းနပ်၏ မြန်မာ နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး
လူနေမှုအဆင့်အတန်း နိမ့်ကျလျက်ရှိသည့် နယ်စပ် ကျေးလက် တောတောင်ဒေသနှင့် ပြည်ပကျေးလက်
တောရွာဒေသရှိ တိုင်းရင်း သားလူမျိုး များ၏ ဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာစီမံချက်(Master
Plan for Multi-Settorial Economic Development of Rural and
Less-development Areas in Myanmar) ဆောင်ရွက်သည့်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက မွေးမြူရေး၊ ရေ လုပ်ငန်းနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနအနေဖြင့် ကျေးလက် ဒေသများဖွံ့ဖြိုး လာစေရန်၊ ကျေးလက်ပြည်သူများ
လူမှုစီးပွားဘ၀ မြင့်မားစေရန်နှင့် ကျေးလက်၊ မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန်အတွက်
ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး၊ လူထုဗဟိုပြု စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
ကျေးလက်လူငယ်များ ဖွဲ့စည်း၍ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်း၊ အများပိုင်ကဏ္ဍ၊
ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ် ကျင့်သုံး၍ အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များဖော်
ဆောင်ခြင်း၊ အသား/ ငါးကဏ္ဍ တိုးတက်ရေး ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိပါကြောင်း။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ပါ စဉ်ဆက်မပြတ်ဘဏ္ဍာရေး အရင်းအမြစ် ရရှိရေးမဟာဗျူဟာအရ
အကောင်အထည် ဖော်လျက်ရှိသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သည် ကျေးလက်နေ ဆင်းရဲသား
ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖြစ်ပေါ်စေပြီး မိသားစုဝင်ငွေတိုးပွားကာ
ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်စေပါကြောင်း၊ မြစိမ်းရောင်ကျေးရွာ
စီမံ ကိန်းအား ကျေးရွာပေါင်း (၁၁၅၀)ရွာတွင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ်(၃၄ ဒသမ
၅) ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်း၏ ထင်သာ မြင်သာရှိသော
အကျိုးရလဒ်များကြောင့် ကျန်မြို့နယ်(၁၇၈)မြို့နယ်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး
ထပ်မံစိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်တွင် ဘက်စုံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို
အထောက်အကူ ဖြစ်စေမည့် ကျေးလက် အထောက်အကူပြုဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်အား
ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်ပြီး မြေယာစီးပွားရေး အခြေပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက်
စီးပွားဖြစ် သီးနှံစိုက်ခင်းများ၊ စီးပွားဖြစ် သစ်တောစိုက်ခင်း၊ စိုက်ပျိုးရေးဇီဝမျိုးထိန်းခြံ၊
သားငါးဖောက်စခန်း၊ မွေးမြူရေးမျိုးခြံ၊ သီးနှံသစ် တောဘက်စုံ ပျိုးဥယျာဉ်များ ထူထောင်ဆောင်ရွက်သွားရန်နှင့်
ဈေးကွက်ချိတ်ဆက်မှုနှင့် တန်ဖိုးမြှင့် ထွက်ကုန် ဖွံ့ဖြိုးရေးအတွက် သယ်ယူပို့ဆောင်ရေး၊
ဈေးအဆောက်အအုံများ၊ ကြိတ်ခွဲရေး နှင့်ပြုပြင်ရေး၊ ထုပ်ပိုးပြုပြင်ရေး၊ သိုလှောင်ရေး၊
အသေးစားအပေါင်ခံ ငွေချေးလုပ်ငန်းများနှင့် ရွေ့လျားဘဏ်များထူထောင်၍ အကောင်အထည်ဖော်
ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါ ကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။
ယင်းနောက် ကျန်းမာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်မှ ပြန်လည်ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးနှင်းဝေ၏ ဝေးလံခေါင်းပါးသော မြို့နယ် ဆေးရုံမှ ခရိုင်ဆေးရုံ၊ ပြည်နယ်ဆေးရုံများသို့
အရေးပေါ်လူနာ လွှဲပြောင်းပေးပို့ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် လိုက်ပါသွားရသော
ကျန်းမာရေးဝန်ထမ်းများ၏ အသွား၊ အပြန်ခရီးစရိတ်အတွက် နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝေးလံခေါင်းပါးသော
မြို့နယ်ဆေးရုံမှ ခရိုင်ဆေးရုံ၊ ပြည်နယ်ဆေးရုံများသို့ အရေးပေါ် လူနာလွှဲအပ်ပေးပို့ရာတွင်
ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် လိုက်ပါသွားရသော ကျန်းမာရေး ၀န်ထမ်းများ၏ အသွားအပြန်ခရီး
အတွက် ခရီးစရိတ်နည်းဥပဒေအရ ပြည်သူ့အကျိုး သက်ရောက်သော ခရီးစရိတ်ဖြစ်၍ အသွား အပြန် ခရီးစရိတ်အတွက်
ဖြည့်ဆည်းပေးနိုင်ပါကြောင်းနှင့် လူနာတင်ယာဉ်ဖြင့် လွှဲပြောင်းပို့ဆောင်ခြင်းဖြစ်ပါက
နေ့တွက်စရိတ်ကို ခွင့်ပြုနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဖြေကြား သည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာစိုးဝင်း၏ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မွေးကင်းစ ကလေးသူငယ်များကို
မွေးကင်းစကလေး မှတ်ပုံတင်ခြင်း (Birth Registration) နှင့် မွေးလက်မှတ် (Brith
Certificate) ထုတ်ပေးခြင်းများကို မည်သို့သော အစီအမံများဖြင့် ဆောင်ရွက်ထားရှိသည်ကို
သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသည်
မွေးဖွားပြီးစကလေးတိုင်း တောရော မြို့ပါ မွေးစာရင်းကို လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက်
မွေးဖွားသည့်ကလေး တိုင်းကို မွေးမှတ်ပုံတင် ပေးနိုင်ရန်နှင့် မွေးစာရင်း လက်မှတ်ရရှိစေရန်
ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် မွေးဖွားသည့်
ကလေးများအတွက် မွေး စာရင်းလက်မှတ်(Birth Certificate)ကို ဆေးရုံဆင်းသည့်အချိန်တွင်
ထုတ်ပေးရန်၊ တိုက် နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေး ဌာနခွဲရှိ
သားဖွားခန်းများ၊ ကျေးရွာ၊ ရပ်ကွက်အတွင်း နေအိမ်များတွင် မွေးဖွားသည့် ကလေးများအတွက်
မွေးစာရင်း လက်မှတ်ကို တစ်လအတွင်း ထုတ်ပေးရန်နှင့် ထိုသို့ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်
ကျန်းမာရေး ဦးစီးဌာနမှူးများမှ ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ထားပြီး
အတိအကျ လိုက်နာ ဆောင်ရွက်ကြရန် အကြောင်းကြားပြီး ဖြစ်ပါကြောင်း။
ယခုလက်ရှိ ကျင့်သုံးနေသော ဖွားသေ မှတ်ပုံတင်စနစ်သည် မွေးဖွား၊ သေဆုံးသည့် နေရာ(Place
of Occurrence) ပေါ် မူတည်၍ မှတ်ပုံတင်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ဖက်အိမ်နီးချင်း
နိုင်ငံများတွင် မွေးဖွားခဲ့သော မွေးကင်းစ ကလေးများ၏ မွေးမှတ်ပုံတင် ခြင်းနှင့် မွေးလက်မှတ်ထုတ်ပေးခြင်းတို့နှင့်ပတ်သက်၍
သီးခြားထုတ်ပြန်ထားသော ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ မရှိသေးသော်လည်း ဆက်စပ်ဦးစီးဌာနများမှ
ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသည် မွေးဖွားမှု/သေဆုံးမှု မှတ်ပုံတင်
ခြင်းကို ဆောင်ရွက်ရာတွင် ၂၀၀၂ ခုနှစ် စက်တင်ဘာ (၂၅)ရက်နေ့စွဲဖြင့် ဗဟိုစာရင်းအင်း
အဖွဲ့ ဖွားသေစာရင်းအင်းဌာနစိတ်မှ ထုတ်ဝေထားသော ဖွားသေမှတ်ပုံတင် အရာရှိများ အတွက် လက်စွဲစာအုပ်ပါ
ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြ ပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်များအရ မွေးဖွားမှုမှတ်ပုံတင်ရန်အတွက်
ဥပဒေပြဋ္ဌာန်းထားသည့် အချိန် ကာလကို ရက်(၃၀)အတွင်း သတ်မှတ်ထားပြီး မှတ်ပုံတင်နှောင့်နှေးခြင်း
များအတွက် မွေးဖွား သည်မှ(၁၂)လအထိ ခွင့်ပြုထားပါကြောင်း၊ (၁၂)လ ကုန်ဆုံးသည်အထိ မှတ်ပုံမတင်ရသေး
သည့် မွေးဖွားမှုအတွက် အသက်(၅)နှစ် မကျော်သည့် ကာလအတွင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးမှ
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးထံ တင်ပြ၍ ခွင့်ပြုချက်တောင်းခံပြီး
မွေးလက်မှတ်ထုတ်ပေးပါကြောင်း၊ လက်ရှိတွင် အသက်(၅)နှစ်နှင့် (၅)နှစ်အောက် ကလေးများ၏
မွေးဖွားမှု မှတ်ပုံတင်ခြင်းနှင့် မွေးလက်မှတ်ထုတ်ပေးခြင်းများ ကိုသာ ဆောင်ရွက်ပေးပါကြောင်း။
ကျန်းမာရေးဦးစီးဌာန အောက်ရှိ ဆေးရုံ၊ ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများ
သည် မွေးစာရင်းမှတ်ပုံတင်ခြင်း၊ မွေးလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း
သာမက မွေးဖွားပြီး အသက်(၁)နှစ်အတွင်း ကလေးများ၏ အချက်အလက်များကို မွေးမူကြမ်း ပုံစံများတွင်
ဖြည့်စွက်ကာ တစ်နိုင်ငံလုံး၏မွေးဖွားမှုစာရင်းကို ထုတ်ပြန်နိုင်ရေး အတွက် ဗဟို စာရင်းအင်းအဖွဲ့သို့
ဆက်လက်ပေးပို့ရပါကြောင်း၊ Multiple Indicator Cluster Survey (MICS) (၂၀၀၀)ခုနှစ်နှင့်
(၂၀၁၀)ခုနှစ် စစ်တမ်းစာရင်းများအရ (၅)နှစ် အောက်ကလေးများ မွေးလက်မှတ်ရရှိမှုမှာ (၂၀၀၀)ခုနှစ်တွင်
(၆၀ ဒသမ ၆)ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် (၇၂ ဒသမ ၄)ရာခိုင်နှုန်းရှိကြောင်းသိရှိရသဖြင့်
မွေးလက်မှတ်ရရှိရန် ကျန်ရှိနေမှုများရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်
မွေးလက်မှတ်ကျန်ရှိသူများနှင့် မေးမြန်းခဲ့သည့် (၅)နှစ် နှင့်(၁၀)နှစ် အထက်အတွက် သီးခြားတောင်းခံလာပါက
ဆက်စပ်ဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီး တင်ပြလာသည့် အထောက်အထားများအား စိစစ်ဆောင်ရွက်ပြီးမှသာ
ဆက်လက်ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။



No comments:
Post a Comment