Monday, March 9, 2015

နိုင်ငံခြားရေး ဝန်ကြီးဌာနက အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Basic Diplomatic Skills-BDS) နှင့် သံတမန် ရေးရာသင်တန်း (Course in Diplomacy-CID) တို့ ဖွင့်လှစ်ပို့ချ

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း (Basic Diplomatic Skills-BDS) နှင့် သံတမန်ရေးရာသင်တန်း (Course in Diplomacy-CID) တို့ကို ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါသည်။ အခြေခံသံတမန်ရေးရာ သင်တန်းကို ပြင်ပအဖွဲ့အစည်းများတွင်
လုပ်ကိုင်နေသောသူများ၊ အစိုးရအဖွဲ့ရုံး အဖွဲ့အစည်းများနှင့် သံတမန်ရေးရာ လေ့လာလိုသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သံတမန်ရေးရာသင်တန်းကို မိမိဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်းများအား သံတမန်ရေးရာတွင် ပိုမိုကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
သင်တန်းများတွင် မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံများ ကျင်းပခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း ပညာ၊ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်စီးပွားဆက်ဆံရေး၊ နိုင်ငံတကာ လူမှုဆက်ဆံရေးနီတိ၊ သံတမန်စာနှင့် ရုံးစာများ ရေးသားခြင်း၊ နိုင်ငံတကာ ဆက်သွယ်ပြောဆိုမှုပညာ စသည်တို့ကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။
သင်တန်းများ၏ ကာလမှာ (၁၂) ပတ်စီ ကြာမြင့်ပြီး ရန်ကုန်မြို့၌ သင်ကြားပို့ချခြင်းဖြစ်ပါသည်။ သင်တန်းပြီး ဆုံးပါက အသိအမှတ်ပြု လက်မှတ် (certificate) ချီးမြှင့်ပေးပြီး သင်တန်းသင်ရိုးတွင် ဂုဏ်ပြုညစာစားပွဲ သရုပ်ပြ လေ့ကျင့် ပို့ချပေး လေ့ရှိပါသည်။
အဆိုပါသင်တန်းများကို နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အငြိမ်းစား အဆင့်မြင့်ပုဂ္ဂိုလ်များ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ဝါရင့် သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် သင်တန်းနည်းပြများက သင်ကြားပို့ချပေးကြပါသည်။
ဖွင့်လှစ်သင်ကြားရန် ရှိသော အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း (BDS) နှင့် ပတ်သက်၍ သိရှိလို သည်များကို အောက်ပါ ဖုန်းများထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

၀၁-၂၂၁၅၃၁
၀၁-၂၂၀၄၁၅
၁၀-၂၂၀၇၇၂

No comments:

Post a Comment