ဒေါက်တာသီတာတင်
နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးတန်ဖိုးများကို စံနှုန်း တိုင်းတာသတ်မှတ်ရေးတို့အတွက် အာရှဖောင်ဒေးရှင်းမှ ၂ဝ၁၄ ခုနှစ် မေလနှင့်ဇွန်လအတွင်း တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၄ ခုရှိ လူပေါင်း ၃ဝဝဝ ကျော်တို့နှင့် တွေ့ဆုံမေးမြန်းမှုပေါင်းများစွာပြု လုပ်၍ စစ်တမ်းကောက် ယူခဲ့ပါသည်။
အဆိုပါစစ်တမ်းတွင်ပြည်သူများအကြား အစိုးရနှင့် ပတ်သက်သော ဗဟုသုတ၊ ဥပဒေပြုကဏ္ဍ၊ တရားစီရင် ရေးကဏ္ဍတို့နှင့်ပတ် သက်သော ဗဟုသုတ၊ နိုင်ငံရေးပါဝင် ဆောင်ရွက်မှုနှင့် ဒီမိုကရေစီအား နားလည်သဘောပေါက်မှု၊ မိမိကိုယ်ကို ခံယူသတ်မှတ်မှု၊ တန်ဖိုးထားမှုများနှင့်ယုံကြည် မှု၊ ကျား-မဆိုင်ရာ အကြောင်းအရာငြိမ်းချမ်းရေးလုပ် ငန်းစဉ်၊ ပြည်သူလူထု၏ ရှုမြင်သုံးသပ်ချက်များနှင့် သတင်း အချက်အလက်များရရှိရာအရင်းအမြစ်များ အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးစစ်တမ်းကောက်ယူသုံးသပ်တင်ပြထားပါသည်။
ဤသို့မေးမြန်းရာတွင် နိုင်ငံတော်အကြီးအကဲမှာ သမ္မတဖြစ်ကြောင်း ဖြေဆိုသူအားလုံး၏ ၈၇ ရာခိုင်နှုန်းက မှန်ကန်စွာဖြေကြားနိုင်သော်လည်း နိုင်ငံတော်၏ မဏ္ဍိုင် များနှင့်ပတ်သက်၍ မှန်ကန်စွာပြောဆိုနိုင်မှုမှာ အုပ်ချုပ် ရေးတွင် ၁၄ ရာခိုင်နှုန်း၊ ဥပဒေပြုရေးတွင် ၃ ရာခိုင်နှုန်းနှင့်တရားစီရင်ရေးတွင် ၂ ရာခိုင်နှုန်းသာရှိသဖြင့် ပြည်သူ များအကြား အစိုးရနှင့်ပတ်သက်သော ဗဟုသုတများ နည်းပါးနေကြောင်း တွေ့ရပါသည်။
ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များ၏ လုပ်ငန်းတာဝန်ကို တွေ့ဆုံမေးမြန်းခဲ့သူအားလုံး၏ ထက်ဝက်နီးပါးမသိရှိကြောင်း တွေ့ရှိရပါသည်။နိုင်ငံတော် ရှိ အမြင့်ဆုံး တရားရုံး၏အမည်ကို မေးမြန်းသူအားလုံး၏ ၅၆ ရာခိုင်နှုန်းက မသိရှိကြောင်း ပြန်လည်ဖြေကြားကြပါ သည်။ ဤတွေ့ရှိချက်အရနိုင်ငံတော် မဏ္ဍိုင်ကြီးသုံးရပ် ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များအကြောင်းကို သိရှိသူပြည်သူများမှာ အနည်း အကျဉ်းသာရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။
နိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင် နေသည့်အားလျော်စွာ နိုင်ငံသူနိုင်ငံသားများအနေဖြင့် နိုင်ငံ အရေးတွင် ပါဝင်ဆောင်ရွက်မှုနှင့်အတူ ဒီမိုကရေစီကျင့်ဝတ် နှင့်စံများကို နားလည်သဘောပေါက်မှုမှာ အလွန်အရေး ကြီးသောအချက်ဖြစ်ပါသည်။ ကိန်းဂဏန်းများအရနိုင်ငံရေး ကို အမြဲတမ်းလိုလိုဆွေးနွေးသူ ၃ ရာခိုင်နှုန်း၊ တစ်ခါတစ်ရံမှ ဆွေးနွေးသူ ၃၇ ရာခိုင်နှုန်း၊ တစ်ခါမျှ မဆွေးနွေးသူ ၄၉ ရာခိုင်နှုန်းနှင့်မသိပါဟု ပြန်လည်ဖြေကြားသူ ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရပါသည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်လိုသောသူများမှ မေးမြန်းသူအားလုံး၏ ၉၃ ရာခိုင်နှုန်းမျှရှိသဖြင့် စစ်တမ်းအရ ပြည်သူများအနေဖြင့် ဆန္ဒ မဲပေးခြင်းဖြင့် နိုင်ငံရေးအသိနှင့် စိတ်ဝင်စားမှုကိုတစ်နည်း တစ်ဖုံဖော်ပြနေသော်လည်း နိုင်ငံရေးတွင် များစွာစိတ်ဝင် စားကြောင်း ဖြေဆိုသူရှားပါးကြောင်းဖော်ပြ ထားပါသည်။
ဤနေရာတွင် ''နိုင်ငံအရေးပါဝင်ဆောင်ရွက်မှု'' ဆိုသည့် စကားအဓိပ္ပာယ်ကို အနည်းငယ်မျှ ရှင်းလင်းတင်ပြလိုပါသည်။ နိုင်ငံအရေးတွင် ပြည်သူများ ပါဝင်ဆောင် ရွက်မှုဆိုသည့် နိုင်ငံရေးပါတီတစ်ခုကိုထူထောင်၍ နိုင်ငံရေးလုပ်ဆောင်ခြင်း မျိုးကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ဒီမိုကရေစီကျင့်ဝတ်နှင့် စံများ နှင့်အညီ နိုင်ငံရေးရာများဖြစ်သည့် မဲပေးခြင်း၊ ကျင့်ဝတ် စည်းမျဉ်း၊ ဥပဒေများလေးစားလိုက်နာခြင်း၊ အခွန်များ ပေးဆောင်ခြင်း၊ နိုင်ငံ့သားကောင်းတစ်ဦးအဖြစ် နေထိုင် ကျင့်ကြံခြင်း အစရှိသည်များကို ဆိုလိုခြင်းဖြစ်ပါသည်။
အခြားနိုင်ငံများရှိ ပြည်သူများနိုင်ငံအရေးတွင် ပါဝင် ဆောင်ရွက်မှုအခြေ အနေနှင့် နှိုင်းယှဉ်လေ့လာပါက ဒီမို ကရေစီစနစ်ကို ကျင့်သုံးသော ဂျပန်နိုင်ငံတွင် ၂ဝဝ၉ ခုနှစ် ရွေးကောက်ပွဲ၌ မဲပေးမှုမှာ ၆၉ ဒသမ ၂၈ ရာခိုင်နှုန်း သာရှိကြောင်း၊ ဂျပန်ရှိThe Association for Promotion of Fair
Election ၏ မှတ်တမ်းများအရ သိရှိရပါသည်။ ထို့ပြင် Jiji Press ၏ ၂ဝ၁၅ ခုနှစ် လေ့လာတွေ့ရှိချက်အရ ဂျပန်နိုင်ငံတွင် မည်သည့်ပါတီကိုမျှ ထောက်ခံမှုမရှိသူ ရာခိုင်နှုန်းမှာ ၅၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရ သဖြင့် ဂျပန်ပြည်သူများ၏ ထက်ဝက်ကျော်မှာ နိုင်ငံရေး တွင် စိတ်ဝင်စားမှုနည်း ပါးကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံတွင် ၂ဝ၁၂ ခုနှစ်စာရင်းအရ ပြည်သူများပါဝင် မှုမှာ ၃၄ ရာခိုင်နှုန်း၊ ပြည်သူနှင့်ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်သူမှာ ၁၇ ရာခိုင်နှုန်းနှင့် ပြည်သူ့ရေးရာ လှုပ်ရှားတက်ကြွ မှုများတွင် ပါဝင်သူ ၁ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။
တစ်ဖန် ဒီမိုကရေစီဖခင်ဟု တင်စားခေါ်ဝေါ်ကြသည့် အမေရိကန်နိုင်ငံတွင် အမေရိကန်ပြည်သူများ မဲပေးမှုအခြေ အနေကိုလေ့လာရာတွင် ၂ဝ၁၂ ခုနှစ် ကိန်းဂဏန်းအရ ၃၈ ရာခိုင်နှုန်းမျှသာရှိကြောင်း တွေ့ရပါသည်။
ယင်းကဲ့သို့ မဲပေး သူဦးရေနည်းရခြင်းအကြောင်းများဖြစ်သည့် အစိုးရအပေါ် ယုံကြည်မှုမရှိခြင်း၊ ပြည်သူများအကြား ပါတီ၊ ဂိုဏ်းဂဏ ကွဲပြားခြင်း၊ နိုင်ငံရေးစိတ်ဝင်စားမှု နည်းပါးခြင်း၊ မဲပေးရန် လုပ်ဆောင်မှု အခက်အခဲရှိခြင်း၊ အဆင်မပြေခြင်းနှင့် မဲပေး ခြင်းဖြင့် ထိရောက်မှန်ကန်သော ပြောင်းလဲမှုများဖြစ်စေနိုင် မည်ဟု မယုံကြည်ခြင်းတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အဆိုပါအချက်များအနက် မဲပေးရန် လုပ်ဆောင်မှုအစီအစဉ် အခက်အခဲရှိရခြင်းမှာ အမေရိကန်ပြည်သူတစ်ဦးအနေဖြင့် မဲပေးရန် အဆင့်နှစ်ဆင့်ဖြစ်သည့် မှတ်ပုံတင်ခြင်းနှင့် မဲပေးခြင်းကို လုပ်ဆောင်ရမည်ဖြစ်ပါ သည်။ အဆိုပါအဆင့် များသည် အခြားနိုင်ငံများရှိ လုပ်ဆောင်နည်းများကဲ့သို့ ရိုးရှင်းမှုမရှိဘဲ ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့်ဖြစ် ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံ၏အဓိပ္ပာယ်နှင့် ပတ်သက်၍မေးမြန်းရာ ဖြေဆိုသူအားလုံး၏ ၃၅ ရာခိုင်နှုန်းက မသိရှိဘဲ ၃ ရာခိုင်နှုန်းကသာလျှင် ပြည်သူ့အစိုးရဟု မှန်ကန်စွာ ဖြေဆိုနိုင်သဖြင့် နိုင်ငံအတွင်း ပြည်သူများအကြား ဒီမို ကရေစီ၏ အဓိပ္ပာယ်အနှစ်သာရကို သိရှိလာစေရန် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်သေးကြောင်း တွေ့ရှိရပါသည်။ နိုင်ငံရေးအမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ဆန်းစစ်ချက်တွင် မေးမြန်းသူအားလုံး၏ ၆၆ ရာခိုင်နှုန်းက လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရသည်ဟု ဖြေဆိုသော်လည်း ၂၃ ရာခိုင်နှုန်းက ယင်းသို့မဖြစ်ကြောင်း တွေ့ရပါသည်။ ယင်းမေးခွန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ မေးမြန်းသူများဟူ၍ ခွဲခြမ်းစိစစ်ပါက ပြည်နယ်များ၌ ၅၃ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများတွင် ၇၁ ရာခိုင်နှုန်းရှိပါ သည်။ တိုင်းဒေသကြီးရှိ မေးမြန်းခံရသူများ၏အမြင်တွင် နိုင်ငံရေးကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိသည်ကို ပိုမိုသိရှိ နားလည်ကြောင်းတွေ့မြင်ရပြီး ပြည်နယ်များတွင် ထိုသို့သိမြင်သူ နည်းပါးနေသေးသဖြင့် နိုင်ငံ၏တိုးတက် ပြောင်းလဲလာမှုအခြေအနေကို သိရှိရန်လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း တွေ့ရှိရပါသည်။
မိမိကိုယ်ကို ခံယူသတ်မှတ်မှု၊ တန်ဖိုးထားမှုနှင့် ယုံကြည်မှုတို့နှင့်ပတ်သက်၍ စစ်တမ်းတွေ့ရှိမှုမှာ ဖြေကြား သူအများစု ၉၁ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင်နေထိုင် ရသည်ကို အလွန်ဂုဏ်ယူကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် နေထိုင်သူများအကြား အဆိုပါဖြေဆိုမှုမှာ အနည်း ငယ်မျှသာကွာခြားမှုရှိသည်ကို တွေ့ရပါသည်။ လူ့အဖွဲ့အစည်း နှင့်အစိုးရဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ပြောင်းလဲရေး အတွက် ပြည်သူလူထုပါဝင်ဆောင်ရွက်မှုသည် အလွန်အရေး ကြီးသည်ဟု ဖြေဆိုသူ၏ ၈ဝ ရာခိုင်နှုန်းက ယုံကြည်ကြ သော်လည်း ၁၈ ရာခိုင်နှုန်းကသာ ထိုလုပ်ငန်းများတွင် ၄င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု ဖြေဆို ကြောင်း တွေ့ရပါသည်။ လက်ရှိကိန်းဂဏန်းများအရ ပြည်သူ့အကျိုးပြုလုပ် ငန်းများတွင် ပြည်သူများပါဝင်မှုမှာ အားနည်းနေသော်လည်း နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများအရ လူ့အဖွဲ့အစည်းများကို ပြဋ္ဌာန်းဥပဒေ များနှင့်အညီ ဆောင်ရွက်ခွင့်ရှိခြင်း၊ ဥပဒေအရ မှတ်ပုံမတင် ဘဲ၊ တည်ဆဲဥပဒေများနှင့်အညီ လုပ်ဆောင်ခွင့်ရရှိနေပြီ ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များတွင် ဆတက်ထမ်းပိုးပါဝင် ဆောင်ရွက် လာနိုင်မည် ဖြစ်ပါသည်။ ယင်းကဲ့သို့ပါဝင်ဆောင်ရွက်ခွင့်များ ရှိနေပြီဖြစ်ကြောင်းကို ပြည်သူများ ထင်သာမြင်သာရှိစေရန် လည်း မီဒီယာများမှတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အစိုးရအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပေါ်တွင် ပြည်သူလူထု၏ ယုံကြည်မှုနှင့်ပတ်သက်၍ အဖွဲ့ တစ်ခုချင်းအလိုက် (ဥပမာ- သမ္မတ၊ တပ်မတော်၊ ရဲတပ်ဖွဲ့) တွေ့ရှိချက်များကို စစ်တမ်းတွင် ဖော်ပြထားပါသည်။ သမ္မတ အပေါ် ယုံကြည်မှုမှာ ၇၂ ရာခိုင်နှုန်းရှိပါသည်။ သို့သော် ဆိုင်ရာအုပ်စုအလိုက်ဖြစ်သည့် အုပ်ချုပ်ရေး၊ တရားဥပဒေ ပြုရေး၊ တရားစီရင်ရေး၊ အစရှိသဖြင့် မျိုးတူရာစု၍ ပြန်လည် သုံးသပ်တင်ပြလိုပါသည်။အုပ်ချုပ်ရေးအဖွဲ့အစည်း စုဝင်များ ဖြစ်သည့် သမ္မတရုံး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တပ်မတော်၊ ရဲတပ်ဖွဲ့တို့နှင့် ပတ်သက်၍ ယုံကြည်မှုရာခိုင်နှုန်း မှာ ၄၉ ဒသမ ၃ရာခိုင်နှုန်း၊ တရားဥပဒေပြုရေးအဖွဲ့အစည်း ဝင်၊ ပြည်ထောင်စုအဆင့် လွှတ်တော် များနှင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်လွှတ်တော်နှင့်ပတ်သက်၍ ယုံကြည်မှုမှာ၊ ၄၁ရာခိုင်နှုန်း၊ တရားရုံးများနှင့်ပတ်သက်၍ ယုံကြည်မှုမှာ ၂၈ ရာခိုင်နှုန်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရပ်ရွာအခြေ ပြု အဖွဲ့များနှင့်ပတ်သက်၍ ယုံကြည်မှုမှာ ၅၇ ရာခိုင်နှုန်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပတ်သက်၍ ယုံကြည် မှု ၄၅ ရာခိုင်နှုန်းနှင့် သတင်းမီဒီယာနှင့်ပတ်သက်၍ ယုံကြည် မှုမှာ ၃၅ရာခိုင်နှုန်းရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ လေ့လာသုံးသပ်ချက်အရ သမ္မတအပေါ်ယုံကြည်မှုမှာ အမြင့် မားဆုံးတွေ့ရှိရပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရပ်ရွာ အခြေပြုအဖွဲ့များနှင့်ပတ်သက်၍ ယုံကြည်မှုမှာ ၅၇ ရာခိုင် နှုန်းရှိသဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး မှာတတိယနေရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပတ်သက်၍ ယုံကြည်မှုရာခိုင်နှုန်းမှာ စတုတ္ထနေရာတွင် လည်းကောင်းရှိကြောင်းတွေ့ရပါသည်။ သို့ဖြစ်၍ အုပ်ချုပ် ရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှု တည် ဆောက်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ကိုဆတိုးပွား၍ လုပ်ဆောင်မည်ဆိုပါက ပိုမိုခရီးရောက်နိုင် မည်ဖြစ်ပါသည်။ တစ်ဖက်ကလည်း ပဉ္စမနေရာတွင် ယုံကြည် မှုရရှိသော တရားဥပဒေပြုရေးမှလည်း ပါဝင်အားဖြည့်ကာ ဟန်ချက်ညီညီလုပ်ဆောင်ပါက အထောက်အပံ့များပိုမိုရရှိ နိုင်မည်ဖြစ်သည်။ ယုံကြည်မှုရာခိုင်နှုန်း ၄ဝ အောက်ရောက်ရှိ နေသော သတင်းမီဒီယာနှင့်တရား စီရင်ရေးကဏ္ဍများကလည်း ယုံကြည်မှုမြင့်မားစေနိုင်မည့် လုပ်ဆောင်မှုများကို ကြိုးစား လုပ်ဆောင်ခြင်းဖြင့်အဘက်ဘက်မှ ပိုမိုကောင်းမွန်သော နိုင်ငံရေးတိုးတက်မှုလမ်းစဉ်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
မိမိနိုင်ငံအပေါ် ယုံကြည်မှုအတိုင်းအတာများ၏ အခြေအနေကိုပိုမိုသိရှိနိုင်ရန် အခြားနိုင်ငံများ၏ အခြေအနေနှင့် ချိန်ထိုးကြည့်မှသာ ပို၍မြင်သာမည်ဖြစ်ပါသည်။ ဗြိတိန် နိုင်ငံတွင်အစိုးရအပေါ် ယုံကြည်မှုမှာ ၂ဝ၁၂ ခုနှစ် theguardian .com စာရင်းအရ ၂၁ ရာခိုင်နှုန်းနှင့်ပါ လီမန်ခေါ်တရား ဥပဒေပြုရေးအပေါ် ယုံကြည်မှုမှာ ၂၃ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရပါသည်။ ၂ဝ၁၄ ခုနှစ် gallup.com စာရင်း အရ အမေရိကန်သမ္မတအပေါ် ပြည်သူများယုံကြည်မှုမှာ ၂၉ ရာခိုင်နှုန်း၊ တရားလွှတ်တော်ချုပ်ရုံးအပေါ် ယုံကြည်မှု ၃ဝ ရာခိုင်နှုန်း၊ တရားစီရင်ရေးအပေါ် ယုံကြည်မှု ၂၃ ရာခိုင်နှုန်း၊ သတင်းစာအပေါ် ယုံကြည်မှု ၂၂ ရာခိုင်နှုန်း၊ အင်တာနက် သတင်းအပေါ် ယုံကြည်မှု ၁၉ ရာခိုင်နှုန်း၊ ရုပ်မြင်သံကြား မှရရှိသောသတင်းအပေါ် ယုံကြည်မှု ၁၈ ရာခိုင်နှုန်း၊ တရား စီရင်ရေးစနစ်အပေါ် ယုံကြည်မှု ၂၃ ရာခိုင်နှုန်း၊ ကွန်ဂရက် လွှတ်တော်အပေါ် ယုံကြည်မှု ၁ဝ ရာခိုင်နှုန်းပင် မပြည့် ကြောင်း တွေ့ရှိရပါသည်။ ဒီမိုကရေစီစနစ်ကိုမကျင့်သုံးသည့် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများတွင် အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှုမှာ ရာခိုင်နှုန်း အတော်အတန်ပင်မြင့်မားကြောင်း ကမ္ဘာ့တန်ဖိုးထားမှုများ ညွှန်းကိန်းများအရ သိရှိရသဖြင့် အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှုမှာနိုင်ငံရေးစနစ်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု တစ်ထစ်ချသုံးသပ်၍မရကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ကျား-မဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ စစ်တမ်းကောက်ရာတွင်အမျိုးသားများသည် အမျိုးသမီး များထက် ပိုမိုထက်မြက်ကောင်းမွန်သော နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များဖြစ်နိုင်ကြသည်ဟု အမျိုးသားရော၊ အမျိုးသမီးပါ နှစ်ရပ်စလုံးက အခိုင်အမာယုံကြည်မှု ရာခိုင် နှုန်းမှာ ၄၂ ရာခိုင်နှုန်း(နိုင်ငံရေး)နှင့် ၄၁ ရာခိုင်နှုန်း (စီးပွား ရေး)ရှိကြောင်း တွေ့ရှိရသည်။ အစီရင်ခံစာတွင် ထိုတုံ့ပြန်မှုများသည်အမြစ်တွယ်နေပြီဖြစ်သော ရှိရင်းစွဲယဉ်ကျေးမှု နှင့်လူမှုရေးအမြင်တို့က အမျိုးသားခေါင်းဆောင်မှုကို ဦးစားပေးကြောင်း၊ ညွှန်ပြနေကြောင်း မှတ်ချက်ပြုထား သည်ကိုတွေ့ရပါသည်။ အဆိုပါတွေ့ရှိချက်ကို လက်ရှိအခြေ အနေတစ်ခုဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် အမျိုး သမီး အမတ်ဦးရေရာခိုင်နှုန်းဖြင့် ယှဉ်ထိုးတင်ပြလိုပါသည်။Women in National Parliament ၏ စာရင်းအရ မြန်မာ နိုင်ငံ၏ ပြည်သူ့လွှတ်တော်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် အမျိုးသားလွှတ်တော်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း နှင့် နိုင်ငံပေါင်း ၁၄၈ နိုင်ငံအနက် ၁၃၈ နံပါတ်တွင်ရှိသဖြင့် လွှတ်တော်တွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ နည်းပါး နေသေးသည်ဟု ယူဆ၍ရနိုင်သလို ယင်းသို့ဖြစ်ရခြင်းမှာ လည်း အစီရင်ခံစာပါ သုံးသပ်ချက်နှင့်ဆက်နွှယ်မှု ရှိနိုင်သည် ဟု ထင်နိုင်ပါသည်။
သို့သော် ၂ဝ၁၅ ခုနှစ် နိုင်ငံတချို့ရှိ လူဦးရေအချိုးဖြင့် ပြန်၍ နှိုင်းယှဉ်ကြည့်ပါက လူဦးရေ ၃၂၅ သန်းကျော်ရှိသော အမေရိကန်နိုင်ငံ၏ အောက်လွှတ်တော်တွင် အမျိုးသမီး ဦးရေမှာ ၁၉ ဒသမ ၃ ရာခိုင်နှုန်း၊ အထက်လွှတ်တော်တွင် ၂ဝ ရာခိုင်နှုန်းကိုလည်းကောင်း၊ လူဦးရေ သန်း ၁၄ဝဝ ကျော်ရှိ တရုတ်နိုင်ငံရှိ လွှတ်တော်တွင် အမျိုးသမီးဦးရေ ၂၃ ဒသမ ၄ ရာခိုင်နှုန်းကိုလည်းကောင်း၊ လူဦးရေ သန်း ၁၂ဝဝ ကျော်ရှိ သည့် အိန္ဒိယနိုင်ငံတွင် အမျိုးသမီး အမတ်ဦးရေမှာ အောက် လွှတ်တော်တွင်၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ အထက်လွှတ်တော် တွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်းကိုလည်းကောင်း၊ လူဦးရေ ၁၂၆ သန်းကျော်ရှိ ဂျပန်နိုင်ငံတွင် အောက်လွှတ်တော်၌ ၈ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက် လွှတ်တော်၌ ၁၆ ဒသမ ၁ ရာခိုင် နှုန်းကို လည်းကောင်း၊ လူဦးရေ ၆၇ သန်းကျော်ရှိ ထိုင်းနိုင်ငံရှိ လွှတ်တော်တွင် အမျိုးသမီးဦးရေ ၆ ဒသမ ၁ ရာခိုင်နှုန်းကို လည်းကောင်း၊ လူဦးရေ သန်း ၂၅ဝ ကျော်ရှိ အင်ဒိုနီးရှားနိုင်ငံရှိ လွှတ်တော်တွင် အမျိုးသမီးဦးရေ ၁၆ ဒသမ ၉ ရာခိုင်နှုန်း ကိုလည်းကောင်း လေ့လာတွေ့ရှိရပါသည်။ သို့ဖြစ်၍ (ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းစ မြန်မာနိုင်ငံ၏နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာမှုရာခိုင်နှုန်းမှာ ဒီမိုကရေစီရင့်ကျက် နေပြီဖြစ်သည့် အထက်ဖော်ပြပါနိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံမဟုတ်မှတစ်ပါး)၏ လူဦးရေနှင့် မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းကျော်နှင့် အချိုးချလေ့လာကြည့်ပါက ရာခိုင်နှုန်းအားဖြင့် နည်းသည်ဟု မဆိုနိုင်ကြောင်းနှင့် ယခုအစတွင် ဤမျှသော ရာခိုင်နှုန်းသာ ပါဝင်နိုင်သေး သော်လည်း ဒီမိုကရေစီ ရင့်ကျက်လာသည်နှင့်အမျှ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်မှုရာခိုင်နှုန်းမှာ ပို၍ပင်များနိုင်သည့် အလားအလာများ တွေ့ရှိရပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စစ်တမ်း ကောက်ချက်အရ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ နိုင်ငံရေးအမြင်ကွဲပြား မှုကြောင့် ၃ဝ ရာခိုင်နှုန်း၊ လူမျိုးရေးတင်းမာမှု ၂၇ ရာခိုင် နှုန်း၊ ဘာသာရေးတင်းမာမှု ၂၁ ရာခိုင်နှုန်း၊ တိုင်းရင်းသား လူနည်းစုများ၏ ခွဲထွက်ရေးဝါဒ ၈ ရာခိုင်နှုန်း၊ မသိပါ ၁၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။ ''ဖက်ဒရယ်စနစ်''ဟူသော ဝေါဟာရကိုကြားဖူးသူမှာ ဖြေဆိုသူအားလုံး၏ ၁၄ ရာခိုင်နှုန်းသာရှိပြီး ထိုသို့ကြားဖူးသည်ဟု ဖြေသူ၏ ၄၅ ရာခိုင်နှုန်းက ၎င်းဝေါဟာရ၏အဓိပ္ပာယ်ကိုမသိသဖြင့် နိုင်ငံသားများအကြား မှန်ကန်သောနိုင်ငံရေးအသိအမြင် ဗဟုသုတများပြန့်ပွားပေးရန်လို အပ်ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံဦးတည်နေသော လမ်းကြောင်းသည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသည်ဟု ရှုမြင်သုံးသပ် သူမှာ ၆၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။ သတင်း အချက်အလက်များရရှိရာ အရင်းအမြစ်များနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရရှိမှု အခြေအနေအရ ရုပ်မြင်သံကြားမှ ၃၇ ရာခိုင်နှုန်း၊ မိတ်ဆွေများ၊ မိသားစုများနှင့် အိမ်နီးချင်း များမှ ၃၅ ရာခိုင်နှုန်း၊ ရေဒီယိုမှ ၃၅ ရာခိုင်နှုန်း၊ သတင်းစာ များမှ ၁၃ ရာခိုင်နှုန်း၊ ဂျာနယ်များမှ ၁၁ ရာခိုင်နှုန်း၊ ကျေးရွာခေါင်းဆောင် (သူကြီး၊အုပ်ချုပ်ရေးမှူး)များထံမှ ၃ ရာခိုင်နှုန်း၊ အင်တာနက် (ကွန်ပျုတာ)မှ ၃ ရာခိုင်နှုန်းနှင့် မသိပါဟု ဖြေဆိုသူ ၁၄ ရာခိုင်နှုန်းရှိပါသည်။ စစ်တမ်းများ အရ မြန်မာပြည်သူများအနေဖြင့် သတင်းအချက်အလက် အများဆုံးရရှိသော မီဒီယာမှာ ရုပ်မြင်သံကြားဖြစ်ပြီး ဒုတိယအနေဖြင့် မိတ်ဆွေများ၊ မိသားစုများနှင့် အိမ်နီး ချင်းများနှင့် ရေဒီယိုမှဖြစ်ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုကို တစ်နိုင်ငံလုံးဖြန့်ကြက်နိုင်ရန် Analogue စနစ်မှ Digital စနစ်သို့ ပြောင်းလဲလျက်ရှိပြီး ရေဒီယိုအသံလွှင့် လုပ်ငန်းအတွက် FM များကို တိုးချဲ့တပ်ဆင်လျက်ရှိပါ သည်။ ထို့အပြင် ဝင်ငွေနည်းမိသားစုများနှင့်အများ ပြည်သူနှင့်သက်ဆိုင်သော နေရာဌာနများတွင် Digital စနစ်ဖြင့် ထုတ်လွှင့်သော ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် DVB -T2 Set Top Box များကို အခမဲ့ ပေးလျက်ရှိရာ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း လုံးရေသုံးသိန်း ကျော် ဖြန့်ဝေပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် Asia Foundation ၏ စစ်တမ်းကောက်နုတ်ချက် အစီရင်ခံစာနှင့် အခြားနိုင်ငံ များရှိ အခြေအနေများကို နှိုင်းယှဉ်သုံးသပ်ပါကလက်ရှိ နိုင်ငံရေးလမ်းကြောင်းနှင့် ပတ်သက်၍ ပြည်သူများက အကောင်းမြင်မှုရှိသလို နိုင်ငံတော်သမ္မတအပေါ် ယုံကြည် မှုမှာလည်း မြင့်မားလျက်ရှိကြောင်းသုံးသပ်ရပါသည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ထင်ရှား စွာတွေ့ရရှိရသော အချက်တစ်ချက်မှာ မဲပေးရန်စိတ်ဝင် စားတက်ကြွမှုရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးအသိအမြင် ဗဟုသုတနှင့်ပတ်သက်၍ သိမြင် နားလည်မှုနည်းပါးနေသေးသဖြင့် ဒီမိုကရေစီကျင့်စဉ် များနှင့် အလေ့အထကောင်းများပေါ်ပေါက်ရန်အတွက် ဒီမိုကရေစီဆိုင်ရာ နိုင်ငံရေးအတွေးအခေါ် ဗဟုသုတများ ကို ပြည်သူများအကြား သိရှိနိုင်ရန် လိုအပ်နေသေး သဖြင့် မီဒီယာအပါအဝင် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းလုပ်ဆောင်ရမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံ တော်နှင့်ပြည်သူတစ်သားတည်း မှန်ကန်ကောင်းမွန်သော ဒီမိုကရေစီတည်ဆောက်ရေးလမ်းစဉ်တွင် ဟန်ချက်ညီညီ တက်လှမ်းချီကာ အစဉ်ညီညွတ်သော ပြည်ထောင်စုကြီး ကို ထာဝရတည်ဆောက်နိုင်မည် ဖြစ်ပေတော့သည်။
No comments:
Post a Comment