Saturday, March 28, 2015

အေးမြလန်းဆန်းမှုကို အပြည့်အ၀ပေးမည့် ငပလီကမ်းခြေ


ရန်ကုန် မတ် ၂၇
ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် အေးမြလတ်ဆတ်သော လေ၊ သဘာဝအတိုင်းတည်ရှိနေသော ဖြူဖွေးသည့် သဲသောင်ပြင်၊ စိမ်းညို့ အုပ်ဆိုင်းကာ ကမ်းခြေတစ်လျှောက် ပေါက်ရောက်နေသည့် အုန်းပင် တန်းများ၊ ပိတ်ဆို့ဟန့်တားမှုအလျဉ်းမရှိသော
ပင်လယ်ပြင်မြင်ကွင်းတို့ကြောင့် ပေါ့ပါး လန်းဆန်းသော စိတ်ခံစား မှုကို အပြည့်အဝနက်ရှိုင်းစွာ ရရှိစေသည်က ငပလီ ကမ်းခြေ သို့မဟုတ် အာရှ၏ အပျိုစင်ကမ်းခြေ။
မြန်မာနိုင်ငံ အနောက်တောင်ဘက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ တည်ရှိသော ငပလီကမ်းခြေက ကမ်းခြေ အရှည် ရှစ်မိုင်ရှိသည်။ သဘာဝအတိုင်း ပျက်စီးခြင်းမရှိသေးသည့် ကမ်းခြေအနေအထားကောင်းမွန်မှု၊ ကြည်လင် သန့်ရှင်းကာ ဖြူလွလွ သဲသောင်ပြင်တည်ရှိနေမှုနှင့် အပန်းဖြေရေကူးသူများ အတွက် ဘေး အန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရခြင်းတို့ကြောင့် ကမ္ဘာလှည့် ခရီးသွားများနှစ်သက်ကြခြင်းဖြစ်သည်။
''ငပလီကမ်းခြေသာယာလှပရေးနဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင် ဒေသတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ကမ်းခြေသဲတွေ အလွန်အကျွံထုတ်ယူသုံးစွဲမှုတွေ၊ ကမ်းခြေအနီး ကျောက်ဆောင်ကျောက်တန်းဖြိုချမှုတွေနဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေ ကို မပြုလုပ်ကြဖို့ ကြိုးစားဆောင်ရွက်နေပါတယ်''ဟု ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငပလီကမ်းခြေသို့ ရန်ကုန်မှလေယာဉ်ဖြင့်လာရောက်နိုင်သကဲ့သို့ မော်တော် ယာဉ်ဖြင့်လည်း လာရောက် နိုင်သည်။ လေယာဉ်ခရီးဖြင့် လာရောက်သူများမှာ သံတွဲမြို့လေဆိပ်တွင်ဆင်းပြီး ငပလီကမ်းခြေသို့ လေးမိုင်ခန့် မော်တော်ယာဉ် စီးကာ ရောက်ရှိနိုင်သည်။
မော်တော်ယာဉ်ဖြင့် လာရောက်သူ များအတွက် ၁၆ နာရီမျှ ရန်ကုန်မှ သံတွဲသို့ စီးနင်းလိုက်ပါရောက်ရှိနိုင်သည်။
ငပလီကမ်းခြေသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အများဆုံး လာရောက်မှုတွင် ဥရောပနိုင်ငံများမှ အများဆုံးဖြစ်ကြသည်။ အထူးသဖြင့် ဆွစ်ဇာလန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများမှ ခရီးသွားများလာ ရောက်လေ့လာ အပန်းဖြေကြသည်။ ငပလီကမ်းခြေ အနီးဝန်းကျင် တွင်ရှိသော ပုလဲကျွန်း၊ သဲဖြူကျွန်း သို့ လှေဖြင့် ငှားရမ်းသွားရောက် လေ့လာနိုင်သလို ရေအောက်ရှိ ပင်လယ်ငါး၊ သန္တာကျောက်တန်းများ နှင့်ခရုများ ကိုလည်း ရေငုပ်ပြီးလေ့လာ နိုင်သည်။
ငပလီကမ်းခြေအနီး တံငါရွာများ ကိုလည်းသွားရောက်ကာ ရခိုင် ဒေသခံ တံငါလုပ်သားတို့၏ ဓလေ့ စရိုက်နှင့် ရေလုပ်ငန်းလုပ်ကိုင်နေကြ ပုံကိုလည်း မျက်ဝါးထင်ထင်မြင်တွေ့ နိုင်သည်။ ကမ်းခြေအနီး မဒေးတောင် ပေါ်ရှိ ရပ်တော်မူဘုရားကြီးကို တက် ရောက်ဖူးမြော်ပြီး ကုသိုလ်ပွားများ နိုင်သည့် အခွင့်အရေးလည်းရှိနေ သည်။
ငပလီကမ်းခြေတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာများ တိုးတက်ဖွံ့ဖြိုး လာစေရန် စနစ်တကျစိစစ်ခွင့်ပြု ပေးနေသလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရန်နှင့် ဂေဟစနစ်များ မပျက်စီးစေရန်လည်း ထိန်းသိမ်း စောင့်ရှောက်မှုများ ရှိနေသည်။
ငပလီကမ်းခြေရှိ အဓိကလမ်းမ ကြီးဖြစ်သော မဇင်-ငပလီ-လုံးသာ လမ်းမှာ အရှည်ရှစ်မိုင်ရှိရာ ကတ္တရာ ကွန်ကရစ်လမ်းခင်းမှုများ ပြုလုပ်ခဲ့ရာ သွားလာရေးအဆင်ပြေလျက်ရှိသည်။ ငပလီကမ်းခြေကို သဘာဝအတိုင်း ထိခိုက်မှုမရှိစေရန် ငပလီကမ်းခြေ ရှောင်ကွင်းလမ်းအဖြစ် အရှည်ငါးမိုင် ငါးဖာလုံလမ်းကိုလည်း အသစ်ဖောက် လုပ်ပေးထားပြီဖြစ်သည်။
ငပလီကမ်းခြေရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ရေချိုရရှိစေရန် ဇီးဖြူကုန်းဆည်တည်ဆောက်ပြီး ပိုက် လိုင်းများ သွယ်တန်းကာ ဒေသခံ ပြည်သူများနှင့် ဟိုတယ်များအား ရေချိုများဖြန့်ဖြူးပေးထားပြီဖြစ်သည်။ လျှပ်စစ်မီးရရှိရေးနှင့် အင်တာနက် လိုင်းများ ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ပေးထားရာ သံတွဲမြို့၌ ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို တည် ဆောက်ပေးထားပြီးဖြစ်သလို ငပလီ (ရွှေဝါချိုင်) အော်တိုအိတ်ချိန်းတွင် လည်း ADSL စနစ် တပ်ဆင်ခြင်း များကို ဆောင်ရွက်ပေးထားသည်။

မြန်မာနိုင်ငံရှိ အပန်းဖြေကမ်း ခြေများတွင် အလှပဆုံးကမ်းခြေဖြစ် သည့် ငပလီကမ်းခြေ၊ ဆွဲဆောင်မှု အရှိဆုံး ငပလီကမ်းခြေသို့ လေ ကြောင်းခရီးစဉ်များလည်း တိုးချဲ့ ပျံသန်းနေပြီ။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် ဖွံ့ဖြိုးတိုးတက်မှု များ ဆောင်ရွက်ထားသည်ဖြစ်ရာ ကမ္ဘာလှည့် ခရီးသွားများအတွက် စိတ်ချမ်းမြေ့စရာ ခရီးစဉ် ပင်ဖြစ် သည်။

No comments:

Post a Comment