Wednesday, January 28, 2015

ကမ္ဘာ့ရေကြောင်း တက္ကသိုလ် ကျောင်းသားဟောင်းများ ညီလာခံ ကျင်းပ


ရန်ကုန် ဇန်နဝါရီ ၂၇
ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကမ္ဘာ့ရေကြောင်း တက္ကသိုလ်တို့ ပူးပေါင်း၍ ပထမဦးဆုံး အကြိမ် ကျင်းပသည့်  ကမ္ဘာ့ရေကြောင်း တက္ကသိုလ် ကျောင်းသားဟောင်းများ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲတွင် ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အမှာစကား ပြောကြားသည်။


ထို့နောက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အကြီးတန်း ညွှန်ကြားရေးမှူး Ms. Pamela Tansey၊  ကမ္ဘာ့ရေကြောင်း တက္ကသိုလ်မှ Acting President Mr. Nell Bellefontaine နှင့် The Nippon Foundation မှ  Executive Director Mr. Mitsuyuki Unno တို့က ရှင်းလင်း ပြောကြားကြပြီး  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ညီလာခံသည် အာရှနှင့် သမုဒ္ဒရာနှင့် ဆိုင်သော နယ်ပယ် အတွင်းရှိ နိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရူးနိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မောလ်ဒိုက်၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ကမ္ဘာ့ ရေကြောင်းတက္ကသိုလ်ကျောင်းဆင်းများအား ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်ထိ ကမ္ဘာ့ရေကြောင်း တက္ကသိုလ် ကျောင်းဆင်း (၅၀)နီးပါး ခန့်ရှိနေပြီး ရေကြောင်းဘက် ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး နယ်ပယ်များတွင် တာဝန် ထမ်းဆောင်နေပြီး အများစုမှာ ပို့ဆောင်ရေး ဝန်ကြီးဌာန အောက်တွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြသည်။

အဆိုပါ ညီလာခံတွင် ရေကြောင်း လုပ်ငန်း တိုးတက် ဖြစ်ထွန်းမှု အတွက် အပြောင်းအလဲ ဖြစ်စေရန် အထောက်အကူ ဖြစ်သော ရေကြောင်းဘက် ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး (MET) အကြောင်းအရာကို ဦးတည်၍ အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် (IMO)၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ The Nippon Foundation မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ရေကြောင်း တက္ကသိုလ် (WMU)၏ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်း တက္ကသိုလ်များ အဖွဲ့ချုပ် (IAMU)မှ ကိုယ်စားလှယ်များ၊ နိုင်ငံအသီးသီးရှိ ရေကြောင်းဘက် ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် ကမ္ဘာ့ရေကြောင်း တက္ကသိုလ် ကျောင်းဆင်းများက ရေကြောင်းဘက် ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးတွင် အရည်အသွေး တိုးတက် ကောင်းမွန်စေခြင်း အတွက် အားနည်းချက်၊ လိုအပ်ချက်များအား စီမံခန့်ခွဲခြင်း အကြောင်း၊  ရေကြောင်း ဘက်ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး အတွက်  အရေးပါသော အခွင့်အလမ်းသစ်များ အကြောင်းတို့ကို ယနေ့မှ ဇန်နဝါရီ (၂၈)ရက် အထိ ကဏ္ဍအလိုက် ဟောပြောဆွေးနွေးပွဲ  သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment