Tuesday, February 3, 2015

ပုလောမြို့ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

ပုလော ဖေဖော်ဝါရီ ၂
ပုလောမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ရာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းမှုကို ဖေဖော်ဝါရီလ(၂)ရက် နံနက်ပိုင်းက ပုလောမြို့ကမ်းရိုးတန်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
မီးဘေးသင့်ပြည်သူများသို့ ပုလောမြို့နယ်အဝေးရောက်အသင်း(ရန်ကုန်/မြိတ်)မှ ငွေသား (၂၃၅၀ဝ၀ဝိ/-)ကျပ်၊ ဆန်(၂၈)အိတ်နှင့် စားဆီ(၂၈)ပုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်း (၄၀)စုံ၊ မြိတ်ခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပစ္စည်းကိုးမျိုးပါ ပစ္စည်း(၄၀)စုံနှင့် စေတနာရှင်ပြည်သူ များမှ အိမ်သုံးပစ္စည်းများ ၊ ကျောင်းသုံးဗလာစာအုပ်များ၊ အဝတ်အထည်များနှင့် အစားအသောက်များကို ပေးပို့လှူဒါန်းကြသည်။

အဆိုပါ လှူဒါန်းသောထောက်ပံ့ပစ္စည်းများကို မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း၊ ပုလောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှစိုး၊ မြိတ်ခရိုင်မီးသတ်ဦးစီးမှူးဦးဇော်ဝင်း၊ မြိတ်ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီများအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင် ပြည်သူများမှ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုအလိုက် စနစ်တကျခွဲဝေ လှူဒါန်း ပေးအပ်ပြီး၊ မီးဘေးသင့်ပြည်သူ များအား ကမ်းရိုးတန်းရတနာခန်းမတွင် နေရာချထားပေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်ထားရှိမှုတို့ကို တာဝန်ရှိသူများက ကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် မီးဘေးသင့်သည့်ရပ်ကွက်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး၊ မီးဘေးသင့် ပြည်သူများကို အမြန်ပြန်လည်နေရာချထားပေးနိုင်ရေးနှင့် ၎င်းတို့၏လုပ်ငန်းဆောင် တာများကို အမြန်ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment