Sunday, March 22, 2015

(၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်း ၁၈ မျိုးအား ဝင်ကြေးပေးကြည့်ရှုရမည်

ရန်ကုန် မတ် ၂၁
စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် စုစုပေါင်း အားကစားနည်း ၃၆ မျိုးမှ ၁၈ မျိုးကို ဝင်ကြေးပေး ကြည့်ရှုရမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

စင်ကာပူနိုင်ငံတွင် ဇွန် ၅ ရက်မှ ၁၆ရက်အထိ ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ဝင်ကြေးပေး ကြည့်ရှုရမည့် အားကစားပွဲများမှာ လက်ဝှေ့၊ ဂျူဒို၊ ပန်ကြပ်ဆီလတ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ဓားသိုင်း၊ Rugby 7s အားကစားနည်း၊ Netball အားကစားနည်း၊ ဘော်လီဘော၊ ရေကူး၊ မြင်းစီး၊ ကျွမ်းဘား၊ ဘောလုံး၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲတို့ ဖြစ်သည်။
''လာမယ့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အိမ်ရှင် စင်ကာပူနိုင်ငံက အားကစားနည်း ၃၆ မျိုး ထည့်သွင်း ကျင်းပတဲ့အခါမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံအနေနဲ့ အားကစားနည်း ၃၁ နည်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်။ သူတို့က ဝင်ရောက်ယှဉ်ပြိုင်တဲ့ နည်းတွေထဲက ၁၈ နည်းကို ဝင်ကြေးပေး ကြည့်ရှုရမယ်လို့ ပြောတယ်။ ဝင်ကြေးကတော့ အသီးသီး သတ်မှတ်ထားတယ်။ ဒါတွေကတော့ သူတို့ဆီမှာ ပြည်သူတွေ အများစု စိတ်ဝင်စားတဲ့ အားကစားနည်းတွေ ဖြစ်တယ်''ဟု အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အားကစားနည်း အမျိုးအစားများနှင့် ဝင်ကြေး သတ်မှတ်မှုနှုန်းထား များမှာ လက်ဝှေ့၊ ဂျူဒို၊ ပန်ကြပ်ဆီလတ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုနှင့် ဝူရှူးပြိုင်ပွဲတို့ကို တစ်ပွဲလျှင် စင်ကာပူဒေါ်လာ ငါးဒေါ်လာဖြင့် လည်း ကောင်း၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာ၊ ဓားသိုင်း Rugby 7s အားကစားနည်း၊ Netball အားကစားနည်းနှင့် ဘော်လီဘော ပြိုင်ပွဲတို့တွင် တစ်ပွဲလျှင် စင်ကာပူဒေါ်လာ ၁ဝ ဒေါ်လာဖြင့် လည်းကောင်း၊ ရေကူး၊ မြင်းစီး၊ ကျွမ်းဘား၊ ဘောလုံး၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတို့ကို ဝင်ကြေးအဖြစ် တစ်ပွဲလျှင် စင်ကာပူဒေါ်လာ ၂ဝ နှုန်းဖြင့် လည်းကောင်း သတ်မှတ်ထားသည်။ ပြိုင်ပွဲများ၌ ကြိုတင် လက်မှတ်များ ဝယ်ယူမည် ဆိုပါက www.seagames2015.com နှင့် ဖုန်း-၆၅ ၃၁၅၈၈ဝ၈ဝ တို့သို့ ဆက်သွယ်နိုင်ပြီး ပွဲစဉ်တစ်လျှောက်လုံး ကြိုတင် လက်မှတ် ဝယ်ယူမည် ဆိုလျှင် ၅ဝ ရာခိုင်နှုန်း လျှော့ပေးမည် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဆီမှာ ပြီးခဲ့တဲ့ အိမ်ရှင် (၂၇)ကြိမ်မြောက် ဆီးဂိမ်း တုန်းကတော့ ဘောလုံး တစ်ခုလောက်ပဲ ဝင်ကြေး တောင်းခံခဲ့တယ်။ ဒီနှစ် စင်ကာပူမှာကတော့ သူတို့ဆီက ပြည်သူတွေ စိတ်ဝင်စားတဲ့ အားကစားနည်း ထက်ဝက်လောက်ကို ဝင်ကြေးသတ်မှတ်ပြီး ကောက်ခံမှာ ဖြစ်တယ်။ ဒါကလည်း အိမ်ရှင်သဘောပေါ့။ သူတို့ သတ်မှတ်လို့ ရတာပဲလေ။ ကိုယ့်ဆီနဲ့ သူတို့ဆီကတော့ ဘယ်တူပါ့မလဲ။ ပြောရရင် သူတို့ဆီက ကြည့်ရှုတဲ့သူ ပိုများတယ်လို့ပဲ ပြောရမှာပေါ့'' ဟု ဦးသက်လွင်က ပြောသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၈ ခုဖြင့် အရှေ့တောင် အာရှနိုင်ငံ အလိုက်တွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သော်လည်း ယခုနှစ် (၂၈)ကြိမ်မြောက်တွင် နိုင်ငံအလိုက် ဇယားထိပ်ဆုံးမှ မရပ်တည် နိုင်သည့်တိုင် နောက်ဆုံးမှ မဖြစ်စေရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့ချုပ်များ၊ တာဝန်ရှိသူများက မျှော်မှန်းပြောဆို ခဲ့သည်။

No comments:

Post a Comment