ရန်ကုန်
ဇန်နဝါရီ ၂၇
ကမ္ဘာ့ရေကြောင်း တက္ကသိုလ် (World Maritime University)နှင့် ရေကြောင်း ပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာနတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို
ယနေ့ နံနက် (၇)နာရီခွဲတွင် ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊
ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ ရေကြောင်း တက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊
အပြည်ပြည်ဆိုင်ရာ ရေကြောင်း တက္ကသိုလ်များ အဖွဲ့ချုပ် (IAMU)မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦးနှင့် ကမ္ဘာ့ရေကြောင်း တက္ကသိုလ်မှ Acting President Mr. Nell Bellefontaine တို့က နားလည်မှု
စာချွန်လွှာကို လက်မှတ် ရေးထိုးကြသည်။
နားလည်မှု စာချွန်လွှာ ရေထိုးခြင်း၏ ရည်ရွယ်ချက်မှာ
ကမ္ဘာ့ရေကြောင်း တက္ကသိုလ်နှင့် မြန်မာရေကြောင်း ညွှန်ကြားမှု ဦးစီးဌာနတို့ အကြား သင်္ဘော
လုပ်ငန်းနှင့် သက်ဆိုင်သော ကဏ္ဍများတွင် အတွေ့အကြုံနှင့် ပညာရပ်များ အပြန်အလှန် ဖလှယ်မည့်
ကွန်ယက်စနစ် တစ်ခု တည်ထောင်ပြီး အားဖြည့် ဆောင်ရွက်သွားရန် ဖြစ်သည်။ အဓိကအနေဖြင့် မြန်မာ
ကျောင်းသားများနှင့် မြန်မာ့ ရေကြောင်းဘက်ဆိုင်ရာ အတတ်ပညာသင် ကျောင်းများ အတွက် ကမ္ဘာ့ရေကြောင်း
တက္ကသိုလ်၏ သင်ကြားပေးမည့် အစီအစဉ်တစ်ခု တည်ထောင်ခြင်းဖြင့် ကမ္ဘာ့ရေကြောင်း ကဏ္ဍတွင် မြန်မာ၏
ပါဝင်မှုကို တိုးမြှင့်သွားရန် ဖြစ်သည်။
နားလည်မှု စာချွန်လွှာ၏ သက်တမ်း (၅)နှစ်တာ ကာလအတွင်း
မြန်မာပညာသင်နှင့် ကျောင်းသားများအား ရေကြောင်းဘက်ဆိုင်ရာ ပညာရပ်များ၊ ဘေးအန္တရာယ် ကင်းရေး၊
လုံခြုံရေး၊ ရေယာဉ်များ မောင်းနှင် ခုတ်မောင်းခြင်း ဆိုင်ရာ နည်းပညာများနှင့် ရေကြောင်း
လုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများအား စီမံခန့်ခွဲခြင်း ပညာရပ်များကို
သင်ကြားသွားမည် ဖြစ်သည်။
စာချွန်လွှာပါ သဘော တူညီချက်များမှာ ကမ္ဘာ့ရေကြောင်း
တက္ကသိုလ်မှ ဖွင့်လှစ် သင်ကြားလျက် ရှိသည့် ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းများတွင်
ပညာသင်ကြားခွင့်များ၊ ရေကြောင်းဘက် ဆိုင်ရာ ကျွမ်းကျင်သူ အဆင့်အတန်းများ၊ အီထက်ထရောနစ်
စနစ်ဖြင့် သင်ကြားမည့် အဝေးသင် ပညာရေးတို့ ပါဝင်ကြောင်း သိရှိရသည်။

No comments:
Post a Comment