Friday, June 27, 2014

ရွှေဈေးမြင့်လာသော်လည်း ဝယ်လိုအားမြင့်မားလျက်ရှိ



ရန်ကုန်  ဇွန်   ၂၆
ယခုရက်ပိုင်းအတွင်း ပြည်တွင်း ရွှေဈေးကွက်တွင် ယခင်ကထက် ဈေးနှုန်းများ အနည်းငယ်မြင့်လာသလို ဝယ်လိုအားမြင့်မားနေလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။
လွန်ခဲ့သောအပတ်က ကမ္ဘာ့ ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၂၈၀ ဒေါ်လာရှိရာမှ ယခုတစ်ပတ် တွင် ၁၃၁၃ ဒေါ်လာအထိ ရောက်ရှိ လာခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်မားလာ သလို မြန်မာ့ရွှေဈေးလည်း လိုက်ပါ မြင့်တက် လာခြင်းဖြစ်သည်။ မြန်မာ့ရွှေဈေး လိုက်ပါမြင့်တက်သည်ဟု ဆိုသော်လည်း ကမ္ဘာ့ရွှေဈေးနှင့်ယှဉ်ပါ က ငွေကျပ်တစ်သောင်း ခန့် မြန်မာ့ ရွှေဈေးမှာ လျော့နည်းကွာဟနေကြောင်း ၎င်းကဆိုသည်။

“ဝယ်လိုအားကလည်း မြင့်တက် နေတယ်၊ ကာလတိုခန့်မှန်းရရင်တော့ မြန်မာ့ရွှေဈေးမှာ အခုထက် အနည်း ငယ်မြင့်တက်သွားဖို့ရှိတယ်”  ဟု ၎င်း က ရှင်းပြသည်။ ဇွန် ၂ ရက်တွင် မြန်မာ့ရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၆၄၇၈၀၀ ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ လျှင် ၁၂၄၆ ဒေါ်လာရှိခဲ့ပြီး ဇွန် ၁၄ ရက်တွင် မြန်မာ့ရွှေဈေး ကျပ် ၆၅၇၅၀၀သို့ မြင့်တက်လာသလို ကမ္ဘာ့ရွှေ ဈေးမှာ ၁၂၇၆ ဒေါ်လာသို့ မြင့်တက်လာခဲ့သည်။
ထိုမှတစ်ဆင့် ဇွန် ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၃၁၃ ဒေါ်လာသို့ ရောက်ရှိကာ မြန်မာ့ရွှေဈေးမှာ ကျပ် ၆၇၄၁၀၀ သို့ ရောက်ရှိခဲ့ပြီး ဇွန် ၂၆ ရက်တွင် ကျပ် ၆၇၅၅၀၀ သို့ မြင့်တက်လာခဲ့သည်။ ထိုသို့ မြင့်တက် လာသော်လည်း ရွှေထည်လက်ဝတ်ရတနာဈေးကွက်တွင် ပြန်ရောင်းချသူများရှိနေပြီး ပုံမှန်လောက်သာ အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဆိုင်ပိုင်ရှင် ဦးမိုးအောင်ကဆိုသည်။ ဆက်လက်ပြီး ၎င်းက “ မိုးတွင်းမှာတော့ ရွှေဈေးကွက် အေးတတ်တယ်၊ အခုတော့ လာရောင်းတဲ့သူတွေဆီကနေ ပြန်ဝယ်နေရတယ်” ဟု ရှင်းပြသည်။
ပြည်တွင်း ရွှေထည်လက်ဝတ် ရတနာဈေးကွက်တွင် မိုးတွင်းကာလ၌ အရောင်းအဝယ် အေးသော်လည်း လာမည့်လတွင် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ရာသီကာလဖြစ်ခြင်း ကြောင့် ဥပုသ်ထွက်သည့်အခါ ရွှေ ဝယ်လိုအား ပိုလေ့ရှိသည့်အတွက် ယင်းကာလများတွင် အရောင်းအဝယ်ပြန်ကောင်းလာမည်ဟု မျှော်မှန်းထား ကြသည်။
ပြည်တွင်းရွှေဈေးကွက်တွင်လည်း ရွှေဈေးနှုန်းများသည် လက်ရှိ ပေါက်ဈေးအခြေအနေမှ လာမည့်ကာလတို အတွင်း ၆၇၆၅၀၀ ကျပ်အထိ မြင့်တက်နိုင်ခြေရှိကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း က ခန့်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment