နေပြည်တော်
မတ် ၈
၂၀၁၅ ခုနှစ် သာသနာတော်ဆိုငရာ ဘွဲ့တံဆိပ်တော်
ဆက်ကပ် လှူဒါန်းခြင်း ခံရသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဓမ္မောဒယ
ပရိယတ္တိ စာသင်တိုက် ဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ အာဇေယျနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)
လွိုင်လင်မြို့ သာသနာ ဝိပုလဓာတ်တော် ပရိယတ္တိ စာသင်တိုက် ဆရာတော် နိုင်ငံတော် သံဃနာယကအဖွဲ့၊ တွဲဖက် အကျိုးတော်ဆောင်
အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒတို့အား ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို
ယနေ့ နံနက် (၉)နာရီတွင် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်တွင် ကျင်းပရာ
လားရှိုးမြို့၊ ကန်မိန်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တမုနိန္ဒ အမှူးပြုသော ဆရာတော်
သံဃာတော်များ ကြွရောက်တော် မူကြပြီး ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊
ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊
ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကြူ၊
ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဘာသာရေးနှင့်
လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂုဏ်ပြုပူဇော်ခံ သာသနာ့ အာဇာနည် ဆရာတော်
နှစ်ပါးအား ကနက္ကဒက် ထီးဖြူမိုး၍ ပူဇာသနပလ္လင်ပေါ်သို့ ကြွရောက်တော် မူပါရန် အဘိယာဓနနိမန္နနဂါထာဖြင့်
ဖတ်ကြား လျောက်ထား၍ ပန်းစိုက် ငွေဖလား၊ သာသနာ့ အောင်လံတော်၊ အောင်လက်မှတ်တော်၊ စာပလွေတော်၊
ဘွဲ့တံဆိပ်တုံး သေတ္တာတို့နှင့် အတူ ပင့်ဆောင်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (သုံး)
ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဂုဏ်ပြု ပူဇော်ပွဲ ဆိုင်းဘုတ်အား ပြည်နယ်
လူမှုရေးဝန်ကြီးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ကန်မိန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ
ခံယူ ဆောက်တည်ကြသည်။
ယင်းနောက် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်
ဘဒ္ဒန္တ အာဇေယျ၏ ထေရုပ္ပတ္တိဂါထာကို လားရှိုးမြို့ တာပုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်
ဘဒ္ဒန္တနာလိန္ဒမှ လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာနန္ဒ၏ ထေရုပ္ပတ္တိဂါထာကို
လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူးရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒမှ
လည်းကောင်း ဖတ်ကြား ပူဇော်ကြပြီး အလှူငွေ (၇၄၈)သိန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆပ်ကပ်
လှူဒါန်းကြသည်။
ဆက်လက်၍ မူဆယ်မြို့၊ မဟာဝန် ကျောင်းတိုက် ဆရာတော်
မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တ သုခမိန္ဒထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက်
ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ ဇိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို
ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။



No comments:
Post a Comment