Wednesday, February 25, 2015

ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးမြို့သို့ မတ် ၁ဝ ရက် ရောက်ရှိမည်




ရန်ကုန်  ဖေဖော်ဝါရီ  ၂၄
ဆွစ်ဇာလန်နိုင်ငံမှ ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် (Solar Impulse-2) ကမ္ဘာတစ်ပတ် ပျံသန်းမှု ခရီးစဉ်ကို မတ်လ ပထမပတ်တွင် စတင်မည်ဖြစ်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့သို့ မတ် ၁ဝ ရက်တွင် ဆိုက်ရောက်ဆင်းသက်မည်ဖြစ်ပြီး သုံးရက်တာ ရပ်နားသွားမည်ဖြစ်သည်။

အဆိုပါ နေစွမ်းအင်သုံး လေယာဉ်ခရီးစဉ်ကို အရှေ့အလယ်ပိုင်းဒေသ အဘူဒါဘီမှ စတင်သွားမည်ဖြစ်ကာ အိုမန်၊ အိန္ဒိယ၊ မြန်မာ(မန္တလေး) တရုတ်၊ ပစိဖိတ်သမုဒ္ဒရာဒေသ (ဟာဝိုင်အီ) အမေရိကန်နိုင်ငံမှ ပြည်နယ်သုံးခု၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း၊ မြောက်အာဖရိကဒေသတို့သို့ ဖြတ်ကာ နေ့ရောညပါ ပျံသန်းသွားမည်ဖြစ်ပြီး သြဂုတ်လအတွင်း အဘူဒါဘီမြို့တွင်ပင် ကမ္ဘာတစ်ပတ်ခရီးစဉ်ပြီးဆုံး မည်ဖြစ်သည်။
''ဒီစိတ်ကူးအကြံဉာဏ်က ဆွစ်ဇာလန်မှာသန္ဓေတည်ခဲ့ပြီး မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းက သာလွန်ကောင်းမွန်တဲ့ ရလဒ်တွေရရှိနိုင်တယ်လို့ ပြောပြပေးခြင်းဖြစ်ပါတယ်။ ဒီသမိုင်းဝင်ခရီးစဉ်မှာ သဘာဝအလှ တရားတွေအပြည့်ရှိနေတဲ့ မြန်မာနိုင်ငံက လက်တွဲပူးပေါင်းလို့ ထွန်းလင်းတဲ့အနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်မှာပါ။
မန္တလေးမြို့မှာ နားမယ့်အစီအစဉ်မှာ လေယာဉ်မှူးတစ်ယောက်က နည်းပညာနဲ့ အတွေ့အကြုံတွေကို ရှင်းလင်းပို့ချမှာပါ။ ဒီအစီအစဉ်ကို တစ်ရက်တည်း ဆောင်ရွက်သွားဖို့ လျာထားပါတယ်။ နောက်ရက်တွေကတော့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ''ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E.Mr. Christoph Burgener က ပြောသည်။
လေယာဉ်ခရီးစဉ်တစ်လျှောက် ရပ်နားမည့်ဒေသများတွင် ဆွစ်ဇာလန်နိုင်ငံ၏ ဆန်းသစ်တီထွင်လိုမှု၊ အတွေ့အကြုံနှင့် နည်းပညာများကို နည်းပညာလေ့လာသင်ယူနေသော လူငယ်များအား မျှဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အထင်ကရသမိုင်းဝင် ရှေးဟောင်းမြို့ဖြစ်သည့် ပုဂံမြို့၏ ကောင်းကင်ယံတွင် လေယာဉ် သရုပ်ပြပျံဝဲမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
''သဘာဝသယံဇာတတွေကို တိုးတက်အောင်ရှာဖွေဖို့က ခဲယဉ်းပြီး လူတွေကိုတော့ တိုးတက်အောင် လုပ်လို့ရပါတယ်။ ဒါကြောင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့ကို အလေးထားပြီး ပညာရေးနဲ့ ပုံစံခွက်ထဲက ကျော်ထွက်တဲ့ အတွေးအခေါ်တွေကို ရရှိအောင်ကြိုးစားစေချင်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆွစ်ဇာလန်၏ ဆိုလာလေယာဉ်ကို သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့် လောင်စာများအသုံးပြုခြင်း လုံးဝမရှိဘဲ သဘာဝနေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြု၍ ကီလိုမီတာ ၃၅ဝဝဝ (မိုင်ပေါင်း ၂၂ဝဝ)ကို ငါးလတာပျံသန်းပြီး ကမ္ဘာတစ်ပတ် ပျံသန်းပြသသွားမည် ဖြစ်သည်။ ဆွစ်ဇာလန်လူမျိုး လေယာဉ်မှူးများဖြစ်သည့် Bertrand Piccard နှင့် Andre Borschber တို့မှာ စွန့်ဦး တီထွင်ဆန်းသစ်လိုသူများဖြစ်ပြီး ဆိုလာလေယာဉ်နှင့် ပတ်သက်၍ ၁၂ နှစ်ကြာ စီစဉ်ဖန်တီးတည်ဆောက်ခဲ့ကြသည်။
''မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲဖော်တွေဟာ သန့်စင်တဲ့နည်းပညာတွေရဲ့ အရေးပါပုံကို သတိပြုမိကြပါတယ်။ အရင် Orbiter 2 နဲ့ ပျံသန်း ခဲ့တဲ့တုန်းက ဆိတ်ငြိမ်အေးချမ်းပြီး ပညာဉာဏ်တွေရဲ့ ပြယုဂ်ဖြစ်တဲ့ စေတီပုထိုး ကျောင်းကန်တွေအပေါ်မှာ ပျံသန်းရတာ ခမ်းနားတဲ့ပျံသန်းမှု တစ်ခုဖြစ်ခဲ့ပါတယ်''ဟု ဆိုလာလေယာဉ်၏ ပူးတွဲတည်ထောင်သူနှင့် လေယာဉ်မှူးဖြစ်သည့် Bertrand Piccard က ဆိုသည်။
ကမ္ဘာတစ်ပတ် ပျံသန်းမည့် Solar Impulse-2 သည် မတ်လ အစောပိုင်းတွင် အဘူဒါဘီမှ စတင်ထွက်ခွာမည်ဖြစ်ကာ သြဂုတ်လအတွင်း ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။ ပျံသန်းမှု လမ်းကြောင်းတွင် Muscut Oman Ahmedabad Varanasi India မန္တလေး၊ Chongqing Nanjing Hawaii Phoenix the Midwest နှင့် JFK တို့တွင် ရပ်နားသွားမည် ဖြစ်သည်။
ဆိုလာလေယာဉ်၏ ခရီးစဉ်တစ်လျှောက် လိုအပ်သော ပံ့ပိုးမှုများကို ဆွစ်ဇာလန်ကုမ္ပဏီများဖြစ်သည့် ABB Schindler Omega နှင့် ပြည်တွင်းပံ့ပိုးသူအဖြစ် FMI ကုမ္ပဏီတို့မှ တာဝန်ယူထားကြောင်း သိရသည်။
ကမ္ဘာတစ်ပတ် ပျံသန်းမည့် Solar Impulse-2 နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး H.E.Mr. Christoph Burgener ABB Schindler နှင့် FMI ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment