Monday, February 9, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ 
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ အစည်း အဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) မှ ဦးနိုင်ထွန်းအုံ ၏ ၀န်ထမ်းများ ခရီးသွားလာ ရာတွင် ခရီးသွား လာစရိတ်ကို သင့်တော်သော နှုန်းထားအသစ်တစ်မျိုးဖြင့် ပြောင်းလဲ သတ်မှတ်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာလင်းအောင် က နိုင်ငံဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွားလာရာတွင် ပြောင်းလဲလျက်ရှိသည့် လူနေမှုစရိတ်၊ လစာနှုန်းတို့နှင့် လိုက်လျော ညီထွေဖြစ်စေမည့် ခရီးစရိတ်နှုန်းထားဖြစ်စေရေးဆောင်ရွက်နိုင်ရန် ဌာနအဖွဲ့အစည်းများမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် စက်တင်ဘာလအထိ ကျခံသုံးစွဲခဲ့သည့် အသုံးစရိတ်များ ကိုတောင်းခံ၍ ပြန်လည်စိစစ်ခြင်း၊ ၀န်ကြီးဌာနများ၏ သဘောထားများ တောင်းခံထားခြင်းတို့အပြင် ကျွမ်းကျင် ပညာရှင်များ၏ သဘောထားအကြံများကိုပါရယူ၍ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် တည်းခိုနေထိုင်စရိတ်အပါအ၀င် ခရီးသွားနေ့တွက်စရိတ်နှုန်းအား ၀န်ထမ်းများ နစ်နာမှုမရှိစေရေးအတွက် သင့်တော်သည့် နှုန်းထားအသစ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်အတွင်း ပြောင်းလဲသတ်မှတ်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးဌေးမောင်က ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်မှ အတည်ပြုသည့်အတိုင်း ဆက်လက် ထားရှိရန်နှင့် ပုဒ်မအချို့အား ပြင်ဆင်လိုပါကြောင်း ဖြင့်ဆွေးနွေးရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေ ဘာသာပြန် ဥပဒေကြမ်းအား ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်သည်။
အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) မှ ဦးဖေသောင်း ၏ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါး၏ ကျေးကျွန်အဖြစ်သို့ ရောက်ရှိနေကြသော လူငယ်လူရွယ်များကို လူထုဗဟိုပြု အဖွဲ့ အစည်းများနှင့် တာဝန်ရှိ အစိုးရဌာနဆိုင်ရာများ၊ INGO ၊ NGO အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်တိုင်းတွင် လူငယ်များ လမ်းမှား ပေါ်မရောက်ရှိစေရန်အတွက် ပြုစုပျိုးထောင်ပေးမည့် မူးယစ်ပညာပေး လေ့ကျင့်ရေး စခန်းများ ဖွင့်လှစ် ပေးနိုင်မည့် စီမံကိန်းမျိုး အမြန်ဆုံးဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးဂျေယောဝူက မြန်မာနိုင်ငံတွင် မူးယစ်ကျေးကျွန် ဘ၀အဖြစ်သို့ ရောက်ရှိ နေကြသည့် လူငယ်လူရွယ်များကို လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် INGO ၊ NGO အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်တိုင်းတွင် လူငယ် များလမ်းမှားပေါ် မရောက်ရှိ စေရေး အတွက် ပြုစုပျိုးထောင်နိုင်မည့် မူးယစ်ပညာပေးလေ့ ကျင့်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်မည့် စီမံကိန်း မျိုးအမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် ထောက်ခံဆွေးနွေး သည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) မှ ဦးစောထွန်းမြအောင် က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အရှိန် အဟုန်ဖြင့် ရပ်ကွက်/ကျေးရွာ ဆရာ ၊ ဆရာမ၊ မြို့မိ မြိုဖ ပါဝင်သည့် အသင်းအဖွဲ့များဖွဲ့စည်းပြီး သုံးစွဲသူများကို ဖော်ထုတ်ကုသခြင်း၊ ရောင်း ၀ယ်သူ ဖြန့်ဖြူးသူများကို ထိရောက်စွာဖော်ထုတ်အရေးယူခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိလိုအပ်သောမြို့ကြီးများတွင် မူးယစ်ဆေးသုံးစွဲသူဖော်ထုတ်ရေးအဖွဲ့၊ ကုသရေး အဖွဲ့များ၊ ပညာပေး ရေးအဖွဲ့များပိုမိုထားရှိသင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးခက်ထိန်နန် က အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုး တက်မှုများအား အမီလိုက်နိုင်ရန် လူငယ်များမူးယစ်ဆေးဝါးကင်းစင်ပြီး ကိုယ်ရည် ကိုယ်သွေးကောင်းမွန်မှုသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြန်လည် ထူထောင် ရေးစခန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ဆက်လက် တိုးချဲ့ ဖွင့်လှစ်ရန်နှင့် ကျစ်ကျစ် လျစ်လျစ်ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်းဖြင့်ဆွေးနွေးသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစောအောင်ကျော်နိုင်(ခ) ရှားဘူးဖော့ က မြို့နယ်တိုင်းတွင် မူးယစ် ပညာပေးအစီအ စဉ်များစဉ်ဆက်မပြတ်ဆောင်ရွက် ပေးနိုင် မည်ဆိုပါက ကျောင်းသားလူငယ်များနှင့် လူငယ် များ လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသယ် ဆောင်သူများ၊လက်လီ လက်ကား ဖြန့်ဖြူးသူများနှင့် ရောင်းဝယ်သူများကို မျက်နှာမလိုက် ဘက်မလိုက်ဘဲ မည်သည့်အဆင့် ပုဂ္ဂိုလ်မျိုး ကိုမဆို ဥပဒေအရထိထိရောက်ရောက်ဖော် ထုတ်အရေး ယူခြင်းဖြင့် တိုင်းပြည်အတွက် ရလဒ်ကောင်း များဖြစ်လာနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ ၁၉၇၁ခုနှစ် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ကုလသမဂ္ဂကွန် ဗင်းရှင်း၊ ၁၉၉၈ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ တရားမ၀င် သယ်ဆောင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင် နိုင်ငံအဖြစ်လက်မှတ်ရေးထိုးပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက် ရေးကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို အဆင့် ဆင့်ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုကွပ်ကဲမှုအောက်တွင် မူးယစ် ဆေးစွဲသူများကို ဆေးဝါးကုသပေးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် နိုင်ရန် ရွှေပြည်အေး၊ တီးမ၊ ရွှေပြည်သစ်စသည့် လူငယ်ပြုစု ပျိုးထောင်ရေး စခန်းများဖွင့် လှစ်ထားရှိပါကြောင်း၊ ကိုယ်တိုင်လာရောက်ဆေးဖြတ်သူများနှင့် မိဘများ လာရောက် ပို့အပ်ဆေးဖြတ်သူများကို အရေးယူခြင်းမပြုဘဲ ဆေးဖြတ်ကုသမှုများ ဆောင်ရွက်ပေး လျှက်ရှိ ပါကြောင်း။
မူးယစ်ဆေးဝါးသုံးစွဲသူများအား မူးယစ်ဆေးစွဲလန်းနေသော ဝေဒနာရှင်များအဖြစ် ရှုမြင်လာသည့် နိုင်ငံတကာ အမြင်သဘောထားများအရ ပြစ်မှုကြောင်းဖြင့် အရေးယူခြင်း မပြုဘဲ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခု အဖြစ်ရှုမြင်၍ ဆေးကုသပေးခြင်း၊ ပြန်လည် ထူထောင်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချ ရေးအတွက် မူးယစ်ဆေးစွဲရောဂါကုသရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲ အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်များအားလုံး၌ ကျောင်းသား လူငယ်များနှင့် ကျောင်းပြင်ပရောက်လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မူးယစ်ဆေးဝါး ဆိုးကျိုးအကြောင်း၊ ဥပဒေပြစ်ဒဏ်များအ ကြောင်း နားလည်သဘောပေါက်စေရန် ဟောပြော ပွဲများ၊ ပညာပေးကဏ္ဍအစီအစဉ်များ ဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုမျာကို နှိမ်နင်းနိုင်ရန် မူးယစ်တပ်ဖွဲ့စု (၅၀)ကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မူးယစ်ဆေးစွဲသူလူငယ်များ စနစ်တကျဆေးကုသမှုခံယူနိုင်ရန်၊ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ မြင့်မား တိုးတက်လာစေရန်နှင့် အသက်မွေးဝမ်းကျောင်းပညာများတတ်မြောက် သည့် လူငယ်များ အဖြစ်ပြောင်း လဲတိုးတက်လာစေရန် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ က ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိ ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

ထို့နောက် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) မှ ဦးဖေသောင်း တင်သွင်းသည့် အဆိုအား လွှတ်တော်က အတည်ပြုခဲ့သည်။            

No comments:

Post a Comment