ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌
ကျင်းပသည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇုန်လှယ်ထန်း၏ “ကုမ္ပဏီမှတ်ပုံတင်နှင့်
လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များ ထုတ်ပေးသော ဝန်ကြီးဌာနများအနေဖြင့်
၎င်းတို့ထုတ်ပေးသည့် ကုမ္ပဏီလုပ်ငန်း မှတ်ပုံတင်များ၊ လုပ်ငန်းလိုင်စင်များ၊
ခွင့်ပြုချက်များနှင့် စပ်လျဉ်းသည့် အသိပညာများကို ပြည်သူများ လွယ်လွယ်ကူကူ
သိရှိနိုင်ရန် သတင်းအချက် အလက်များနှင့် လုပ်ထုံးများပေါင်းချုပ်ကို ပြုစုထုတ်ဝေ
ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်
ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်
လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို လုပ်ငန်းလုပ်ကိုင်
ဆောင်ရွက်လိုသူများ အလွယ်တကူ သိရှိစေနိုင်ရန် အတွက် ဤဦးစီးဌာန website ဖြစ်သည့်
www.dica.gov.com နှင့် တိုင်းဒေသကြီး၊ ပြည်နယ် များ၌ လုပ်ငန်းစဉ်များ ပတ်သက်၍
ဟောပြောပို့ချခြင်း၊ အသိပေးဖြန့်ဝေခြင်းများ ပြုလုပ်ပေးလျက်ရှိပါကြောင်း။
ထို့ပြင် လုပ်ငန်းလုပ်ကိုင်သူများ လွယ်ကူအဆင်ပြေစေရန်
လုပ်ထုံးလုပ်နည်း အဆင့်များကို လျော့နည်းအောင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ကာ ကုမ္ပဏီမှတ်ပုံတင်ခြင်း
လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊
တောင်ကြီးမြို့၊ မော်လမြိုင်မြို့ တို့ရှိ ရုံးများတွင်
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို
ဆက်သွယ်မေးမြန်း ဆောင်ရွက် နိုင်ပြီဖြစ်ပါကြောင်း၊
ယခုအချိန် တွင် မြန်မာနိုင်ငံသားများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မည်ဆိုလျှင်
လိုအပ်သည့် အထောက်အထား၊ အချက်အလက်များ ပြည့်စုံပါက ၃ ရက်အတွင်း ကုမ္ပဏီမှတ်ပုံတင်၊
လုပ်ငန်း လိုင်စင်နှင့် ခွင့်ပြုချက်တို့ကို ရရှိနိုင်ပြီဖြစ်ပါကြောင်း၊ သို့ပါ၍
ဝန်ကြီးဌာနအနေ ဖြင့် ကုမ္ပဏီလုပ်ငန်းမှတ်ပုံတင်များ၊ လုပ်ငန်း လိုင်စင်များ၊
ခွင့်ပြုချက်များနှင့် ပတ်သက် သည့် သတင်းအချက်အလက်များနှင့်
လုပ်ထုံးလုပ်နည်းများပေါင်းချုပ်ကို ထုတ်ဝေပေး ရန် အစီအစဉ်မရှိသေးပါကြောင်းဖြင့်
ဖြေကြားသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်စိုး၏ “
မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ(NGO, INGOs) နှင့် ပတ်သက်၍
သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဗိုလ်မှူးချုပ် ကျော်ကျော် ထွန်း က အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ
ဥပဒေပုဒ်မ ၄၂အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားရှိသော ပြည်တွင်းအသင်းအဖွဲ့(NGO) (၆၆၃)
သင်း၊ အစိုးရမဟုတ်သော နိုင်ငံတကာ အသင်း အဖွဲ့(INGOs) (၁၀၆) ဖွဲ့၊ စုစုပေါင်း (၇၆၉)
ဖွဲ့သည် ယင်းဥပဒေ နှင့်အညီ ဖွဲ့စည်းထားသော အသင်းအဖွဲ့များအဖြစ်
လှုပ်ရှားဆောင်ရွက်လျက်ရှိပါ ကြောင်း။
ပြည်တွင်းအသင်းအဖွဲ့(NGO)များသည် မြန်မာနိုင်ငံတစ်ဝန်းတွင်
၎င်းတို့အသင်း အဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အလိုက် လူမှုရေးလုပ်ငန်းများကို
ဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့(INGOs)များသည်
၎င်းတို့ အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး၍ စာချုပ်ပါမူဝါဒများနှင့်အညီ
လုပ်ငန်းများဆောင်ရွက်လျက်ရှိပါ ကြောင်း။
ရခိုင်ပြည်နယ်တွင် NGO, UN, INGOs အသင်းအဖွဲ့စုစုပေါင်း (၇၆)
ဖွဲ့သည် လှုပ်ရှားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအသင်းအဖွဲ့များမှာ ပညာရေး၊
ကျန်းမာ ရေးဆောင်ရွက်နေသော အသင်း(၂၆)သင်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ
စောင့်ရှောက်ရေးအသင်း(၁၃)သင်း၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဒေသဖွံ့ဖြိုး
တိုးတက်ရေး ဆောင်ရွက်နေသော အသင်း(၂၃)သင်း၊ သဘာဝဘေးအန္တရာယ် ကူညီ
ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ
ဆောင်ရွက်နေသော အသင်း(၈)သင်းနှင့် သာရေးနာရေး ဆောင်ရွက်နေသော အသင်း (၆) သင်းတို့
ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ အခန်း(၃)
ပုဒ်မ ၆(စ) တွင် “ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ ဤဥပဒေအရ ထုတ်ပြန်
သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်း
များပါ တားမြစ်ချက်တစ်ရပ်ရပ်ကို လည်းကောင်း ဖောက်ဖျက်ကြောင်း တွေ့ရှိရပါက
မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းကို ငြင်းပယ်ခြင်း” ဟူ၍
ပြဋ္ဌာန်းထားရှိသဖြင့် NGO/INGOs အသင်းအဖွဲ့များအား MoU လက်မှတ်ရေးထိုး ထားသော
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသအဖွဲ့ အစည်းများ၏ ကြီးကြပ်မှု၊ အဆင့်ဆင့်သော
မှတ်ပုံတင်ရေးအဖွဲ့များ၏ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်းဖြင့်
ဖြေကြားသည်။
No comments:
Post a Comment