ဦးဝင်းမြင့်မောင်
National Network for Education Reform (NNER)နှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီတို့မှ ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ လက်မှတ် ရေးထိုး တင်သွင်းထားသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့် အမျိုးမျိုးမှ သုံးသပ်ရေးသားသည့် ဆောင်းပါးများအနက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုင်ရာ
စံနှုန်းများနှင့်ကိုက်ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင်သုံးသပ်ချက်များသာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အယူအဆမ ဟုတ်ပါ။ အမျိုးသားပညာရေးဥပဒေကို စိတ်ဝင်စားသူများအနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီရဲ့ တောင်းဆိုချက်များနဲ့ပတ်သက်ပြီး အောက်ပါအချက် နှစ်ချက်ကို ထောက်ပြပါမယ်-
(၁) တောင်းဆိုချက်(၁၁)ချက်ရဲ့ အကြောင်းအရာနှင့် စကားလုံးအသုံးအနှုန်းတွေဟာ NNER က ပြောနေကျစကားတွေပါ။
(၂) အစိုးရ၊ လွှတ်တော်နှင့် သပိတ်မှောက်ကျောင်းသား (Identity Card) ရှိသူတွေ တွေ့ဆုံဆွေးနွေးရင် ဖြစ်နိုင်ရဲ့သားနဲ့NNER ပါရမယ်လို့ လေးပွင့်ဆိုင် တောင်းဆိုပါတယ်။
ကျွန်တော့်နိုင်ငံရေး ဗေဒင်မှန်သွားတာကတော့ ၁-၂-၂ဝ၁၅ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် ခန်းမမှာ ကျင်းပတဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ NNER က ကျောင်းသားတွေကို ခေါင်းဆောင်ပြီး ပေါ်ထွက်လာခြင်း ပါပဲ။
ဒါကြောင့် ကျွန်တော့်ကို မေးခွန်းများ မေးခွင့်ပြုပါ။ ဒါကိုလည်း ဒီမိုကရေစီကျင့်စဉ်အရ မိမိရဲ့ အယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်လို့ပဲ ရှုမြင်ပေးပါ။
တောင်းဆိုချက်နံပါတ်(၂)နဲ့ နံပါတ်(၉)ကတော့ ကျွန် တော် မကျွမ်းကျင်တဲ့ နိုင်ငံရေးကွင်းပြင်ဖြစ်လို့ မဆွေးနွေး လိုပါဘူး။
နံပါတ်(၁)အချက်
ပညာရေးမူဝါဒများနဲ့ ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမကိုယ်စားလှယ်များပါဝင် ရန်ကိစ္စဆိုရာမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ သူငယ်တန်းက ပါရဂူတန်းအထိ ကျောင်းသား ကျောင်းသူကိုယ်စားလှယ် များကို ဘယ်လိုရွေးကြမှာလဲ။ တစ်နိုင်ငံလုံးမှာရှိတဲ့ နေ့စား လပေး မူလတန်းပြက ပါမောက္ခအထိ ဆရာ ဆရာမ ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးကြမှာလဲ။ လက်တွေ့ မကျတဲ့ တောင်းဆိုချက်ပါ။
နံပါတ်(၄)အချက်
ဒေသအလိုက်နဲ့ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့် ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စဆိုရာ မှာ အဆင့်မြင့်ပညာကျောင်းများအတွက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ပုဒ်မ ၇၊ ၂၆၊ ၃၉(ဆ)၊ ၄ဝ၊ ၅၇(ဂ) တို့မှာ အခိုင် အမာပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ အဲဒီ လွတ်လပ်ခွင့်မျိုးကို အခြေခံပညာကျောင်းတွေကို ပေးလိုက်ရင် အရပ်စကားနဲ့ ပြောရရင် (၅)ပါးမက သံဃာစင်ပါ မှောက်သွားမှာပါ။ ဒါကြောင့် ပုဒ်မ ၅၇(က)ဟာ ပါကိုပါရမယ်လို့ ယူဆပါ တယ်။ ဗဟိုချုပ်ကိုင်မှု အစွန်းကိုရှောင်ရင်း တစ်တော တစ်ကြက်ဖတွန် အစွန်းကိုရောက်သွားပါမယ်။ ဒေသ အလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရဘဲနဲ့တောင် အခြေခံပ ညာကျောင်း တွေဟာ လုပ်ချင်တာလုပ်နေကြတာ ပါ။ မြင်းကို ချိုတပ်ပေးလိုက်လို့ကတော့ မိဘအုပ်ထိန်းသူ တွေဟာ အကန်ခံနေရရာက အခတ်ပါခံရပါတော့မယ်။
နံပါတ်(၅)အချက်
လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ် ဝင်ခွင့်များ ပြင်ဆင်ရန်ကိစ္စဆိုရာမှာ လက်ရှိ ကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်တွေကို ဥပဒေမှာ ပြင်ဆင်ထားပါတယ်။ တောင်းဆိုရင် ဥပဒေပါစာမေးပွဲ စနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်ကို ပြင်ဆင်ဖို့ တောင်းဆိုရပါ မယ်။ စာမေးပွဲစနစ်ကို ဒေါက်တာသိန်းလွင်တို့ ဘယ်လို ပြင်မယ်ဆိုတာ မသိရတော့ မဆွေးနွေးနိုင်ပါဘူး။ ဥပဒေ ပုဒ်မ ၄(ဇ)၊ ၂၈(ခ) အရ သင်ယူလိုသူရဲ့ဆန္ဒကို အခြေခံ ပြီး ဝင်လိုသည့် တက္ကသိုလ်ကို လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားသည့် အရည်အချင်း ပြည့်မီမှု ကတော့ ရှိရမှာဖြစ်ပါတယ်။ အမှတ်ပေါင်း(၂၄ဝ)နဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်ချင်ရင်တော့ မရနိုင်ပါ ဘူး။ မိမိဆန္ဒရှိတဲ့ တက္ကသိုလ်ဝင်ခွင့်ရအောင် အဲသည့် တက္ကသိုလ်က သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီ အောင် မိမိဘက်ကလည်း ကြိုးစားရမှာပဲ။ ကိုယ်ညံ့ကိုယ်ခံ ပေါ့။ ဒေါက်တာသိန်းလွင် ပြောသည့်စကားရှိပါတယ်။ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့်ရှိရမယ်ဆိုတာ မေးချင်ပါတယ်။ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့် ဆိုတာ သူငယ်တန်းကို ပြောတာလား။ မြန်မာစာမသင်ချင် ဘူး တရုတ်စာပဲသင်ချင်တယ်လို့ လွတ်လပ်စွာရွေးချယ် ခွင့်လား။ အင်္ဂလိပ်စာ မသင်ချင်ဘူး ထိုင်းစာပဲသင်ချင်တယ် လို့ လွတ်လပ်စွာရွေးချယ်ခွင့်လား။ အခြေခံပညာအထက် တန်းမှာ လွတ်လပ်စွာ ဘာသာရပ်ရွေးချယ်ခွင့်ရဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနေပါပြီ (သီးခြားဆောင်းပါး တစ်စောင်ရေးရမှာပါ)။ အဆင့်မြင့်ပညာမှာ ဘာသာရပ်ကို လွတ်လပ်စွာရွေးချယ်ခွင့် ရှိနေပါတယ်။ ခြောက်ဘာသာ ဂုဏ်ထူးရလို့ ဆေးကျောင်းပဲတက်ရမယ်၊ မြန်မာစာအထူးပြု မယူရဘူးလို့ မရှိပါဘူး။ ဒါပေမယ့် လူကြိုက်များတဲ့ တက္ကသိုလ်တွေ တက်ချင်ရင်တော့ Demand များရင် Price တက်မှာပဲ။ ဥာဏ်ရည်ဥာဏ်သွေးမြင့်ပြီး ကြိုးစားအား ထုတ်မှုရှိလို့ ထူးချွန်ထက်မြက်သူကို နိုင်ငံတော်က ဦးစား ပေးရမှာပဲ။ သိပ္ပံပညာရှင် ဒါဝင် ပြောသလို ပြောရရင်တော့Survival of the Fittest ပေါ့။ ဒေါက်တာသိန်းလွင် ပြောသလို လွတ်လပ်စွာဘာသာရပ် ရွေးချယ်ခွင့်ရှိလို့ မက်ထရစ်အောင်သူ ၉ဝ ရာခိုင်နှုန်းက ဆေးပညာကို လွတ်လပ်စွာ ရွေးချယ်ပြီဆိုပါတော့ (မဖြစ်နိုင်ပါဘူး တွက် လို့မရဘူး။ ဖြစ်ခဲ့သော် တွက်ရပါမယ်။ လက်တန်းလုပ်လို့ မရဘူး။) (၁ဝ) တန်းအောင်သူတိုင်း တက်နိုင်ဖို့ လက်ရှိ အခြားတက္ကသိုလ်တွေကို ဆေးတက္ကသိုလ် လုပ်ပစ်မှာလား၊ သင်ကြားရေးဆေးရုံတွေ ပြည့်စုံပါမည်လား၊ အထူးကု ပါမောက္ခကြီးတွေ လုံလောက်ပါပြီလား၊ ခန္ဓာဗေဒသင်ဖို့ ကျောင်းသားခြောက်ဦး အလောင်းတစ်လောင်းပေးနိုင်ပါ မည်လား၊ ဒါတွေက ဘတ်ဂျက် ၂ဝ ရာခိုင်နှုန်းနဲ့ လုပ်မရဘူး။ ပြီးတော့ တစ်နှစ်တစ်နှစ် ဆရာဝန်ဦးရေကို တစ်နှစ်တစ်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်တဲ့ ဦးရေ နီးပါး မွေးထုတ်ဖို့လိုအပ်ပါသလား၊ လွတ်လပ်စွာဘာသာရပ် ရွေးချယ်ခွင့်ကြောင့် မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်ချည်း၊ ဖြစ်လာလို့ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွေ ပိတ်ပစ်ရတော့မှာလား၊ ပညာရပ်နယ်ပယ်အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးမသွားဘူးလား၊။
နံပါတ်(၆)အချက်
ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ရေး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားရေး နည်းစနစ်များ ပြောင်းလဲရန်ကိစ္စဆိုရာမှာ သင်ကြားနည်း စနစ်ဆိုတာ သင်ကြားသူနှင့် ဆိုင်ပါတယ်။ ဥပဒေနှင့် မဆိုင် ပါဘူး။ ဥပဒေမှာ rote learning or parrot fashion ကို ပြဋ္ဌာန်းမထားပါဘူး။ ဥပဒေက ''ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်တဲ့ သင်ကြားနည်းစနစ် များ ကျင့်သုံးရမည်''လို့ ပြဋ္ဌာန်းထားလည်း ဆရာတွေမကျင့် သုံးရင်ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြဋ္ဌာန်းမထားလည်း ကျင့်သုံးတဲ့ဆရာက ကျင့်သုံးမှာပဲ။ ဒီကိစ္စ ဦးသိန်းလွင် ပညာရေးဝန်ကြီးဖြစ်လာလည်း တတ်နိုင်မယ့်ကိစ္စ မဟုတ်ပါဘူး။ ကိုယ်တိုင်လေ့လာစူး စမ်းသင်ယူတဲ့Informal Education ဆိုတာ ကိုယ်လုပ်ရမယ့်အလုပ်ပါ။ ကိုယ်ရဲ့ သင်ယူလိုသော ဆန္ဒနဲ့ဆိုင်ပါတယ်။ ဥပဒေက ပြဋ္ဌာန်းပေးစရာမလိုပါဘူး။
နံပါတ်(၇)အချက်
တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ် ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကား စုံပညာ ရေးစနစ်(mother language based multilingua
education) ကို
အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းရန် ကိစ္စဆိုရာမှာ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်ဆိုတာ ဘာပါလဲ၊ တိုင်းရင်း သားမျိုးနွယ်စုများရဲ့ ဘာသာစကားကို ကျောင်းချိန်ပြင်ပမှာ လွတ်လပ်စွာ သင်ကြားသင်ယူခွင့် ရှိနေပါ တယ်။ ကျောင်း ချိန်အတွင်းမှာ သင်ကြားမယ်ဆိုရင်တော့ အခြားဘာသာ ရပ် သင်ကြားချိန်တွေ လျော့နည်း သွားမယ်။ တိုင်းရင်းသား ကလေးတွေဟာ တိုင်းရင်းသားတစ်မျိုးဖြစ်တဲ့ ဗမာကလေး တွေလောက် အခြားဘာသာ ရပ်တွေမှာ တတ်မြောက်မှု ရှိတော့မှာ မဟုတ်ပါဘူး။ ပညာရေးကွာဟချက်ဖြစ်ပေါ်လာ ပါလိမ့်မယ်။ ပုဒ်မ ၃၉(ဃ)၊ ၄၂(ခ) မှာ တိုင်းရင်းသား ယဉ်ကျေးမှု စာပေသမိုင်းနဲ့ အထူးပြုပြီး ဘွဲ့ယူလို့တောင် ရတော့မယ့်အထိ လွတ်လပ်ခွင့်ပေးပြီးသားပါ။ မိခင် ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် ဆိုတာ ဘာပါလဲ။ ပုဒ်မ၄၃(က)နဲ့ (ခ)မှာlingua franca ဖြစ်တဲ့ အင်္ဂလိပ်ဘာသာ၊ နိုင်ငံသုံးဘာသာနဲ့ ဆက်သွယ်ရေး ဘာသာဖြစ်တဲ့ မြန်မာဘာသာနဲ့ တိုင်းရင်းသားဘာသာများ ကို သင်ကြားမှုဘာသာစကား တစ်နည်း ယာဉ်ဘာသာ စကားအဖြစ် ပြဋ္ဌာန်းထားပါတယ်။ ဒါကို မကျေနပ်သေးဘဲ ဘာသာစကားစုံဆိုတော့ ထိုင်းဘာသာ၊ ဘင်္ဂါလီဘာသာ၊ တရုတ်ဘာသာတို့ကိုပါ ဘာသာလုပ်ရဦးမှာလား။ ပအိုဝ်း၊ ရှမ်း၊ ဗမာ တိုင်းရင်းသားသုံးမျိုးနဲ့ တိုင်းရင်းသားမဟုတ်သော် လည်း နိုင်ငံသားဖြစ်နေတဲ့ ဂေါ်ရခါး၊ တရုတ်၊ ကုလား ကျောင်းသားတွေရှိတဲ့ စာသင်ခန်းမှာ ဘယ်ဘာသာစကားနဲ့ သင်ကြားရမှာလဲ၊ သင်ကြားတဲ့ဆရာက တိုင်းရင်း ဘာသာသုံးမျိုးစလုံးကို တတ်ကျွမ်းပါ့မလား။ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံသားတွေ သင်ယူမှုအခွင့်အလမ်း ဆုံးရှုံး မသွားဘူးလား၊ ဂေါ်ရခါး၊ တရုတ်၊ ကုလား ဘာသာစကား တွေနဲ့ရော သင်ကြားပေးရမှာလား။
နံပါတ်(၈)အချက်
မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံး အတွက် လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) လူတိုင်း အကျုံးဝင်ပညာရေးဆိုတာ ဥပဒေ မပေါ်ခင်ကတည်းက ရှိပြီးသားပါ၊ တောင်းနေစရာ မလိုပါ ဘူး။ လူတိုင်းအကျုံးဝင်ပညာရေး တောင်းဆိုနေတာ စုပုံချစ်ကို မသိလို့လား၊ အထက(၃) လှိုင်သာယာမှာ တက်ရောက်ခဲ့သူပါ။ ပုဒ်မ ၄(ဂ)၊ ၃၇ နဲ့ ၃၈ မှာ အထူး ပညာရေးအစီအစဉ်နဲ့ ပညာရေးအထူးဝန်ဆောင်မှုတွေ ပြဋ္ဌာန်းထားပါတယ်။ ၂ဝဝ၄-၂ဝဝ၅ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့တဲ့ မထက်ထက်ထွန်း၊ မောင်မျိုးအောင်၊ အောင်အေးချမ်းသူတို့ဟာ လူတိုင်း အကျုံးဝင်ပညာရေးကို အထက(၅) ကြည့်မြင်တိုင်က ရခဲ့ပြီး အထူးပညာရေးကို ကြည့်မြင်တိုင်မျက်မမြင် ကျောင်းကရခဲ့တာပါ။
နံပါတ်(၁ဝ)အချက်
ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်းသတ်မှတ်နိုင်ရေးကိစ္စဆိုရာမှာ မဖြစ်နိုင် တာကို တောင်းဆိုတာပါ။ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားနိုင်ဖို့ ဆူပူမှုကို ဖန်တီးတာပါ။ ဘတ်ဂျက်အသုံး စရိတ်ဆိုတာ ဝန်ကြီးဌာနတစ်ခုတည်းက ဥပဒေနဲ့ မောင်ပိုင်စီးထားလို့မရပါဘူး။ နှစ်စဉ်လွှတ်တော်က ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို အတည်ပြုရတာပါ။ ဒေါက်တာသိန်းလွင်တို့ တောင်းဆိုချက်က ပညာရေးအသုံးစရိတ်ကို ၂ဝ ရာခိုင်နှုန်းထက် ပိုသုံးချင်ရင်လည်း သုံးမရအောင် အသေကြိုးချည်ထားပါတယ်။ နိုင်ငံတော်မှာ ပြည်ပ ကျူးကျော်မှုကြုံလာလို့ တရားသော ခုခံကာကွယ်ရေး စစ်ဖြစ်ပေါ် လာမယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးရတဲ့အတွက် ပညာရေးအသုံးစရိတ် အပါအဝင် အခြားအသုံးစရိတ်တွေကို လျှော့ချရမှာပဲ။ ပြီးတော့ ပညာရေးအသုံးစရိတ်တိုးတိုင်း ပညာရေးက ကောင်းလာ တာ မဟုတ်ပါဘူး။
နံပါတ်(၁၁)အချက်
အခမဲ့မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့် သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်နိုင်ရေးဆိုရာ မှာ ပုဒ်မ ၇(ည)မှာ အခမဲ့မသင်မနေရ မူလတန်းပညာရေး ကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ရေးဆိုတာ ပြဋ္ဌာန်းပြီးသားပါ။ လက်ရှိ အလယ်တန်းအထိ အခမဲ့ပညာရေးက ရပြီးသားပါ။ ၂ဝ၁၅-၂ဝ၁၆ ကစပြီး အထက်တန်းအထိရတော့မှာပါ။
နိဂုံးချုပ်ရရင် ဥပဒေကပြဋ္ဌာန်းပြီးသား၊ လက်တွေ့ လည်းရပြီးသား။ နံပါတ်(၄)၊ (၈)နဲ့ (၁၁)ကို ထည့်သွင်း တောင်းဆိုတာက ပေးပြီးသားမို့ လိုက်လျောလိုက်တာကို နိုင်ငံရေးအမြတ်ထုတ်တာလား။
ဥပဒေနဲ့မဆိုင်တဲ့ သင်ကြားသူနဲ့ သင်ယူသူက ဆောင်ရွက်ရမယ့် နံပါတ်(၆)ကို ထည့်သွင်းတောင်းဆို တာက လူထုကို စကားလုံးနဲ့ လှည့်စားတာလား။
လက်တွေ့မကျတဲ့ နံပါတ်(၁)၊ (၄)၊ (၅) နဲ့ (၇)ကို ထည့်သွင်းတောင်းဆိုတာက ဦးနှောက်ကို ရွှေချခံချင် တာလား။
ဘယ်လိုမှ မဖြစ်နိုင်တဲ့၊ အစိုးရက ဘယ်လိုမှ မလိုက် လျောနိုင်တဲ့ နံပါတ်(၁ဝ)ကို ထည့်သွင်းတောင်းဆို တာက တိုက်ပွဲခေါ်တာလား။
ကျွန်တော်ပြောရဲတာကတော့ ကြိုဆိုထောက်ခံတယ် ပြောပြော၊ ပါဝင်ပူးပေါင်းတယ်ပြောပြော၊ အားပေးကူညီ တယ်ပြောပြော၊ ထိန်းသိမ်းစောင့်ရှောက်တယ်ပြောပြော အဲဒီ လူအုပ်ထဲမှာ အမျိုးသားပညာရေးဥပဒေကို နားလည်သဘောပေါက်ပြီး ကျွန်တော့်မေးခွန်းတွေကိုNNER ကိုယ်စား ဖြေပေးနိုင်ရင် ဖြေပေးကြပါ။ ကျန်သွားမလားလို့ ထပ်ပြောချင်တာလေးကတော့
(၁) ကျွန်တော်ဟာ ဘယ်နိုင်ငံရေးပါတီ၊Legal Status မဟုတ်တဲ့ ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဘူး။
(၂) အစိုးရဆီက ဘာအခွင့်အရေးမှ တစိုးတစိ ရခဲ့သူ မဟုတ်ဘူး။
(၃) အစိုးရဘက်က ကျားကျားမီးယပ် ဝန်ထမ်းလည်း မဟုတ်ဘူး။
(၄) ထို့အတူ မြေပြိုပြီဆိုတဲ့ ယုန်ရဲ့နောက်က ပြေးလိုက် သူလည်းမဟုတ်ဘူး။
(၅) ဒါပေမယ့် နိုင်ငံတော်ရဲ့ ပညာရေးတာဝန်ကို မိမိရဲ့ဧရိယာအတွင်းမှာ တစ်စုံတစ်ခုသော အတိုင်း အတာအထိ အောင်မြင်ပေါက်မြောက်အောင် ဦးဆွေးဆံမြည့် နှစ်ပေါင်း(၃၅)နှစ် ထမ်းဆောင်ခဲ့တဲ့ ကျွမ်းကျင်မှုနဲ့ စိတ်စေတနာတော့ရှိတယ်။ ကျောင်း ပညာရေးက ပါရဂူဘွဲ့ မရခဲ့ပေမယ့် ကျောင်းပြင်ပ ပညာရေးနဲ့ ကိုယ်တိုင်သင်ယူ ပညာရေးအရတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။
(၆) ယနေ့အထိလည်း နိုင်ငံတော်ပညာရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ပညာရေးတာဝန်ကို ထမ်းဆောင်နေသူဖြစ်တယ်။
No comments:
Post a Comment