Sunday, March 15, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းခွင်အား သွားရောက် ကြည့်ရှု


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ညနေ (၅) နာရီတွင် မန္တလေး တိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျီးနီကန် ပြန်လည် တူးဖော်ခြင်း လုပ်ငန်းခွင်အတွင်းသို့ လှည့်လည် ကြည့်ရှုပြီး ရေပိုလွှဲနှင့် သဲထုတ်ရေ တံခါးတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းခွင်ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေ အနေများ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံ များနှင့် ပတ်သက်ပြီး လိုက်လံ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ဒေသခံ ပြည်သူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်နှင့်  ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က စီမံကိန်း ရှင်းလင်းဆောင်တွင် ကျီးနီကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းခွင်နှင့် စပ်လျဉ်းသည့် အချက် အလက် များကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော် သမ္မတက လိုအပ်သည်များ လမ်းညွှန် ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ကျီးနီကန်သည် မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင်၊ ရမည်းသင်း မြို့နယ်တွင် တည်ရှိပြီး မြောက်ဘက်သို့ စီးဆင်းသွားသည့် စမုံချောင်းအား ပိတ်၍ လည်းကောင်း၊ တောင်ဘက်သို့ စီးဆင်းသွားသည့် န၀င်းချောင်းအား ပိတ်၍ လည်းကောင်း၊ ကန်ပေါင်နှစ်ခုဖြင့် ရေဝေကုန်းတန်းတစ်ခုပေါ်တွင် တည်ဆောက် ခဲ့သည့် ကန်တစ်ကန်ဖြစ်သည်။
နောက်ခံသမိုင်းအားဖြင့် ရှေးမြန်မာမင်းတစ်ပါးဖြစ်သော ပုဂံကျော်စွာမင်းသည် မြန်မာသက္ကရာဇ် (၆၆၅) ခုနှစ် ၊ အင်္ဂလိပ်သက္ကရာဇ် (၁၃၀၃) ခုနှစ်တွင် ရမည်းသင်း မြို့ကို တတိယအကြိမ် အသစ်တဖန် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ရာ၌ ကြာနီကန်ကို မြို့တည်ဆောက်ရာတွင် တစ်ပြိုင်တည်း ထည့်သွင်းဆောင်ရွက် ခဲ့ကြောင်း၊ ကြာနီကန်ဟူသည်မှာ နောင်အခါတွင် ကြေးနီကန် ယခုအခါ ကျီးနီကန်ဟူ၍ ခေါ်တွင်နေသော ကန်တော်ကြီး ပင် ဖြစ်ကြောင်း၊ သက်တမ်းအားဖြင့် (၇၁၂) နှစ် ရှိပြီဖြစ်ကြောင်း၊ တည်ဆောက်ခဲ့သည့် နှစ်ကာလ ကြာမြင့်ပြီ ဖြစ်ရာ ကန်တွင်း သဲနုန်း ပို့ချမှု ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းတိမ်ကောလာကာ ရေသို လှောင်နိုင်မှု ပမာဏ လျော့နည်းလာခဲ့ကြောင်း သိရှိရသည်။

ထို့အတွက် နိုင်ငံတော်က ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းမဆောင်ရွက်မီ ရေသို လှောင်နိုင်မှု ပမာဏ (၂၆၀၀) ဧက-ပေမှ (၈၁၀၀)ဧက-ပေအထိ ပိုမိုသိုလှောင် နိုင်မည် ဖြစ်ကြောင်း၊ နှစ်စဉ်မိုးစပါး (၂၅၀၀) ဧက၊ နွေစပါး (၃၀၀)ဧကခန့်သာ စိုက်ပျိုးရေ ပေးဝေနိုင်ရာမှ မိုးစပါး (၆၄၂၉)ဧကနှင့် နွေစပါး (၁၇၀၀)ဧက စုစုပေါင်း (၈၁၂၉)ဧက အားလုံး မိုးစပါးစိုက်ပျိုးရေ အပြည့်အ၀ ပေးဝေရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ မြို့လူထုအတွက် သန့်ရှင်းသော သောက် သုံးရေရရှိရေး၊ ကန်အနီးအနားရှိ ဆည်ကြီး ကျေးရွာနှင့် ညောင်အိုင်ကျေးရွာများမှ လူနေ အိမ်ခြေ များနှင့် မြေယာများကို ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment